Wednesday, July 22, 2015

ရေလွှမ်းမိုးနစ်မြုပ်ခြင်းကြောင့် အခက်ကြုံတွေ့လျက်ရှိ =================================

ရေလွှမ်းမိုးနစ်မြုပ်ခြင်းကြောင့် အခက်ကြုံတွေ့လျက်ရှိ ================================= မိုးကောင်း ဇူလိုင် ၂၁ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ယခု ရက်ပိုင်းအတွင်း မိုးများသည်းထန်စွာရွာသွန်းခဲ့သော ကြောင့် ဇူလိုင် ၁၇ ရက်မှ ဇူလိုင်၂ဝ ရက်အထိ နန့်ရင်း ချောင်း၊ နန့်ကောင်းချောင်း၊ နမ္မတီးချောင်းတို့သည် ရေကြီး ရေလျှံခြင်းများဖြစ်ပေါ်ကာ မိုးကောင်းမြို့နှင့်နမ္မတီးတို့ တွင်ရှိသော လူနေအိမ်များမှာ ရေလွှမ်းမိုးခြင်းခံနေရကြောင်း သိရသည်။ အဆိုပါကချင်ပြည်နယ် မိုးကောင်းမြို့တွင်ရှိသော မဟောင်ရပ်ကွက်နတ်ကြီးကုန်းရပ်ကွက်၊ ဇီးကုန်းရပ်ကွက်၊ နန့်ရင်းရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ ကြာအင်း(၁)ရပ်ကွက်၊ ကြာအင်း(၂)ရပ်ကွက်များသည် နန့်ကောင်းချောင်းနှင့် နန့်ရင်းချောင်း ရေကြီး ရေလျှံခြင်းများဖြစ်ပေါ်ကာ ရေလွှမ်းနစ်မြုပ်နေသော ရပ်ကွက်များဖြစ်သည်။ ''မိုးရွာနေတာက ဇူလိုင်လထဲမှာ မပြတ်ဘူး၊ နေ့စဉ် လိုဖြစ်နေပါတယ်၊ ဒါကြောင့် နန့်ကောင်းချောင်းနဲ့နန့်ရင်း ချောင်းနှစ်ချောင်းဆုံမိတဲ့ရေက မြို့ထဲကို တက်လာတာပါ၊ ရေဘေးဒုက္ခကယ်ဆယ်ရေးတွေကတော့လာကြပါတယ်။ တချို့ကလည်း စက်လှေရှိတဲ့လူတွေကတော့ လူတစ်ယောက် ကို အိမ်ကနေမြို့ထဲသွားချင်ရင် ငွေကျပ်ငါးထောင်နဲ့ပို့ပေး နေတာတွေလည်းရှိတယ်။ ရေနစ်မြုပ်တာကတော့ အထက(၁)၊ အထက(၂)၊ အထက(၃) စာသင်ကျောင်းများနဲ့ မူလတန်းကျောင်းအားလုံးပါ''ဟု မဟောင်ရပ်ကွက်နေ ထိုင်သူ မလဲ့လဲ့ဝင်းက ပြောသည်။ အလားတူ မိုးကောင်းမြို့နယ်နမ္မတီးကျေးရွာရှိ သစ္စာ ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ အရှေ့ရပ်ကွက်၊ ရွှေဝါရပ်ကွက်ရှိ လူနေအိမ်များသည် ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂ဝ ရက် အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်း၊ နန့်ရင်းချောင်း၊ နမ္မတီးချောင်းများရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ကာ လူနေအိမ်များရေလွှမ်းခြင်းခံခဲ့ရကြောင်း သိရသည်။ ကချင်ပြည်နယ်မိုးကောင်းမြို့နှင့် နမ္မတီးကျေးရွာများ ရှိလူနေအိမ်များမှာ ယခုအချိန်အထိရေလွှမ်းမိုးခြင်းခံနေရကြောင်း သိရသည်။ သန်းမောင်လေး(ကချင်မြေ)

No comments: