Showing posts with label စမတ်ဖုန်း. Show all posts
Showing posts with label စမတ်ဖုန်း. Show all posts

Saturday, October 8, 2016

Galaxy Note 7 ရောင်းချမှု လုံးဝဆက်မလုပ်ဖို့ AT&T ကုမ္ပဏီစဉ်းစားနေ

ဆမ်ဆောင်းကုမ္ပဏီအနေနဲ့ Galaxy Note 7 ရောင်းချမှု တရားဝင် မရပ်တန့်ဘူးဆိုရင် အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီကြီး AT&Tက အဲဒီဟမ်းဆက်ရောင်းချမှု သူတို့အနေနဲ့ဆက် မလုပ်တော့ဖို့ စဉ်စားနေပါတယ်။ AT&T ကုမ္ပဏီက ဒီအချက်ကို မကြာခင်မှာ ဆုံးဖြတ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

AT&T ကုမ္ပဏီအနေနဲ့ ဒီဆုံးဖြတ်ချက်အတည်ဖြစ်ခဲ့ပြီဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာ ၅ရက်နေ့က Southwest လေကြောင်း လိုင်းရဲ့လေယာဉ်တစ်စင်းပေါ်မှာ မီးထတောက်ခဲ့တဲ့ Note 7 အပါအ၀င် အစားထိုးပေးတဲ့ ဖုန်းအားလုံးကို ဖြန့်ချိရောင်းချမှုရပ် တန့်မှာ ဖြစ်ပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီကြီးအနေနဲ့ ချို့ယွင်းချက်ရှိတဲ့ Note 7s ကို အစားထိုးလဲလှယ်ပေးတဲ့အစီအစဉ်ကိုလည်း ရပ်တန့်မှာဖြစ်ပါတယ်။

ရှင်းလင်းတဲ့အချက်က Southwest လေကြောင်းလိုင်းရဲ့လေယာဉ်တစ်စင်းပေါ်မှာ Note 7ကနေ မီးထတောက်ခဲ့တဲ့ အဖြစ်အပျက်က ဆမ်ဆောင်းရဲ့စီးပွားဖက် AT&T ကို စိတ်ပူစေခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ အရင်ဆုံး ဖုန်းတွေ ပြန်လည်သိမ်းဆည်းရတဲ့ ဖြစ်စဉ်ကို AT&T က ကိုင်တွယ်ဖြေရှင်းခဲ့ရပါတယ်။ အခု ကုမ္ပဏီကြီးဖြစ်တဲ့ AT&T ရဲ့ဆုံးဖြတ်ချက်က ဒိုမီနိုသီအိုရီအတိုင်းဖြစ် သွားနိုင်ပြီး အခြားဆက်သွယ်ရေးကုမ္ပဏီတွေကလည်း ဆက်လက်ရောင်းချမှုမပြုတာတွေ ဖြစ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့အောက်တိုဘာ ၅ ရက်နေ့က လေယာဉ်ပေါ်မှာ ဖုန်းကနေ မီးထတောက်ခဲ့တဲ့ဖြစ်စဉ်ကိုတော့ သက်ဆိုင်ရာအာဏာပိုင် တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ဆမ်ဆောင်းကုမ္ပဏီက အစားထိုးပေးခဲ့တဲ့ Note 7s တွေမှာတော့ ပြဿနာရှိနေတယ် လို့ ကုမ္ပဏီကရော ဖက်ဒရယ်စုံစမ်းရေးကပါ တရားဝင်ဖော်ပြထားချက် မရှိသေးပါဘူး။

Thursday, October 6, 2016

လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တဲ့ ပထမဆုံး Google မူပိုင်စမတ်ဖုန်းများ


၂၀၀၈ ခုနှစ်တုန်းက Goo−gle ဟာ G1 မိုဘိုင်းဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ Android OS ကို အသုံးပြုထားတဲ့ ဖုန်းတစ်လုံးဟာ နည်းပညာသမိုင်းမှာ အထင်ကရမှတ်တိုင်တစ်ခု ဖြစ်ခဲ့မယ်လို့ ဘယ်သူမှ မတွေးမိခဲ့ပါဘူး။ G1 ကို လူသိပ်မသိပေမယ့် ဒီဖုန်းနဲ့ တွဲဖက်ပြီး အစပြုခဲ့တဲ့ Android OS ကတော့ လက်ရှိ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး မိုဘိုင်း OS အဖြစ် ရပ်တည်နေပါပြီ။

အခုတော့ Google ဟာ Pixelမျိုးနွယ် ဖုန်းနှစ်လုံးကို ကုမ္ပဏီရဲ့ပထမဆုံး မူပိုင်ဖုန်းတွေအဖြစ်ထုတ်လုပ်လိုက်ပြန်ပါပြီ။ ဒီဖုန်းတွေကကော Google ရဲ့ သမိုင်းသစ် ဖြစ်လာမှာလား။ ဒါဟာ စိတ်ဝင်စားစရာ မေးခွန်းပါပဲ။

Google ဟာ Android OS ကိုစမတ်ဖုန်း ကုမ္ပဏီ အများအပြားအသုံးပြုနိုင်မယ့် Open-Sourceအနေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ Android OS ကို အခြေခံပြီးSamsung၊ LG နဲ့ Sony တို့လိုစမတ်ဖုန်းကုမ္ပဏီတွေ အပြိုင်းအရိုင်း အောင်မြင်လာတယ်။Android OS ဆီ အပြောင်းအလဲလုပ်ဖို့ နှောင့်နှေးခဲ့တဲ့ Nokia လိုကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ရတဲ့အပြင် အကြီးအကျယ် အခြေအနေဆိုးသွားတယ်။ ဒါဟာ Android OS ရဲ့စမတ်ဖုန်း လောကမှာ သက်ရောက်မှု ကြီးမားပုံကို သိသာထင်ရှားစေခဲ့ပါတယ်။

Google ဟာ အောင်မြင်တဲ့ စမတ်ဖုန်း OS ကို ထုတ်လုပ်ခဲ့ပေမယ့် ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေတော့ ဘယ်တုန်းကမှ မထုတ်လုပ်ခဲ့ဖူးပါဘူး။

Nexus စီးရီးတွေမှာ Google ရဲ့တံဆိပ်ကို ထည့်သွင်းထားပေမယ့် Hardware ပိုင်း ပံ့ပိုးမှုပေးတဲ့ Asus၊ HTC တို့လို ကုမ္ပဏီတွေရဲ့ ကိုယ်စားပြုသင်္ကေတတွေလည်း ပါရှိနေပါတယ်။ အောက်တိုဘာ ၄ ရက်မှာ စတင်မိတ်ဆက်လိုက်တဲ့ Pixel နဲ့ Pixel XL တို့ကိုတော့ HTC က ပံ့ပိုးတည်ဆောက်ပေမယ့် Google အမှတ်တံဆိပ် တစ်ခုတည်းက ကိုယ်စားပြုမယ့် ပထမဆုံးဖုန်းတွေဖြစ်လာပါတယ်။

တစ်နည်းအားဖြင့် OS ပိုင်း ရော၊ Hardware ပိုင်းကိုပါ Google က အဓိကတာဝန်ခံမယ့်ခြေလှမ်းသစ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီအချက်က အခုဖုန်းအသစ်တွေနဲ့ ပတ်သက်ပြီး အဓိကစိတ်ဝင်စားစရာ ညှို့ငင်မှု ဖြစ်နေခဲ့ပါတယ်။
‘‘Pixel, A Phone by Google’’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ မိတ်ဆက်လာတဲ့ ဖုန်းအသစ်တွေမှာ Pixel က ၅ လက်မအရွယ်၊ Pixel XL က ၅ ဒသမ ၅ လက်မအရွယ် Screen တွေကို အသီးသီးအသုံးပြုထားတယ်။ ပြီးတော့ Google ရဲ့ အမှတ်တံဆိပ် ဒီဇိုင်းသစ်ဖြစ်လာတဲ့ G ပုံသဏ္ဌာန်ကိုလည်း ဖုန်းကိုယ်ထည် အနောက်ပိုင်းမှာ ရိုက်နှိပ်ထားတာကို တွေ့ရပါတယ်။ Nexus မှာတုန်းကလိုတခြားကုမ္ပဏီတွေရဲ့ အထောက်အပံ့ကို မယူတော့ဘဲ Pixel ကိုကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်လုပ်တည်ဆောက်ကြောင်း Google က ဆိုညွှန်းချင်တဲ့သဘောပါ။ Nexus စီးရီးတွေတုန်းကတော့ Google အနေနဲ့ အဆင့်အမြင့်ဆုံး စွမ်းဆောင်ရည်တန်းဆီဘယ်တုန်းကမှ ထဲထဲဝင်ဝင် မချဉ်းကပ်ခဲ့ပါဘူး။ တန်ဖိုးနည်း၊ တန်ဖိုးလတ်စမတ်ဖုန်းတွေကိုသာ အားပြုပြီး ဈေးကွက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်လယ်က ထုတ်လုပ်ခဲ့တဲ့ Nexus 5S၊ ပိုကောင်းတဲ့ Nexus 6P တို့နဲ့ ကွဲပြားစွာပဲ Pixel ဖုန်းအသစ် နှစ်ခုစလုံးဟာ ထိပ်တန်းစွမ်းဆောင်ရည်နဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ ပထမဆုံး Google မူပိုင်စမတ်ဖုန်းများ Daydream ViewVR Headset ကို ဂူးဂဲလ်ထုတ်ဖော်ပြသမော်ဒယ်တွေ ဖြစ်ပါတယ်။ Google ဟာ Apple ရဲ့ iPhone တွေနဲ့ Samsung ရဲ့ တန်းမြင့် GalaxyS စီးရီးတွေကို ယှဉ်ပြိုင်ဖို့ ဒီဖုန်းတွေကို ဖန်တီးခဲ့တာပါ။

ဖုန်းနှစ်လုံးစလုံးကို နာမည်ကျော် Qualcomm Snapdragonကုမ္ပဏီရဲ့ Quad-Core Processor တွေနဲ့ မောင်းနှင်စေတယ်။ Qualcomm Snapdragon 821 Processor မှာ Core လေးခု ပါဝင်ပြီး စွမ်းဆောင်ရည်မြင့် 2.15GHz Core နှစ်လုံးရယ်၊ ဘက်ထရီသုံးစွဲမှု ပိုမိုလျော့နည်းတဲ့ 1.6GHz Core နှစ်လုံးရယ်ကို ပေါင်းစပ်ထားပါတယ်။

ဒီProcessor မှာ Qualcomm ရဲ့ Hexagon နည်းပညာသစ်ကို ထည့်သွင်းထောက်ပံ့ပေးထားပြီး ဖုန်းရဲ့ ပုံရိပ်ဖော်မှုနဲ့ အသံအရည်အသွေးတွေမှာပါ ပိုကောင်းတဲ့ ပေါင်းစပ်အားဖြည့်မှုမျိုး ရရှိစေမယ်လို့ ဆိုပါတယ်။

ဖုန်းတွေရဲ့ Screen ကိုတော့ OLED နည်းပညာ အသုံးပြုတည်ဆောက်ထားတယ်။ သိုလှောင်မှုပမာဏက 32GB နဲ့ 128GB တို့ကိုရွေးချယ်နိုင်ပြီး စွမ်းဆောင်ရည်အတွက်တော့ 4GBRAM အထောက်အပံ့နဲ့ အားပေး ပံ့ပိုးထားတာကို တွေ့ရပါတယ်။ ဖုန်းရဲ့ နောက်ဘက်မှာတော့ လက်ဗွေဖတ် လုံခြုံရေးစနစ်တစ်ခုကို တပ်ဆင်ပေးထားတယ်။ ဖုန်းရဲ့ကိုယ်ထည်အရောင်တွေမှာတော့ ငွေရောင်၊ အနက်ရောင်နဲ့ အပြာရောင်တေကွို ရွေးချယ်နိုင်မယ်လို့ Google က ကြေညာထားပါတယ်။

ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်တဲ့ အထူးမိတ်ဆက်ပွဲမှာ Google က ဖုန်းအသစ်တွေဟာ ကုမ္ပဏီရဲ့ကမ္ဘာကျော် အင်တာနက်ရှာဖွေရေး ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုသူတွေအတွက် အရမ်းအဆင်ပြေမယ့် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ Google ဟာ Pixel နဲ့ Pixel XL တို့ကို ရေရှည်မဟာဗျူဟာ ထုတ်ကုန်တစ်ခုအနေနဲ့ပါ လေးလေးနက်နက် အာရုံစိုက်ထားကြောင်း သိသာပါတယ်။ ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် အိမ်သုံးစမတ် Gadget တွေကိုပါ တစ်ပါတည်း မိတ်ဆက်ခဲ့တာကြောင့်ပါ။

Google ဟာ ၁၂၉ ဒေါ်လာတန် Google Home ဆိုတဲ့ စမတ်စပီကာတွေကိုလည်း ပွဲထုတ်ခဲ့ပါတယ်။ ဒီစပီကာဟာ ဖျော်ဖြေရေးအတွက် သမားရိုးကျစပီကာတစ်ခုအနေနဲ့သာမကဘဲ ပုဂ္ဂိုလ်ရေးအထောက်အကူ နည်းပညာGadget တစ်ခုအနေနဲ့ပါ အသုံးဝင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ Amazon ရဲ့ Echo လိုပြိုင်ဘက်မျိုးနဲ့ ထိပ်တိုက်တွေ့မယ့် အလားအလာ ရှိနေတယ်။

ပြီးတော့ Pixel ဖုန်းတွေကိုရှေ့ဘက်မျက်နှာစာမှာ ထည့်သွင်း အသုံးပြုနိုင်မယ့် VR ခေါင်းဆောင်း တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ၇၉ ဒေါ်လာတန်ဒီခေါင်းဆောင်းဟာ ဈေးကွက်ထဲမှာ Samsung ကို ထိခိုက်မှုတွေဖြစ်လာစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုတယ်။ Google ဟာ၁၂၉ ဒေါ်လာတန် Wifi Router အသစ်တစ်မျိုးနဲ့ ၄၉ ဒေါ်လာတန် Chromecast Ultra TV Streaming ဝန်ဆောင်မှုတွေရောင်းချမယ့် အစီအစဉ်တွေကိုပါ တစ်ပါတည်း မိတ်ဆက်သွားခဲ့တာကို တွေ့ရပါတယ်။

Pixelနဲ့ Pixel XL တို့ဟာအလူမီနီယမ်ဖန်သားနဲ့ အုပ်မိုးကာကွယ်ထားတဲ့ ကိုယ်ထည်တွေကို အသုံးပြုတည်ဆောက်ထားတယ်။ Gorilla Glass န့ဲ AMOLEDScreen တွေဟာ ကြည်လင်ပြတ်သားတဲ့ Resolution မြင့်ပုံရိပ်တွေကို ဖော်ပြပေးနိုင်မှာ ဖြစ်တယ်လို့ဆိုတယ်။ USB Type-Cနဲ့ 3.5mm Headphone Jackလို အထောက်အပံ့တွေကိုလည်းထည့်သွင်းပေးထားပြီး မြန်နှုန်းမြင့် အားသွင်းစနစ်လည်း ပါဝင်တယ်။ ခုနစ်နာရီကြာ အသုံးပြုပြီးရင် ဖုန်းကို ၁၅ မိနစ်အတွင်း အားအပြည့် ပြန်သွင်းနိုင်မယ်လို့ Google က အာမခံထားပါတယ်။

ဖုန်းတွေရဲ့ နောက်ဘက်ကင်မရာကတော့ 12.3 megapixel အရည်အသွေးရှိပြီး Selfie နဲ့ Video Chat အတွက်တော့ 8 megapixel ကင်မရာတွေ ပါရှိတယ်။ နောက်ဘက်ကင်မရာမှာတော့ ပုံရိပ်အရည်အသွေးကို မြှင့်တင်မယ့် Software အထောက်အပံ့ကို အားဖြည့်ပံ့ပိုးထားပါသေးတယ်။ Pixel ဖုန်းတွေရဲ့ ကင်မရာဟာ နောက်ဆုံးထုက် iPhone 7 ထက် အရည်အသွေးသာလွန်မယ်လို့ Google က ကြေညာထားတယ်။ ကင်မရာနှစ်လုံးစလုံးက Full HD ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ယူနိုင်မယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ သိုလှောင်မှုကန့်သတ်ချက်ကိုကျော်လွန်သွားရင်လည်း အွန်လိုင်းမှာ အခမဲ့သိမ်းဆည်းထားမယ့် ဝန်ဆောင်မှုကိုလည်း Google က ဖြည့်တင်းပေးထားတယ်။

Pixel တွေဟာ အဆင့်မြင့်စမတ်ဖုန်းတွေအဖြစ် ပီပီပြင်ပြင်ရုပ်လုံးပေါ်ခဲ့ပြီး ဒီဇိုင်းပိုင်းနဲ့ စိတ်ကူးစိတ်သန်းပိုင်းမှာ ချီးကျူးမှုတွေခံရပေမယ့် စင်းလုံးချော ကျေနပ်စရာတော့ မဟုတ်ဘူးလို့ ထောက်ပြသူတွေလည်း ရှိနေတယ်။ ဖုန်းတွေက Android OS သုံး ပြိုင်ဘက် အများစုထက်ဈေးကြီးလွန်းနေတယ်။ iPhone 7 နဲ့ Galaxy S7 တနို့ဲ ဈေးနနှုးတန်းတူလောက်ဖြစ်နေတယ်။ ဒါဟာ ထုတ်ကုန်သစ်တစ်ခုအနေနဲ့တော့ ရဲတင်းလွန်းတဲ့ အဖွင့်ခြေလှမ်းပါ။ Pixelရဲ့ 32GB ဖုန်းက ၆၄၉ ဒေါ်လာဈေးသတ်မှတ်ထားပြီး 128GB မော်ဒယ်ကတော့ ၇၄၉ ဒေါ်လာပါ။ Pixel XL တွေမှာတော့ 32GB နဲ့ 128GB တွေကို ၇၆၉ ဒေါ်လာနဲ့ ၈၆၉ ဒေါ်လာတွေ အသီးသီးဈေးသတ်မှတ်ထားတာကို တွေ့ရပါတယ်။

တည်ဆောက်ပုံ အချိုးကျလှပပြီး စွမ်းဆောင်ရည်မြင့် ပစ္စည်းတွေကို အသုံးပြုထားပေမယ့် ရေစိုခံနိုင်စွမ်း မရှိတာကလည်း မေးခွန်းထုတ်စရာ အချက်တစ်ခုပါ။ Samsung နဲ့ Apple ရဲ့နောက်ဆုံးပေါ် စမတ်ဖုန်းတွေက ဒီအတားအဆီးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးတော့ လက်ဗွေဖတ်စနစ်ကို ဖုန်းနောက်ဘက် ပို့ထားတဲ့ စိတ်ကူးအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေတယ်။

ဘာပဲဖြစ်ဖြစ် Google ရဲ့ပထမဆုံးသော ကိုယ်ပိုင်အမှတ်တံဆိပ် စမတ်ဖုန်းတွေဟာ လူအများကို စိတ်ဝင်စားသွားအောင်ဆွဲဆောင်နိုင်ခဲ့တာ အမှန်ပါပဲ။ပြီးတော့ စမတ်ဖုန်းနည်းပညာလောကမှာ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာစေမယ့် ဝင်ရောက်လာမှု အနေနဲ့လည်း ကြိုဆိုရပါမယ်။ Pixel ဖုန်းမျိုးဆက်တွေဟာ Google ရဲ့စမတ်ဖုန်း နည်းပညာရေစီးကြောင်းမှာ ခမ်းနားတဲ့ အချိုးအကွေ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာစေမှာလားဆိုတဲ့ မေးခွန်းကိုတော့ အချိန်ကပဲ အဖြေပေးသွားမှာ ဖြစ်ပါတယ်။

Ref: CNet, TechRadar

အသစ်လဲလှယ်ပေးထားသည့် Galaxy Note 7 တစ်လုံး လေယာဉ်ပေါ်တွင် မီးလောင်မှုဖြစ်


ဘက်ထရီ ချွတ်ယွင်းချက် ဖြစ်ပွားခဲ့သဖြင့် အသစ်ပြန်လည် လဲလှယ်ပေးထားသည့် Samsung Galaxy Note 7 ဖုန်းတစ်လုံး လေယာဉ်ပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အမေရိကန်ရှိ Southwest လေကြောင်းလိုင်းက အောက်တိုဘာ ၅ ရက်တွင် ကန်တက်ကီမှ ဘာလ်တီမောသို့ ပျံသန်းမည့် လေယာဉ်တစ်စီး ပြေးလမ်းပေါ်မှ မထွက်ခွာမီ ယခုအခြေအနေနှင့် ကြုံခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဖုန်းမှ မီးခိုးများ အူထွက်လာသောကြောင့် လေယာဉ်ပေါ်မှ ခရီးသည်များကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။

Samsung ကုမ္ပဏီ၏ နောက်ဆုံးထုတ် အဆင့်မြင့် စမတ်ဖုန်းများသည် ဘက်ထရီ ချွတ်ယွင်းချက်ကြောင့် ပေါက်ကွဲမီးလောင်နိုင်ကြောင်း သတိပေးချက်များ အတည်ပြု ထုတ်ပြန်ထားရပြီး တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးက စိတ်ချရသည်ဆိုသော ဖုန်းအသစ်များနှင့် လဲလှယ်ပေးနေသည်။ သို့သော် ယခုဖြစ်ရပ်မှာ အသစ်လဲထားသည့် ဖုန်းတစ်လုံးကပါ မီးလောင်ခဲ့ခြင်းဟု သိရသည်။ Samsungက ထိုကိစ္စကို စုံစမ်းသွားမည်ဟု အတည်ပြုထားသည်။

Galaxy Note 7များကို စက်တင်ဘာလတွင် အလုံးအရင်းဖြင့် ပြန်လည်ခေါ်ယူ လဲလှယ်ပေးခဲ့ရပြီး Samsungက ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းနိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။ “အခုကိစ္စနဲ့ ပတ်သက်လို့တော့ Southwest လေကြောင်းလိုင်း တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး စုံစမ်းဖော်ထုတ်သွားပါမယ်။ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ဖုန်းကို တောင်းယူပြီး အကြောင်းရင်းကို စစ်ဆေးရှာဖွေသွားပါမယ်”ဟု ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ စစ်ဆေးမှုများ အပြီးတွင် နောက်ထပ် သတင်းအချက်အလက် အသစ်များကို ဆက်လက် ကြေညာသွားမည်ဟုလည်း Samsungက ဆိုသည်။

ဖုန်းပိုင်ရှင်ဖြစ်သူ ယော်ဒန် ဂိုလ်ဆန်က မိမိ၏ဖုန်းကို စက်တင်ဘာ ၂၁ ရက်က ပြန်လည် လဲလှယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံကွပ်ကဲရေး ဌာနက ခရီးသည်များ အနေဖြင့် Galaxy Note 7 ဖုန်းများကို ယူဆောင်လာပါက လေယာဉ်ပေါ်တွင် ဖုန်းပိတ်ထားရန်၊ အားသွင်းခြင်း မပြုကြရန် ညွှန်ကြားထားသည်။ အချို့သော လေကြောင်းလိုင်းများကမူ ယင်းစမတ်ဖုန်းများကို လေယာဉ်ပေါ် ယူဆောင်ရန်ပင် ခွင့်မပြုဘဲ တားမြစ်ထားကြောင်း သိရှိရသည်။

Ref: The Verge

Friday, September 30, 2016

♪ ဈေးပေါပေါနဲ့ကိုင်နိုငမယ့် - “KENBO SUN E71” ♫

ဓာတ်ပုံရိုက်ကူးရတာ ၀ါသနာပါပြီး နောက်ဆုံးထွက် Application များကိုလည်း စိတ်ကြိုက်ထည့်သွင်းအသုံးပြု နိုင်မယ့်အပြင် ဈေးနှုန်းကလည်း သင့်တော်တဲ့ KENBO Smartphone က ထုတ်လုပ်ထားတဲ့ E71 ဖုန်းလေးဖြစ်ပါတယ်။ ဖုန်းရဲ့ ပုံပန်းသဏ္ဌာန်ဟာ လေးထောင့်ကျပြီး ထောင့်စွန်းများသည် အ၀န်း အ၀ိုက် ပုံစံရှိပါတယ်။ ဖုန်းရဲ့တန်ဖိုးဟာ သင့်တင့်ပြီး မျက်နှာပြင်အရွယ်အစား ကြီးမားတဲ့ဖုန်းဖြစ်ပါတယ်။ 

ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းက ၅ လက်မရှိပြီး IPS Screen နည်းပညာကို အသုံးပြုထားတဲ့အတွက် ဗီဒီယိုများ၊ ဂိမ်းများ အသုံးပြုတဲ့အခါမှာ အဆင်ပြေစေပါလိမ့်မယ်။ မြင်ကွင်းစွမ်းရည် အပိုင်းတွင် 854 × 480 pixels အထိ ရုပ်ထွက်ရရှိစေမယ့် ဖုန်းတစ်လုံးပါ။ ဖုန်းသုံးတဲ့ အခါမှာ သွက်လက်စေဖို့အတွက် Quad Core 1.3 GHz CPU ကို အသုံးပြု ပေးထားပါတယ်။ RAM ပမာဏ အပိုင်းတွင်တော့ 1GB ကို ထည့်သွင်းပေး ထားပါတယ်။ ဖုန်းထဲမှာ Data များများ ပိုမိုသိုလှောင်သိမ်းဆည်းရာမှာ သင့်တင့်မျှတစေဖို့အတွက် ROM 4GB ကို ထည့်သွင်းပေးထားပါတယ်။

2G နဲ့ 3G မိုဘိုင်း ကွန်ရက်တွေမှာ ဖုန်းသုံးလို့ရမှာဖြစ်ပြီး လိုင်းဆွဲအားကောင်းမွန် တဲ့အတွက် ဖုန်းစကားပြောတဲ့အခါမှာ ကြည်လင်ပြတ်သားစွာ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ Panorama ၊ Beauty Face နှင့် Live Photo စနစ်များကို Camera Function အဖြစ် ထည့်သွင်းပေးထားတဲ့အတွက် ဓာတ်ပုံရိုက်ကူး တဲ့အခါမှာ စိတ်ဝင်စားဖွယ်ရာ ခံစားချက်များကို ရရှိစေမှာဖြစ်ပါတယ်။

အရှေ့ဘက်ကင်မရာမှာ 2 megapixels စွမ်းရည်ရှိပြီး အနောက်ဘက် ကင်မရာမှာ 8 megapixels စွမ်းရည်ရှိပါတယ်။ စက်လည်ပတ်မှုစနစ်အတွက် Android 5.1 (Lollipop) ကို အသုံးပြုပေးထားခြင်းကြောင့် နောက်ပိုင်းမှာ ထွက်ရှိတဲ့ Application များကိုပါ Error မဖြစ်ပေါ်စေဘဲ အလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Wi-Fi, GPS, FM, Bluetooth v4.0 စနစ်များပါဝင်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား မှာ Li-ion 1800mAh ဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA
Processor - Quad Core 1.3 GHz
Screen - 5 inches
Camera - 8 MP
Storage - 4 GB
OS - Android OS, v 5.1
Contact - 09-258451418

Mobile Guide Journal (Every Monday)

Galaxy Note 7 နည်းတူ iPhone 7များလည်း ပေါက်ကွဲမှု ဖြစ်နိုင်ခြေရှိကြောင်း သတင်းများထွက်ပေါ်လာ

Galaxy Note 7ကဲ့သို့ပင် Apple၏ နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်သည့် iPhone 7များသည်လည်း ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ဈေးကွက်ပြိုင်ဘက်ကြီး Samsung၏ နောက်ဆုံးပေါ် Galaxy Note 7 စမတ်ဖုန်း ဘက်ထရီများ ချွတ်ယွင်းချက်ကြောင့် ပေါက်ကွဲမှုများ ဖြစ်နိုင်ကြောင်း တရားဝင် သတိပေးပြီး အရောင်းရပ်နားကာ ပြင်ဆင်လဲလှယ်မှုများ ပြုလုပ်ပေးနေရချိန်တွင် iPhoneနှင့် ပတ်သက်၍ပါ အလားတူ သတင်းထွက်လာခြင်း ဖြစ်သည်။

ပေါက်ကွဲပျက်စီးသွားသည်ဆိုသော iPhone 7 Plus၏ ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာ Reddit အသုံးပြုသူ တစ်ဦးက လွှင့်တင်ထားရာ လူသိများသည့် နည်းပညာ Blogတစ်ခုဖြစ်သော BGRက ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။ ထိုသူက နောက်ပိုင်းတွင် မီးသင့်လောင်ထားဟန် ရှိနေသည့် iPhone 7 Plus၏ ဓာတ်ပုံများကို ထပ်မံလွှင့်တင်ခဲ့သေးသည်။

Krrothesnoopဆိုသော အမည်ဖြင့် Redditကို အသုံးပြုနေသူက ထိုဓာတ်ပုံများကို စက်တင်ဘာ ၂၈ ရက်တွင် စတင်လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။ အနက်ရောင် iPhone 7 Plus၏ ပေါက်ကွဲမှုမှာမူ Samsung၏ ထုတ်ကုန်နှင့် အခြေခံ အကြောင်းရင်း ကွဲလွဲဟန်ရှိပြီး ဘက်ထရီကြောင့် မဟုတ်ဘဲ စက်ရုံထုတ် ပစ္စည်းကို အဆင့်ဆင့် သယ်ယူပို့ဆောင်ချိန်တွင် ချွတ်ယွင်းချက် တစ်ခုခု ဖြစ်ခဲ့ခြင်းဟု ယူဆရကြောင်း ဖုန်းပိုင်ရှင်က မှတ်ချက်ပေးထားသည်။

အဘယ်ကြောင့်ဆိုသော် မှာယူထားသည့်ဖုန်း ရောက်ရှိလာချိန်တွင် ဘူးကိုဖွင့်လိုက်ရာ ထိုအတိုင်း တွေ့မြင်ရ၍ ဖြစ်သည်။ “ဖြစ်နိုင်တာကတော့ စက်ရုံကနေ ထုတ်လုပ်ပြီး ဝယ်ယူသူဆီ ပို့ဆောင်ချိန်မှာ တစ်ခုခု ဖြစ်ခဲ့ပုံပေါ်တယ်”ဟု ၎င်းက သုံးသပ်ထားသည်။ Apple အနေဖြင့်မူ ထိုကိစ္စအပေါ် မည်သည့်မှတ်ချက်မျှ မပေးသေးချေ။ ထိုဖုန်းပိုင်ရှင်က ကုမ္ပဏီ အနေဖြင့် ၎င်းအတွက် ဖုန်းအသစ်တစ်လုံး လဲလှယ်ပေးရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

Thursday, September 29, 2016

Xiaomiရဲ့ ရည်မှန်းချက်တွေကို အရှိန်မြှင့်ပေးမယ့် Mi 5s နဲ့ Mi 5s Plus

တရုတ် စမတ်ဖုန်း ကုမ္ပဏီ Xiaomiဟာ နည်းပညာ နယ်ပယ်မှာ သက်တမ်း နုနုနယ်နယ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ရည်မှန်းချက်ကတော့ ကြီးမားတယ်။ Xiaomiဟာ Appleနဲ့ Samsungတို့လို စမတ်ဖုန်းဈေးကွက် ဦးဆောင်
နေရာက ကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်ဖို့ အမြဲတမ်း အပတ်တကုတ် အားထုတ်နေခဲ့တာ သိသာပါတယ်။ စက်တင်ဘာ ၂၇ ရက်မှာတော့ Xiaomiက ဒီအားထုတ်မှုကို အရှိန်မြှင့်တင်ပေးမယ့် ထုတ်ကုန်သစ်တွေအဖြစ် Mi 5sနဲ့
Mi 5s Plus ဖုန်းတွေကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
 

Android OSသုံး ဖုန်းတွေ ထုတ်လုပ်တဲ့ ဈေးကွက်ကို အဓိက ကြီးစိုးထားတဲ့ Samsungက မီးထလောင်နိုင်တဲ့ Note 7ဖုန်း ဘက်ထရီ ပြဿနာကြောင့် အကြီးအကျယ် ရုန်းကန်နေရချိန်မှာ Xiaomiက ဖုန်းအသစ်တွေကို ထုတ်လုပ်
လာတာ ဖြစ်ပါတယ်။ Xiaomiဟာ ဒီဇိုင်းပိုင်း မှီငြမ်းမှုတွေ အပါအဝင် မူပိုင်ခွင့် ကျင့်ဝတ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ မှတ်တမ်းတွေ ရှိခဲ့ပေမယ့် ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းတွေ ရောင်းချနိုင်ခြင်း
ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ခိုင်ခိုင်မာမာ ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် Xiaomiရဲ့ ပရိသတ်က ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး များပြားတယ်။ အခုဖုန်းအသစ် နှစ်လုံးကလည်း အောင်မြင်မှု ရရှိထားပြီးသားဖြစ်တဲ့ Mi 5နဲ့ Mi 5 Plus
မော်ဒယ်လ်တွေကို အခြေခံ ဖန်တီးထားတာပါ။
 
Xiaomiက ကုမ္ပဏီရဲ့ အဓိက ဂုဏ်ဆောင် ဖန်တီးမှုတွေအဖြစ် အဆင့်မြင့် စမတ်ဖုန်း မျိုးဆက်သစ်တွေ ထုတ်လုပ်မယ် ဆိုကတည်းက ပါဝင်ပစ္စည်းတွေရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို တိုးမြှင့်ပေးမယ်လို့ ကြိုတင် ခန့်မှန်း
ထားပြီးသား ဖြစ်ပါတယ်။ Mi 5sနဲ့ Mi 5s Plusတို့ဟာ နောင်တော် မော်ဒယ်လ်တွေထက် စွမ်းဆောင်ရည်ပိုင်း ပိုပြီး ကောင်းမွန်လာတာ အမှန်ပါပဲ။ အထူးသဖြင့် ကင်မရာပိုင်းမှာပါ။ ဒါပေမဲ့ Xiaomiက အဓိက မီးမောင်းထိုး
ဖော်ပြခဲ့တဲ့ နည်းပညာ ဆန်းသစ်မှုကတော့ ဖုန်းရဲ့ Home Button နေရာမှာ နည်းပညာသစ် Ultrasonic လက်ဗွေဖတ် လုံခြုံရေးစနစ်ပါပဲ။
 
Xiaomiက ဖုန်းအသစ်တွေကို ဒီဇိုင်းပိုင်း အလေးပေး ဖန်တီးပြီး Home Buttonကို ဖယ်ရှားထားတယ်လို့ ကြွေးကြော်ပါတယ်။ ဒါပေမဲ့ ပုံမှန် Home Button နေရာမှာ အချိုင့်လေးတစ်ခု ထည့်သွင်းထားတာကြောင့် ဒီအချက်က ရုတ်တရက် မသိသာဘူး ဖြစ်နေတယ်။ အဲဒီအချိုင့် နေရာလေးဟာ လက်ဗွေဖတ် လုံခြုံရေးစနစ် တစ်ခုတည်းအတွက် သီးသန့် အသုံးဝင်ပါတယ်။ Xiaomiရဲ့ အဆိုအရ Ultrasonic နည်းပညာကို အသုံးပြုထားတဲ့အတွက် လက်ဗွေတွေကို မှတ်သားရာမှာ၊ တိုက်ဆိုင်စစ်ဆေးရာမှာ ပိုမိုတိကျပြီး မြန်ဆန်မှုလည်း ပိုကောင်းလာမယ်လို့ သိရပါတယ်။ ဒီနည်းပညာကိုတော့ မိုဘိုင်းဖုန်း ချစ်ပ်တွေ ထုတ်လုပ်တဲ့ Qualcomm ကုမ္ပဏီက ဖန်တီးထားတာပါ။
 
ဖုန်းတွေမှာ လက်ဗွေဖတ် လုံခြုံရေးစနစ်ကို ထဲထဲဝင်ဝင် စတင်အသုံးပြုလာတာ Appleရဲ့ iPhoneတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ပြိုင်ဘက်တွေက လက်ဗွေစနစ်ကို ထည့်သွင်းလာသလို ပိုပြီးဆန်းသစ်တဲ့ အတွေး အမြင်နဲ့ ချဉ်းကပ်မှုတွေ ဖန်တီးလာတယ်။ Xiaomiကတော့ Qualcommရဲ့ နည်းပညာကို အသုံးချပြီး အခြေအနေမရွေး အမှားအယွင်းမရှိ လက်ဗွေဖတ်နိုင်တဲ့ အထောက်အပံ့မျိုး ဖန်တီးပေးနိုင်မယ်လို့ ကတိပြုထားပါတယ်။ iPhone ကို ရေစိုနေတဲ့လက်နဲ့ Lockဖွင့်ဖို့ဆိုရင် လက်ဗွေဖတ်စနစ်ကို သုံးရတာ ကရိကထ များတတ်ပါတယ်။ Xiaomiကတော့ သူတို့ရဲ့ နည်းပညာမှာ ဒီပြဿနာမျိုး လုံးဝ မကြုံစေရဘူးလို့ အာမခံထားတယ်။ စိုတဲ့လက် နဲ့ဖြစ်ဖြစ်၊
ခြောက်တဲ့လက်နဲ့ဖြစ်ဖြစ် တိကျတဲ့ လက်ဗွေဖတ် လုံခြုံရေးစနစ်ကို အပြည့်အဝ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။
 
Xiaomiဟာ သူတို့ရဲ့ Dual-SIM အထောက်အပံ့လို လူကြိုက်များပြီးသား Featureတွေကို ဒီဖုန်းအသစ်တွေမှာ ဆက်ပြီး ထိန်းသိမ်း ထည့်သွင်းပေးထားပါတယ်။ အရင်မျိုးဆက်တွေမှာ နောက်ဘက်ကိုယ်ထည်ကို ဖန်သား
အလွှာနဲ့ ပေါင်းစပ် တည်ဆောက်မှုကို လုံးဝ စွန့်လွှတ်ပြီး အပြည့်အဝ သတ္တုသား ကိုယ်ထည်ကို ပြောင်းလဲ အသုံးပြုဖို့ ရွေးချယ်ခဲ့တယ်။ ဖုန်းရဲ့ အတွင်းပိုင်း စွမ်းဆောင်ရည် အထောက်အကူပြု ကိရိယာတွေ ရွေးချယ်မှု
မှာလည်း နောက်ဆုံးပေါ် ပစ္စည်းတွေကို တပ်ဆင် အသုံးပြုထားတာ တွေ့နိုင်ပါတယ်။
 
ဥပမာ CPUအတွက်ဆိုရင် Snapdragonရဲ့ နောက်ဆုံးထုတ် 821 Chipsetကို ရွေးချယ်ထားတယ်။ ဒီအတွက် ဖုန်းရဲ့ လုပ်ငန်းဆောင်တာပိုင်း မြန်ဆန်စေရုံတင် မကဘဲ 4G ကွန်ရက်တွေကိုပါ အကောင်းဆုံး အရည်အသွေးနဲ့ ချိတ်ဆက်ဖို့ အထောက်အပံ့ ဖြစ်စေမယ့် အထောက်အပံ့မျိုး ရရှိစေမှာ ဖြစ်ပါတယ်။ သိုလှောင်မှု စွမ်းရည်ကလည်း 64GBကနေ 128GBထိ ရွေးချယ်နိုင်တယ်။ RAMပမာဏက Mi 5sအတွက် 3GBနဲ့ 4GBဖြစ်ပြီး Mi 5s Plusအတွက် ဆိုရင်တော့ 4GBရယ်၊ 6GBရယ် ဖြစ်ပါတယ်။
 
Mi 5sရဲ့ သိုလှောင်မှု ပမာဏ 64GBဖုန်းကို 3GB RAMနဲ့ တွဲဖက်ထားပြီး 128GBအတွက် ဖုန်းကတော့ 4GB RAMကို အသုံးပြုထားပါတယ်။ Mi 5s Plusရဲ့ 64GB မော်ဒယ်လ်မှာ 4GB RAM တပ်ဆင်ပြီး သိုလှောင်မှု 128GBထိ ပါရှိတဲ့ အမျိုးအစားအတွက် RAMကတော့ 6GB ဖြစ်ပါတယ်။
 
Mi 5sဟာ ၅.၁ လက်မအရွယ် 1080p Displayကို တပ်ဆင်ထားပြီး ပိုကြီးတဲ့ Mi 5s Plusမှာတော့ ၅.၇ လက်မအရွယ် Display ပါဝင်တယ်။ Screen နည်းပညာသစ်အရ လက်နဲ့ ဖိနှိပ်ထားတဲ့ အားသက်ရောက်မှု၊ လက်လှုပ်ရှားမှု အတော်များများကို ထောက်လှမ်းနိုင်ပြီး ကွဲပြားတဲ့ လုပ်ငန်းဆောင်တာတွေ ခိုင်းစေနိုင်တယ်။ ဒါဟာ Appleရဲ့ 3D Touchနဲ့ အတော်လေး ဆင်တူတာကို တွေ့ရပါတယ်။
 
ဖုန်းတွေမှာ ပါဝင်တဲ့ 12-megapixelနဲ့ 13-megapixel ကင်မရာတွေကလည်း Dual-Tone LED Flash အထောက်အပံ့ ထည့်သွင်းပေးထားပြီး 4K အရည်အသွေးနဲ့ ဗီဒီယိုတွေကိုပါ ရိုက်ကူးနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။ “ဖုန်းကင်မရာ စွမ်းရည်နဲ့ ပတ်သက်ပြီး Samsung၊ Appleတို့ကို ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားတယ်။ Mi 5sဟာ အဲဒီကုမ္ပဏီ နှစ်ခုစလုံးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် လိုင်ဂျွန်က ပြောပါတယ်။ Xiaomiဟာ ဘေဂျင်းမှာ ဖုန်းအသစ်တွေ ပွဲထုတ်ရင်း ၆၅ လက်မအရွယ် 4K တီဗီအသစ် တစ်မျိုးကိုလည်း စတင်မိတ်ဆက်ခဲ့ပါသေးတယ်။
 
Xiaomiဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ပြည်တွင်းပြိုင်ဘက် Huaweiရဲ့ အသာစီးယူ ပြိုင်ဆိုင်မှုတွေကို ကြုံတွေ့ခဲ့ရသလို Appleရဲ့ တရုတ်ဈေးကွက် ထိုးဖောက်မှုတွေကြောင့် ပိုပြီး ရုန်းကန် လှုပ်ရှားဖို့ လိုအပ်နေပါတယ်။ အချိုးအကွေ့ ကာလတစ်ခုမှာ ထွက်ပေါ်လာတဲ့ Mi 5sနဲ့ Mi 5s Plusတို့ဟာ ကုမ္ပဏီရဲ့ အနာဂတ် ရည်မှန်းချက်တွေအတွက် အရေးပါတဲ့ အလောင်းအစား တစ်ခုလို့တောင် ဆိုနိုင်တယ်။ ဒါကြောင့်လည်း ဈေးကွက်ထဲမှာ အကောင်းဆုံး နည်းပညာပိုင်း၊ ပါဝင်ပစ္စည်းပိုင်းကို ရွေးချယ် အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။
 
ဖုန်းနှစ်လုံးစလုံးဟာ Android 6.0 OSကို အခြေခံတဲ့ MIUI 8နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ Xiaomiက တန်ဖိုးနည်း ဖုန်းတွေ ထုတ်လုပ်လေ့ရှိတဲ့ ကုမ္ပဏီ ဖြစ်တာကြောင့် လက်ရှိ ဖုန်းအသစ်တွေက ကုမ္ပဏီ စံနှုန်းအရတော့
ဈေးနည်းနည်း ကြီးသလို ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ပေးရတဲ့တန်ဖိုးနဲ့ ရရှိတဲ့ စွမ်းဆောင်ရည် အတန်ဆုံး စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နေတဲ့ ဂုဏ်ပုဒ်ကိုတော့ Xiaomiက ဆက်ထိန်းထားဆဲပါ။
 
ဖုန်းအသစ်တွေအနက် Mi 5s 64GB/RAM3GBရဲ့ ဈေးနှုန်းက ဒေါ်လာ ၃၀၀ လောက် ကျသင့်ပါမယ်။ 128GB/RAM4GB အမျိုးအစား Mi 5sကတော့ ဒေါ်လာ ၃၅၀ နီးပါးလောက် ပေါက်ဈေးရှိတယ်။ ပိုကြီးတဲ့ Mi 5s Plus
မော်ဒယ်လ်မှာတော့ 64GB/RAM4GBက ဒေါ်လာ ၃၅၀ နီးပါးဖြစ်ပြီး 128GB/RAM6GB ကတော့ ဒေါ်လာ ၄၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ Mi 5s Plusရဲ့ ဈေးပိုကြီးတဲ့ မော်ဒယ်လ်ကတောင် လက်ရှိ ဈေးကွက်ထဲမှာ
ရောင်းချနေတဲ့ တန်ဖိုးအကြီးဆုံး iPhoneရဲ့ ဈေးနဲ့ယှဉ်ရင် သုံးပုံတစ်ပုံလောက်သာ ရှိနေတာ ဖြစ်ပါတယ်။
 
ဖုန်းအသစ်တွေကို စက်တင်ဘာ ၂၉ ရက်ကစလို့ တရုတ်ဈေးကွက်မှာ စတင်ဖြန့်ချိဖို့ စီစဉ်ထားပြီးပါပြီ။ တခြားဈေးကွက်တွေကို တင်ပို့မယ့် စီမံကိန်းကိုတော့ ကုမ္ပဏီက အတိအကျ မကြေညာသေးဘူး။ Xiaomiဟာ ဖုန်းတွေ
အတွက် Dark Grey၊ Gold၊ Silver၊ Pink အရောင်တွေ ရွေးချယ်ခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။ Xiaomi အနေနဲ့ ကုမ္ပဏီရဲ့ အဓိက ဂုဏ်ဆောင်ထုတ်ကုန်တွေအဖြစ် ဖန်တီးခဲ့တဲ့ Mi မျိုးဆက်တွေရဲ့ အောင်မြင်မှုကို ဆက်ပြီး သယ်ဆောင်နိုင်မလား ဆိုတာကိုတော့ Mi 5s နဲ့ Mi 5s Plusတို့ရဲ့ ပေါက်ရောက်မှုကို အခြေတည်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
 
Ref: Bloomberg