Showing posts with label ပါတီ. Show all posts
Showing posts with label ပါတီ. Show all posts

Sunday, September 25, 2016

တစညပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင် မဝင် မဆုံးဖြတ်ရသေးဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄

 

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီ အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မပြိုင်ကို ဆုံးဖြတ်ထားရခြင်း မရှိသေးကြောင်း တစည ပါတီဗဟိုကော်မတီဝင် ဦးအောင်သိန်းက ပါတီ၏ တည်ထောင်ခြင်း ၂၈ နှစ်မြောက် အခမ်းအနားတွင် ပြောကြားသည်။

 

လက်ရှိအခြေအနေအရ ပါတီတွင်း အောက်ခြေအဖွဲ့အစည်းများ ခိုင်မာရေးကို လုပ်ဆောင်နေပြီး ကြားဖြတ်ရွေးကောက်ပွဲထက် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အခြေအနေ ကောင်းမွန်ရေးကို ပိုမိုအာရုံစိုက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

“ရွေးကောက်ပွဲ ရှိရင်တော့ နိုင်ငံရေးပါတီဆိုတာ ဝင်တာတော့ ဝင်ရမှာပဲ။ တစ်ခုရှိတာက အရင်က ပြန့်သွားတာ ရှိတယ်ပေါ့။ အဲ့လောက်အား မရှိဘူး။ ပိုက်ဆံမရှိဘူး အင်အားမရှိဘဲနဲ့ အားလုံး ခြုံလိုက်တဲ့အခါ မှားသွားတာပေါ့ အခုပွဲကတော့ ဝိသေသကျကျ သတ်မှတ်ပြီးတော့ ပစ်မှတ်ထားပြီးတော့ လုပ်သွားမယ်လို့တော့ စဉ်းစားထားတာပေါ့” ဟု၎င်းက ဆိုသည်။

 

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ (၂၈)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမှာရှိ ပါတီဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒီမိုကရက်တစ်ပါတီ မြန်မာမှ ဦးသုဝေ အပါအဝင် အခြားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

 

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အများဆုံး အနိုင်ရသော ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၇၄၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကချင်ပြည်နယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးတည်းသာ အနိုင်ရရှိခဲ့သည်။

 

NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ကြံ့ခိုင်ရေးပါတီမှ အပြတ်သတ် အနိုင်ရခဲ့သော ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစည ကိုယ်စားလှယ် ၉၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၆၁ နေရာ အနိုင်ရခဲ့သည်။