Showing posts with label နာဂ. Show all posts
Showing posts with label နာဂ. Show all posts

Saturday, October 8, 2016

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နာဂဒေသသို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ကွင်းဆင်း သုတေသန ပြုမည်

08-Oct-2016  tagged as နာဂ 

(ပုံစာ - နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီးတို့ တိုင်းဒေသကြီး ဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြစဉ်။)

နာဂ ၊ အောက်တိုဘာ ၈

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဖြစ်ပွားလျက်ရှိသော ရောဂါများ ကုသနိုင်ရန်နှင့် အကူအညီ ပေးနိုင်ရန်အတွက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ကွင်းဆင်း သုတေသန ပြုလုပ်ရန် ညှိနှိုင်းခဲ့ပြီး ဖြစ်သည်ဟု စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

နာဂဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံး၌ အောက်တိုဘာ ၅ ရက်က နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးဇော်ဝင်း၊ နာဂဦးစီးအဖွဲ့မှ အဖွဲ့ဝင်များ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြပြီးနောက် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့သည် အောက်တိုဘာ ၁၇ ရက်တွင် နာဂဒေသအတွင်း ကွင်းဆင်း သုတေသန ပြုလုပ်မည်ဖြစ်ပြီး ရရှိလာသည့် သုတေသန စစ်တမ်းပေါ် မူတည်၍ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ ပေးသွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

“အာဟာရ ချို့တဲ့တာလား။ ကူးစက်ရောဂါလား။ လူနေမှု အဆင့်အတန်းလား စသဖြင့် အကုန်အစုံကို လေ့လာပြီး ရရှိလာတဲ့အချက်ပေါ် မူတည်ပြီး အကူအညီ ပေးသွားမှာပါ။ လေ့လာမှုကိုတော့ နာဂဒေသက နေရာအစုံမှာ ပြုလုပ်သွားမှာပါ”ဟု ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

နာဂဒေသ၌ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်း လူ အမြောက်အများ သေဆုံးခဲ့ရခြင်းမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် အဓိက ဖြစ်ပြီး လမ်းများ မကောင်းသဖြင့် အချိန်ကြာမြင့်စွာ သွားရခြင်း၊ တယ်လီဖုန်း ဆက်သွယ်မှု မရသဖြင့် အချိန်ကို နောက်ကျပြီးမှ သိရသည့်အတွက် ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အပေါ် နမူနာယူကာ လမ်းပန်း ဆက်သွယ်ရေး အပါအဝင် နာဂဒေသ ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ယခုလအတွင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ တင်ပြကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တင်ပြမည့် အစီအစဉ်တွင် ရေတိုရေရှည် စီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။