Showing posts with label ပွဲတော်များ. Show all posts
Showing posts with label ပွဲတော်များ. Show all posts

Friday, October 7, 2016

ခရိုင်၊ မြို့နယ် ထွေ/အုပ်များ ပွဲလမ်းသဘင် ကျင်းပရန် အလှူခံခွင့် မရှိ

နေပြည်တော်၊ အောက်တိုဘာ ၆

မြန်မာ့ရိုးရာ ဆယ်နှစ်လ ရာသီ ပွဲတော်များနှင့် ဒေသတွင်း အားကစား ပွဲတော်များ ကျင်းပရန်အတွက် ခရိုင်၊ မြို့နယ် ထွေ/အုပ်များကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံရန် ခွင့်ပြုထားခြင်း မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

အောက်တိုဘာ ၆ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ၄၆ ရက်နေ့တွင် ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်က ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ အနေနှင့်  မြန်မာရိုးရာ ဆယ်နှစ်လ ရာသီ ပွဲတော်များ၊ နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားများနှင့် ဒေသတွင်း အားကစား ပြိုင်ပွဲတို့အတွက် သီးသန့် ရန်ပုံငွေ တစ်ရပ် ထူထောင်ပြီး ကျင်းပပေးရန် ရှိ၊ မရှိနှင့် ပတ်သက်ပြီး မေးမြန်းမှုကို ပြည်ထဲရေး ဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“ပြည်ထဲရေး ဝန်ကြီးဌာန အနေနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများကို အဆိုပါပွဲ လမ်းသဘင်များ ကျင်းပနိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်း မရှိသကဲ့သို့ ဒေသ ဆိုင်ရာများကိုလည်း ခွဲတမ်း ချခြင်း၊ ဒေသခံ စီးပွားရေး လုပ်ရှင်များထံမှ အလှူငွေ ကောက်ခံခြင်းများ လုပ်ဆောင်ခွင့်ပြုထားခြင်းများ မရှိဟု ဗိုလ်ချုပ်အောင်စိုးက ဖြေကြားသည်။

“သက်ဆိုင်ရာ မြို့နယ် ခရိုင်တွေမှာ ပွဲလမ်းသဘင်တွေကို အကြောင်းပြပြီး မသမာသော ငွေပေးငွေယူမှုတွေ လာဘ်ပေး လာဘ်ယူမှုတွေ ပေါ်ပေါက်လာခဲ့ရင် ပေါ်ပေါက်မှုအပေါ်မှာ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရများဖြင့် ပေါင်းစပ်ပြီး လိုအပ်တဲ့ စုံစမ်း စစ်ဆေးခြင်း အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမယ်”ဟု ပြည်ထဲရေး ဒုဝန်ကြီးက ရှင်းပြသည်။

တိုင်းဒေသကြီး မြို့နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း အထိမ်းအမှတ် ပွဲတော်များ၊ ပွဲလမ်းသဘင်များ၊ အားကစား ပွဲတော်များ ပြုလုပ်ရာတွင် ကုန်ကျငွေများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ နှစ်စဉ် ရန်ပုံငွေ စာရင်းမှ တင်ပြသုံးစွဲခြင်းကို ခွင့်ပြုထားပြီး ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် သီးသန့် ရန်ပုံငွေ ထူထောင်ရန် မရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသည် ပွဲလမ်းသဘင်များ ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြုချထားပေးသော သီးသန့် ရန်ပုံငွေ မရှိခြင်းကြောင့် ဒေသတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများထံမှ အလှူငွေများ အချိုးချ ထည့်ဝင်ရခြင်း၊ ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူငွေများ ကောက်ခံ၍ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရွှေဘိုမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်က ဆိုသည်။

“ယခင်အစိုးရ အဆက်ဆက်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေထံက ခွဲတမ်းနဲ့ ကောက်ခံခဲ့တာ ရှိတယ်။ ပွဲလမ်းသဘင် ကျင်းပဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေထံက အလှူငွေ ကောက်ခံတာလည်း ရှိတယ်”ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အလားတူ အစိုးရ ဌာနဆိုင်ရာများက ဦးစီးကျင်းပသော ပွဲတော်များ ရန်ပုံငွေအဖြစ် ပြက္ခဒိန်များကို သက်ဆိုင်ရာ ဝန်ထမ်းများက ပြင်ပလူပုဂ္ဂိုလ်များထံ ရောင်းချခြင်းများ ပြုလုပ်ခဲ့ရကြောင်း ရဲဝန်ထမ်း တစ်ဦးက ဆိုသည်။

Sunday, October 2, 2016

လွှမ်းမိုး၏ လွှမ်းမိုးခဲ့သော သီချင်းများကို အဆိုတော် ၁၀ ဦး ပြန်လည်အသက်သွင်းမည်


 အမျိုးသားအဆိုတော် ၁၀ ဦးပါဝင်သီဆိုမည့် လွှမ်းမိုး ၏ လွှမ်းမိုးခဲ့သော တေးသီချင်း များ ဖျော်ဖြေပွဲကို အောက်တိုဘာ ၈ ရက်တွင် အမျိုးသားကဇာတ်ရုံ ၌ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုပြည့်ဖြိုးဟန်က ပြောသည်။

‘‘ဦးလွှမ်းမိုးရဲ့မုဒ်အတိုင်းရ အောင် အမျိုးသားအဆိုတော်တွေ နဲ့ စီစဉ်ဖြစ်တာပါ။ သီချင်းက တော့ တစ်ယောက်ကို သုံးပုဒ်စီ လောက်ဆိုမှာပါ’’ဟု ၎င်းက ပြော သည်။ ဖျော်ဖြေပွဲတွင် မာရဇ္ဇ၊ဂရေဟမ်၊ Rဇာနည်၊ ဇော်ပိုင်၊ဖိုးကာ၊နန္ဒဧရာ၊ ဉာဏ်လင်းအောင်၊ ဖြိုး ပြည့်စုံ၊ အောင်ထက်နှင့် အောင် မြင့်မြတ်တို့ ပါဝင်မည်ဖြစ်ပြီး အဆိုတော်လွှမ်းမိုး နာမည်ကြီးခဲ့ သည့် သီချင်းများအပါအဝင် ပရိ သတ်နှစ်သက်သည့် သီချင်းများ ဖြင့် ဖျော်ဖြေမည်ဟု ဆိုသည်။

လက်မှတ်များကို ကျပ်တစ် သောင်း၊ နှစ်သောင်း၊ သုံးသောင်း နှင့် လေးသောင်းသတ်မှတ်ထား ပြီး 4tv Show-room၊ စီးတီးမတ် များနှင့် 1876 Hotline တို့တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

‘‘အရင် ဦးလွှမ်းမိုးသီချင်း တွေကို တီးခဲ့တဲ့ Band နဲ့ပဲဆိုမှာ ဆိုတော့ ဘာမှပြောင်းလဲထားတာ တော့ မရှိပါဘူး။ သီချင်းသုံးပုဒ် ပါဝင်သီဆိုမှာပါ’’ဟု ယင်းဖျော် ဖြေပွဲတွင် ပါဝင်သီဆိုမည့် အောင်ထက်က ပြောသည်။

သီတင်းကျွတ်လပြည့်ည ဖျော်ဖြေပွဲလက်မှတ်များ အောက်တိုဘာ ၈ ရက် စရောင်းမည်


 သီတင်းကျွတ်လပြည့်ည ပျော်ပွဲရွှင်ပွဲအဖြစ် ဟစ်ဟော့ပ်အဆိုရှင်များ ပါဝင်သီဆိုမည့်ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ် မည်ဖြစ်ကြောင်း ဘိုဘိုအင်တာတိန်းမန့်မှ သတင်းရရှိသည်။

ဖျော်ဖြေပွဲတွင် ဟစ်ဟော့ပ်အဆိုရှင်များဖြစ်သည့် လွှမ်းပိုင်၊ ရဲရင့်အောင်၊ Snare၊ X Box၊ ရွှေထူး၊ Ar-T၊ ထက်ယံ၊ G Fatt၊ Bobby Soxer နှင့် အမရာဖုန်းတို့ ပါဝင်သီဆိုမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်ည၌ ပြုလုပ်မည်ဖြစ်သည်။

လက်မှတ်များကို ကျပ်ကိုး ထောင်နှင့် နှစ်သောင်း (VIP) သတ်မှတ်ထားပြီး အောက်တိုဘာ ၈ ရက်ကစ၍ စီးတီးမတ်၊ Orange နှင့် Nobody ဆိုင်များ၌ စတင်ဝယ်ယူနိုင်မည်ဟု ဆိုသည်။

Monday, September 26, 2016

အညာဒေသ၏ ထင်ရှားသော ပွဲတော်ကြီးတစ်ခုဖြစ်သည့် ရွှေဘိုမြို့ထောင့်စေတီတော်ပွဲ(မော်ဓောမြင်သာ မြို့ထောင့်စေတီတော်)ကြီးကို စတင်ကျင်းပနေပြီဖြစ်သည်။

နွေစပါးရိတ်သိမ်းပြီး ငွေရွှင်ချိန်လည်းဖြစ် မိုးစပါးစိုက်ပြီး အားလပ်ချိန်လည်း ဖြစ်သောကြောင့် ရွှေဘိုမြို့ထောင့်စေတီပွဲသည် နှစ်စဉ်စည်ကားလေ့ရှိသည်။ ဘုရားပတ်လည် ဈေးတန်းများတွင် အထည်အလိပ် အင်္ကျီမှအစ အိုးခွက်ပန်းကန် အိမ်ထောင်ပရိဘောဂအထိ အိမ်သုံးလူသုံး ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်း စုံလင်စွာ ဝယ်ယူနိုင်သည့် အညာဈေးပွဲတော်ကြီးတစ်ခုလည်း ဖြစ်သည်။ ပွဲတော်အား အောက်တိုဘာလ ၂ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ဓာတ်ပုံ-ညီညီဇော်