Showing posts with label သစ်တော. Show all posts
Showing posts with label သစ်တော. Show all posts

Wednesday, October 5, 2016

ဆီဘောက်ဆာယာဉ်ဖြင့် တရားမဝင်ကျွန်းသစ်များ သယ်ဆောင်လာသူများအား အရေးယူ

 


နေပြည်တော် အောက်တိုဘာ ၎

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ က သင်တောကျေးရွာ ရန်ကုန်-ပြည်ကားလမ်းပေါ်ရှိ မက်စ်မြန်မာ တိုးဂိတ်၌ သွားရောက်စောင့်ဆိုင်းနေစဉ် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ တွံတေး မြို့နယ် အဝတ်တန်းစာဖြူစုကျေးရွာနေ လေးမောင်(၂၇နှစ်) မောင်းနှင်ပြီး လှိုင် သာယာမြို့နယ်နေ ပြည့်ဖြိုးလွင်(၂၁နှစ်)လိုက်ပါလာသည့်YGN 6B/ ---- ဆီဘောက်ဆာယာဉ်ကို ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ တိုးဂိတ်နှင့် လေးဖာလုံ ခန့်အကွာ Petro-7 စက်သုံးဆီ အရောင်းဆိုင်ရှေ့၌ ယာဉ်ကို ရပ်တန့်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားခဲ့ကြသည်။ ၄င်းတို့အား လိုက်လံဖမ်းဆီးရာ လေးမောင်က အရိုးအသွား ရှစ်လက်မခန့်ရှိ ဓားဖြင့် ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဝဲလက်ဖျံ တွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာများ ရရှိကာ ၄င်းတို့နှစ်ဦးအား လက်ရဖမ်းဆီး ရမိခဲ့သည်။

ဆက်လက်၍ ယာဉ်ကိုရှာဖွေရာ ယာဉ်ရှေ့ခန်းအတွင်းမှ အရိုးအသွား ၁၈ လက်မခန့်ရှိ ရဲဒင်းတစ်လက်နှင့် ဓားမြှောင် တစ်ချောင်း၊ ဆီဘောက်ဆာအတွင်းမှ ကျွန်းသစ်ခွဲသား သုံးတန်တို့ကို သိမ်း ဆည်းရမိခဲ့သဖြင့် ၄င်တို့အား သက်ဆိုင် ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုရဲ
MOI Webportal Myanmar

Monday, September 26, 2016

အောင်လံတွင် တရားမ၀င် သစ်ခွဲသားများထပ်မံဖမ်းမိ

မကွေးတိုင်း အောင် လံမြို့နယ် အရှေ့ဘက်ကျေးရွာ များသို့ မြို့နယ်သစ်တောဌာန တာဝန်ရှိသူများက တရားမ၀င် သစ်ထုတ်နေမှုများ ရှိ၊မရှိကွင်း ဆင်းစစ်ဆေးရာ တရားမ၀င်သစ်ခွဲသားအရွယ်စုံ သုံးတန်ခန့်ကို ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အောင်လံမြို့နယ် သမ္ဘူလ ကျေးရွာနယ်မြေအပိုင် ကျွဲခေါင်း နှင့် ညောင်ကိုင်းကျေးရွာ အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိတောထဲတွင် ပိတောက်သစ်ခွဲသား ၂၉ချောင်း၊ အင်ကြင်းသစ်ခွဲသား နှစ်ချောင်းနှင့် ပျဉ်းကတိုးသစ်ခွဲသားနှစ်ချောင်း စုစုပေါင်း ၂ဒသမ၅,၉၄၂တန်နှင့် ဒန့်ဒေါင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းအရှေ့ဘက်ဘွက်ကြီး ဆည်ရေစပ်တွင် ပိတောက်သစ်ခွဲသားနှစ်ချောင်း ၀ ဒသမ ၁,၉၄၄ တန်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သမ္ဘူလ နယ်မြေရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

အောင်လံမြို့နယ်အတွင်း တရားမ၀င်သစ်ခွဲသားများ သိမ်း ဆည်းရမိနေခြင်းသည် ယခုလများအတွင်း လေးကြိမ်ထက်မနည်းရှိနေပြီဖြစ်သည်။

ယင်းတို့အနက် တစ်မှုသာမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် မြင်တွေ့ဖမ်းဆီးရမိသဖြင့် သစ်ခိုး ထုတ်သူနှင့်အတူ ဖမ်ဆီးရမိခြင်း ဖြစ်ပြီး ကျန်အမှုများသည် သစ်ခိုး ထုတ်သူကို ဖမ်းဆီးရမိခြင်းမရှိ ဘဲ ပိုင်ရှင်မဲ့အဖြစ်သာသိမ်းဆည်း ရမိနေခြင်းဖြစ်သည်။

Saturday, September 24, 2016

သေနတ်​နဲ့ ပစ်​ခတ်​ဖမ်းဆီးရာကနေ လွတ်သွားတဲ့ တရားခံကို မြို့ချောင်းမှာ ဖမ်းမိ

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က စစ်ဆေးရေးမောင်းတံဂိတ်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ တရားခံကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် မြို့ချောင်းဒေသက သစ်တောစစ်ဆေးရေးစခန်းအနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မြို့ချောင်းဒေသက သစ်တောစစ်ဆေးရေးစခန်းအနီးမှာ ရပ်ထားတဲ့ကားကို သစ်တောဝန်ထမ်းတွေနဲ့ သစ်တောရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ တရားခံ ဝင်းထွန်းကို တရားမဝင် သစ်ခွဲသားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ တရားခံဝင်းထွန်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က သစ်တောမောင်းတံဂိတ်မှာ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်ခိုင်းစဉ် မောင်းတံဂိတ်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးခဲ့တာပါ။

တာဝန်ရှိသူတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးပေမဲ့ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး ခုချိန်မှာ ဖဒိုနယ်မြေရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁)၊ သစ်တောဥပဒေပုဒ်မ ၄၃(က)တို့နဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

MCN

Friday, September 23, 2016

တရုတ်မြန်မာနယ်စပ်မှာ သစ်တန်ချိန် ၈၀၀ ဖမ်းမိ

 

ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာအရှေ့ဘက် ၃ မိုင်လောက်မှာရှိတဲ့ အင်ကြင်းတောင်မှာ စက်ယန္တရားတွေနဲ့ တရုတ်နိုင်ငံသားတွေ တရားမဝင် သစ်ခုတ် ယူနေစဉ်။ Photo: Kyaw Myo Min/RFAကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၃၁ အနီးမှာ အခုလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သုံးရက်အတွင်း တရားမဝင် သစ်တန်ချိန် ရှစ်ရာနီးပါးကို ဖမ်းဆီးရမိခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ အဲဒီဒေသဘက်မှာ အခုလိုဖမ်းဆီးရမိတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ပူတာအိုခရိုင် ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူး မြင့်ထွန်းဦးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့နေရာဟာ ခေါင်လန်ဖူးမြို့ရဲ့ အရှေ့မြောက်ဘက် ၆၅ မိုင်အကွာ ဇီးထန်နဲ့ ထမယ် ကျေးရွာတွေနား တဝိုက်မှာဖြစ်ပြီး ပါဝင်ပတ်သက်သူတွေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက တရုတ်-မြန်မာနယ်စပ် ခေါင်လန်ဖူး မြို့နယ်ထဲမှာ တရားမဝင် သစ်တွေခိုးထုတ်နေတာ၊ ယာဉ်ဝင်ထွက်သွားလာနေတာတွေ နဲ့ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ်အတွင်းမှာ တရားမဝင် သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက်တစ်ရာကျော်ကို မူးယစ်ဆေးဝါးနဲ့ သစ်ခိုးထုတ်ရာမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေနဲ့အတူ အစိုးရတပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။

RFA Burmese