Wednesday, November 1, 2017

ကျပ်သိန်း ၅၀၀ ကျော် အကုန်ကျခံ၍ ဆောက်လုပ်ထားသော အထက်တန်းကျောင်း သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိ


==============================
၁..၁၁..၁၇
-

ကျပ်သိန်း ၅၀၀ ကျော် အကုန်ကျခံ၍ ဆောက်လုပ်ထားသော ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာ အခြေခံပညာ အထက်တန်း
ကျောင်းသည် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိကြောင်း ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောကြားသည်။
-
လင်းပြည့်ကမ္ဘာ ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ထိုသို့ ဆောက်လုပ်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်း အရည်အသွေး ညံ့ဖျင်းသော သစ်များကို အသုံးပြုခြင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းအဆောက်အအုံများ ဆောက်လုပ်ရာတွင် လိုက်နာ
ဆောင်ရွက်ရမည့် သတ်မှတ်စံချိန်စံညွှန်း ၃၄ ချက်နှင့်လည်း ကိုက်ညီမှု မရှိသဖြင့် ရေရှည်တွင် ကျောင်းသူကျောင်းသားများအတွက် စိုးရိမ်ရ
ကြောင်း ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောကြားသည်။
-
“သစ်သားတွေ သုံးတာကအစ အရည်အသွေးနဲ့ မကိုက်ဘူး။ နောက်ပြီး နံရံတွေမှာလည်း အက်ကွဲရာတွေ ပေါ်လာတယ်။ လောလောဆယ်
တော့ အသုံးပြုလို့ ရပေမယ့် ကြံ့ခိုင်မှု အားနည်းတော့ အဲဒီမှာ စာသင်ကြားရမယ့် ကလေးတွေအတွက် ရေရှည်မှာ စိုးရိမ်ရတယ်” ဟု ဦးကျော်ဌေးလွင်က ဆိုသည်။
-
နမ့်တောစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ပေ (120x30x13) ဆောက်လုပ်ရန် ၂၀၁၆- ၁၇ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ကျပ်သိန်းပေါင်း ၄၆၈ သိန်း ချပေးခဲ့သည်။ နမ့်တောဒေသသည် နှစ်စဉ် မိုးရာသီတွင် ရေနစ်မြုပ်သော ဒေသဖြစ်သဖြင့် သက်ဆိုင်ရာမှ ချမှတ်သော Foundation Depth ၃ ပေသည် ဒေသနှင့် ကိုက်ညီမှု မရှိသဖြင့် ဒေသနှင့် ကိုက်ညီသော Foundation Depth ၅ ပေသို့ တိုးမြှင့် တည်ဆောက်ရန် ဆုံးဖြတ်
ခဲ့ကြပြီး တိုးမြှင့်တည်ဆောက်ရန် လိုအပ်ငွေ ကျပ်သိန်း ၅၀ ကို ဒေသခံ ပြည်သူများက စိုက်ထုတ်ပေးခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း ၅၁၈ သိန်း အကုန်ကျခံ၍ တည်ဆောက်စေခဲ့ခြင်းဖြစ်သည်။
-
ထိုသို့ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိသဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကိုးလက်မ
အုတ်ရိုးအား ၁၄ လက်မ အုတ်ရိုးအဖြစ် ပြုပြင်တည်ဆောက်ရန် အက်ကွဲနေသော ကျောက်ထုပ်အား ခိုင်ခန့်မှု ရှိစေရန် ကျောက်ထုပ်
ထပ်ပိုး ပြုလုပ်ရန် ထပ်မံမှာကြားခဲ့သော်လည်း အချို့ အချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
-
ယခုအခါ အခန်းလိုအပ်ချက်အရ ထိုကျောင်းဆောင်အား အသုံးပြုသင်ကြားနေပြီး ကလေးများအတွက် စိုးရိမ်နေရကြောင်း နမ့်တောအခြေခံပညာ အထက်တန်းကျောင်း ကျောင်းအကျိုး
တော်ဆောင်မှ ဦးခင်မောင်ပြေ့၏ ပြောကြားချက်အရ သိရသည်။
-
လင်းပြည့်ကမ္ဘာ ကုမ္ပဏီအား (၃၀.၁၀.၂၀၁၇) နေ့ နောက်ဆုံးထား၍ ကျောင်းဆောင်အတွက် လိုအပ်ချက်များကို ပြန်လည်ပြုပြင်ပေးရန် ခေါ်ယူ သတိပေးထားကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် Black List အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်” ဟု သိရသည်။
=========
Eleven Media

No comments: