Showing posts with label ဆန္ဒပြ. Show all posts
Showing posts with label ဆန္ဒပြ. Show all posts

Saturday, October 8, 2016

ခွင့်မပြုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒ ထုတ်ဖော်ခဲ့သဖြင့် ဦးဆောင်သူကို အမှုဖွင့်


မြစ်ကြီးနား၊ အောက်တိုဘာ ၈

ထိုးစစ် ရပ်တန့်ရေးနှင့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် မြစ်ကြီးနားမြို့တွင်း၌ ဆန္ဒ ထုတ်ဖော်မှုတွင် ခွင့်ပြုချက် မရသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်သဖြင့် အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်သူကို အရေး ယူသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းထံမှ သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ အောက်တိုဘာ ၆ ရက်က ထိုးစစ်နှင့် တိုက်ပွဲများ ရပ်တန့်ရေး စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ရာတွင် ခွင့်ပြုချက် ပေးမထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်း၊ ကြွေးကြော်ခြင်းများကြောင့် အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲမှူးမြင့်သိန်းက ပြောကြားသည်။

“ခွင့်ပြုချက် မပေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်လို့ အမှု ဖွင့်ထားတယ်။ ဥပဒေအတိုင်းပဲ လုပ်ဆောင်သွားမယ်”ဟု ၎င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ရန် လျှောက်ထားရာတွင် တပ်မတော် ထိုးစစ်ရပ်ပေးပါ၊ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းပေးပါ၊ စစ်ရှောင် ဒုက္ခသည်များအား ကူညီပေးပါစသည့် ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်မည်ဟု လျှောက်ထားခဲ့သော်လည်း အမှန်တကယ် ဆန္ဒ ထုတ်ဖော်ရာတွင် ခွင့်ပြုချက် လျှောက်ထားစဉ်က မပါဝင်ခဲ့သည့် တပ်မတော်မှ ကချင် အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိ အဓမ္မကျင့် သတ်ဖြတ်မှု အလိုမရှိ၊ ကချင်ပြည်နယ်တွင် ဖက်ဒရယ်စနစ်ဖြင့် ကိုယ်တိုင်ပြဋ္ဌာန်းခွင့် ရရှိရေး စသည့် ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းထံမှ သိရသည်။

ထိုသို့ပြုမူခဲ့မှုနှင့် ပတ်သက်၍ ဆန္ဒ ထုတ်ဖော်ရာတွင် ဦးဆောင်သူဖြစ်သည့် ဦးလုံဂျုံတူးရောကို အရေး ယူပေးရန် ရဲမှူးမြင့်သိန်းက တရားလိုပြု တိုင်တန်းချက်အရ (ပ)၂၁၂ /၂၀၁၆၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းထံမှ သိရသည်။

Tuesday, October 4, 2016

ကချင်ပြည်နယ်တွင် တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

မြစ်ကြီးနားမြို့ မနောကွင်း၌ အောက်တိုဘာ ၃ ရက်တွင် စစ်ဘေးရှောင်နှင့်ဒေသခံပြည်သူများက ကချင်ပြည်နယ်၌တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ − မရန်)

ကချင်ပြည်နယ်၌ တပ်မတော်ထိုးစစ်ဆင်မှုများအ မြန်ဆုံးရပ်ဆိုင်းပေးရန်လူဦးရေ ထောင်ချီရှိ စစ်ဘေးဒုက္ခသည် များနှင့် ဒေသခံပြည်သူများကအောက်တိုဘာ ၃ ရက်တွင် မြစ် ကြီးနားမြို့ရှိ မနောကွင်း၌ စုဝေးဆန္ဒထုတ်ဖော်ခဲ့သည်။

ကချင်ဒေသတွင် တပ်မ တော်မှ ထိုးစစ်ချက်ချင်းရပ်ရန်၊ စစ်ရှောင်ဒုက္ခသည်များအား နိုင်ငံ တကာမှ စားနပ်ရိက္ခာထောက်ပံ့မှု မရပ်တန့်ရန်၊ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်း ရန်၊ စစ်ဘေးရှောင်များဂုဏ်သိက္ခာ ရှိစွာ နေရပ်ပြန်နိုင်ရန်၊ ကချင် ပြည်နယ်တွင် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန်၊ တပ်မ တော်က တိုင်းရင်းသူအမျိုးသမီး များအား စနစ်တကျအဓမ္မပြုကျင့် သတ်ဖြတ်မှုအလိုမရှိ၊ End War in Kachin Region Now စသည့် အချက်များကို တောင်းဆိုခဲ့ကြ သည်။

‘‘ကေအိုင်အေကို ထိုးစစ် ဆင်ပြီး ကေအိုင်ကေလျော့သွား တယ်ဆိုတာ တစ်ခါမှမရှိခဲ့ဘူး။ ကေအိုင်အေကို ထိုးစစ်ဆင်လည်း ကေအိုင်အေက ပိုပြီးအင်အားကြီးလာလေလေပဲ။ နှစ် ၅၀ ကျော်ကတည်းက သူတို့တိုက်လာတာပါ။ ဒါပေမဲ့ ကေအိုင်အေက အင်အားလျော့မသွားဘူး။ ပိုပိုပြီးဝလာတယ်။ စစ်လက်နက်ကလည်း ပိုပြီးတော့ကောင်းလာတယ်။ တပ်မတော်ကလည်း ထိုးစစ်ဆင်တယ်။ ဘယ်လောက်ပဲ လုပ်လုပ်ဘယ်ဘက်ကမှ မနိုင်ဘူး။ ဘာပဲအကျိုးရှိသလဲဆိုရင် သာမန်အရပ်သားတွေ၊ ပြည်သူတွေပဲ ဒုက္ခရောက်တယ်’’ ဟု ဆန္ဒထုတ်ဖော်သည့် အစီအစဉ်ကိုကျင်းပရာတွင် ဦးဆောင်ပါဝင်သူ ဦးလုံဂျုံတူးရော်ကဆိုသည်။ မူလက ဆန္ဒပြလမ်း လျှောက်ရန် စီစဉ်ထားသော် လည်း သက်ဆိုင်ရာက ခွင့်မပြု၍ လမ်းလျှောက်ခြင်း အစီအစဉ်မပြုလုပ်တော့ဘဲ ဆုတောင်းခြင်းသာ ပြုလုပ်ခြင်းဖြစ်သည်။

‘‘ကျွန်မတို့ဆီမှာ အခုဖြစ်နေ တဲ့ တိုက်ပွဲတွေရပ်တန့်လာအောင်  ပြီးတော့ ကျွန်မတို့လူမျိုးတွေကို ဖိ နှိပ်နေတာတွေကို ရပ်တန့်သွား အောင် ပြည်သူများနဲ့အတူ ဆန္ဒ ထုတ်ဖော်ဖို့လာရောက်ပါဝင်ဖြစ် ပါတယ်’’ဟု အသက်(၂၄)နှစ်ခန့် အရွယ်ရှိ မြစ်ကြီးနားဒေသခံမမွန် ပျော်ကဆိုသည်။

တိုက်ပွဲရပ်ရန်လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုကို အောက် တိုဘာ ၆ရက်တွင် ပြန်လည်ပြု လုပ်မည်ဖြစ်ကြောင်း ဦးလုံဂျုံတူးရော်က ဆိုသည်။

‘‘ဒီနေ့လိုပါဝင်ခဲ့တဲ့အတွက် ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ညီအစ်ကိုဆွေမျိုးတွေကို ပိုပြီးသ တိရစေတယ်။ စိတ်လည်းတ ကယ်မကောင်းဘူး။ ဒါကြောင့် တိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်း စေချင်တယ်’’ဟု မြစ်ကြီးနားဒေ သခံကိုဂျွန်ကဆိုသည်။

လွန်ခဲ့သည့်တစ်လခန့်က စ တင်ပြီး ကချင်ပြည်နယ်တွင် တပ် မတော်နှင့် ကေအိုင်အေတို့အကြားတိုက်ပွဲများ ပြင်းထန်လျက်ရှိ သည်။

Monday, September 26, 2016

လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ ပြည်မြို့မှာ ဆန္ဒပြ


 

( မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ပြည်မြို့မှာ ဆန္ဒပြနေစဉ် ) Photo: ဇော်ထွန်း/ Facebookမြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာ လူ့အခွင့်အရေးလှုပ်ရှားနေသူ ၆၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေက အိမ်အကူမိန်းကလေး ၂ ဦးအပေါ် ညှဉ်းပန်းနှိပ်စက် ခဲ့တဲ့အမှုကို ငွေကြေးနဲ့ ကျေအေးဖို့ ဆုံးဖြတ်ပေးခဲ့တာကြောင့် ကန့်ကွက်တာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုဇော်ထွန်းက ပြောပါတယ်။

"ဒီအိမ်ဖော်ကလေးမလေး နှစ်ယောက်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို ရှုတ်ချပြီး ကန့်ကွက်ဆန္ဒပြတာ၊ ဒီအမှုကို အလုပ်ရှင်အလုပ် သမားပုံစံမျိုးနဲ့ ညှိနှိုင်းဖြန်ဖြေ ငွေကြေးနဲ့ ဆုံးဖြတ်တာကို ကန့်ကွက်တယ်၊ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့သူတွေကို ကျနော်တို့က ထွက်စေချင်တယ်" လို့ ကိုဇော်ထွန်း က ပြောပါတယ်။

ကျောက်တံတားမြို့နယ်က အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေက အိမ်အကူ မိန်းကလေး ၂ ဦးအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး လစာမပေးပဲထားခဲ့တဲ့အပေါ် တစ်ဦးကို ကျပ်သိန်း ၅၀ ကျန်တစ်ဦးကို ကျပ် ၁၀ သိန်းနဲ့ နစ်နာကြေးပေးတဲ့နည်းနဲ့ ကျေအေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ်။

RFA Burmese

Saturday, September 24, 2016

ဆန္ဒပြရာတွင် ငွေပေးစည်းရုံးခြင်း မပြုရဟု ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်

Posted: September 24, 2016

ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာတွင် ငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရဟူသည့် ပုဒ်မအား ဥပဒေတွင် ထည့်သွင်းရန် အတည်ပြုခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာ ၂၃ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ်လုံးက သဘောထား ကွဲလွဲနေသည့် ကွဲလွဲချက်ရှစ်ခုရှိပြီး အဆိုပါငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရဟူသည့် ပုဒ်မသည်တစ်ခုအပါအ၀င် ဖြစ်ခဲ့သည်။

 

ဥပဒေကြမ်း၏ ပုဒ်မ ၄(စ)၊ ပုဒ်မ ၁၀ (ည)၊ ပုဒ်မ ၁၀ (ခ)၊ ၁၀ (ဂ)၊ ၁၀ (ဈ)၊ ပုဒ်မ ၁၂ နှင့် ပုဒ်မ ၂၅ တို့ တွင် လွှတ်တော် နှစ်ရပ်တို့ သဘောကွဲလွဲခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ပြည်သူ့ လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက် ခြောက်ခုနှင့် အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်တစ်ခု တို့ ကို သဘောတူခဲ့ပြီး သီးခြားဖြည့်စွက်ချက် တစ်ခုကိုလည်း ပြင်ဆင် အတည်ပြုခဲ့သည်။

 

“ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုရာတွင် သူတစ်ဦးဦးအား ငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ ပါဝင်စေခြင်း၊ ငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ လက်ခံ၍ ပါဝင်ခြင်းတို့  မပြုလုပ်ရ” ဟူ၍ ပုဒ်မ ၁၀ (ဈ) တွင် အမျိုးသား လွှတ်တော်က ပြင်ဆင် အတည်ပြုခဲ့ခြင်းကို ပြည်သူ့လွှတ်တော်က ထို ပုဒ်မ တစ်ခုလုံးအား ပယ်ဖျက်ထားသော်လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီက စာသားအသစ်များ ပြောင်းလဲ ဖြည့်စွက်ခဲ့သည်။

 

ပြင်ဆင်ဖြည့်စွက်လိုက်သည့် စာသားမှာ “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း တို့  ပြုလုပ်စေရန် မရိုးမဖြောင့်သော သဘောဖြင့် သူတစ်ဦးဦးအား ငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရ” ဟု ဖြစ်သည်။

 

ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် စာသားကို ပြင်ဆင်ရခြင်းနှင့် ပတ်သက်ပြီး “ငွေ သို့ မဟုတ် ပစ္စည်းပေးခြင်း၊ ယူခြင်း လို့ သုံးထားရင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာမှာ အဝေးက လာရသူတွေကို ခရီးစရိတ်ပေးရတာ၊ ရင်ထိုး ပစ္စည်းပေးရတာတွေ ရှိနိုင်တော့ အရေးယူခံရနိုင်ပါတယ်။ ဒါကြောင့် ငွေကြေး သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရလို့ ပြင်ဆင်ရတာပါ” ဟု ရှင်းပြခဲ့သည်။

 

ထိုပုဒ်မ ၁၀ (ဈ)အတွက် ဆန္ဒမဲ ရယူသည့်အခါ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ ပြင်ဆင် အတည်ပြုချက်ကို ထောက်ခံမဲ ၂၂၅ မဲ၊ ကန့်ကွက်မဲ ၁၆၀၊ ကြားနေ ၁၆၁ မဲရရှိခဲ့သည်။ ပြည်ထောင်စု လွှတ်တော်၏ ဆန္ဒမဲရလဒ်တို့ တွင် ပွတ်ကာသီကာ အနိုင်ရခြင်း၊ ကြားနေမဲများ ပုံမှန်ထက် များနေခြင်းတို့  ရှိကြောင်း သိရသည်။

 

စိုင်းဟန်

The Ladies News

Friday, September 23, 2016

လူ့အခွင့်အရေးကော်မရှင် နုတ် ထွက်သည်အထိ ဆန္ဒပြမည်

 

အင်းဝအပ်ချုပ်ဆိုင်က အိမ်ကူ ကလေးနှစ်ယောက်ကို ညှဉ်းပမ်းနှိပ်စက်တဲ့ကိစ္စမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ညှိနှိုင်းပေးခဲ့တာကို မကျေနပ်တဲ့အတွက် စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ၆ မိုင်ခွဲမှာရှိတဲ့ ရုံးရှေ့မှာ ဆန္ဒပြစဉ်။ Photo: Kyaw Zaw Win/RFAမြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ မနုတ်ထွက်မချင်း ကော်မရှင်ရုံးရှေ့မှာ နေ့စဉ် ဆန္ဒပြဖို့နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ နုတ်ထွက်ရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုဖို့ အရပ်ဘက်အဖွဲ့အစည်း အချို့ စုပေါင်းပြီး ပြင်ဆင်နေပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေကို နေ့စဉ်ရှုတ်ချသွားမှာဖြစ်ပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုသွားမယ်လို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာက ကိုသက်ဆွေဝင်းက ပြောပါတယ်။

"လှည်းတန်းမှာ ကျနော်တို့စပြီးတော့ လက်မှတ်ကောက်မှာပေါ့၊ နုတ်ထွက်စေချင်ပါတယ်ဆိုတဲ့ ကမ်ပိန်းပေါ့၊ နောက်ပြီးတော့ နေ့စဉ် ဆန္ဒပြသွားဖို့လဲ စီစဉ်နေတာရှိပါတယ်။ လူ့အခွင့်အရေးကော် မရှင်ရှေ့မှာ နေ့စဉ်ကျနော်တို့သွားပြီး ဆန္ဒထုတ်ဖော်မှာပေါ့၊ အဲ့ဒါကတော့ တစ်ရက်ကို နာရီ ၀က်လောက်လုပ်ဖို့ စီစဉ်နေတာရှိပါတယ်၊ သူတို့နုတ်ထွက်တဲ့အထိ နေ့တိုင်းကျတော်တို့ ရှုတ်ချ တာပေါ့၊ တောင်းဆိုမှုတွေလုပ်သွားမှာပေါ့"

ကော်မရှင် အဖွဲ့ဝင်တွေ နုတ်ထွက်ရေးအတွက် လက်မှတ်ကောက်ခံပွဲကို မနက်ဖြန် စက်တင်ဘာ ၂၄ ရက်နေ့ ကနေ၂၈ ရက်နေ့အထိ အဖွဲ့အစည်းအလိုက်ကောက်ယူသွားမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ်တွေကို နိုင်ငံတော် သမ္မတ ရုံးကို တင်ပြသွားမှာ ဖြစ်ပါတယ်။

အခု လှုပ်ရှားမှုကို ရန်ကုန်လူငယ်ကွန်ရက်၊ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာ၊ ညီမျှခြင်းမြန်မာ၊ Triangle Women Support စတဲ့အဖွဲ့တွေပါဝင်ကြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်က အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်ဖော် မိန်းကလေး နှစ်ယောက်ကို လစာမပေးဘဲ ညှဉ်းပမ်းနှိပ်စက်ခဲ့ကြတဲ့ လုပ်ရပ်ကို လျော်ကြေးငွေနဲ့ ကျေအေးဖို့အတွက် လူ့အခွင့်အရေးကော်မ ရှင်က ညှိနှိုင်းပေးခဲ့တာကြောင့် ကော်မရှင်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့ကို ပြင်ပြင်းထန်ထန် အရေးယူပေးဖို့ အရေးတကြီး အဆိုကိုလည်း ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူထားပါတယ်။

RFA Burmese

Tuesday, September 20, 2016

ဂန့်ဂေါ တံတား တည်ဆောက်ပေးရေးဆန္ဒပြပွဲတွင် ဘူးလက်ဦးလှဆွေပါဝင် ဆန္ဒပြ

Posted: September 20, 2016

ဂန်ဂေါမြို့ရှိ ဇဟောတံတား တည်ဆောက်ရေးအတွက် ဆန္ဒပြပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေပါဝင်ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နှင့် ဇဟောကျေးရွာ အကြား၌ မြစ်သာမြစ်ကူးတံတား တည်ဆောက်ပေးရန်၊ ဂန့်ဂေါမြို့နှင့် ကံသာကျေးရွာ အင်းကျွန်းကျောက်ပြုတ် ကျေးရွာသို့ ဆက်သွယ်ထားသည့် မိုင်အရှည် ၄၀ ခန့်ရှိ

လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ဇဟောကျေးရွာဒေသခံ ၆၀၀ ကျော်က ဂန့်ဂေါမြို့၌ ယနေ့(စက်တင်ဘာ ၂၀ ရက်) နံနက် ၈ နာရီခန့်က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

 

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဦးလှဆွေက ယင်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် “ဇဟောဆိုတဲ့ရွာက မြစ်သာမြစ် အနောက်ဘက်မှာ ရှိတယ်။ အဲ့ရွာကို ဂန့်ဂေါ နဲ့ သုံးဘီးဆိုင်ကယ် အဆင့်ဖြတ်ကူးနိုင်တဲ့ ကြိုးတံတားထိုးဖို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကျနော်ကိုယ်တိုင်တင်ပြနိုင်ခဲ့တဲ့အတွက် နောက်ဆုံးရတဲ့ ဘတ်ဂျက်အဖြစ် သိန်း ၄၂၀၀ ကျော်ကျခဲ့တယ်။ ကျနော်သာ ဆက်ပြီးတာဝန်ယူရင် ဒီတံတားကပြီးနေပြီ။ ခု ဂန့်ဂေါ ဒီချုပ်အမှု့ဆောင် ဆိုသူတွေနဲ့ အမတ်တွေက ဦးလှဆွေ တင်ခဲ့တဲ့ဘတ်ဂျက် ဆက်မလုပ်ဘူးဆိုပြီး တမင်ညစ်ပြီး ရပ်ထားတာဗျ ၊ တင်ဒါလည်းခေါ်တယ်၊ ခေါ်ပြီး ပြန်ရုပ်သိမ်းတယ်။ ဒါကြောင့် ရွာသားတွေ ၁၂၀၀ လောက် စုပေါင်းလက်မှတ်ထိုးပြီး ကျပြီးသားဘတ်ဂျက်နဲ့ တံတားထိုးပေးဖို့ မရုပ်သိမ်းဖို့ သမ္မတ ဆီလည်း တင်ထားတယ်တဲ့။ ဒါကြောင့်ဆန္ဒပြကြတာပါ” ဟု ရေးသားထားသည်။

 

စိုင်းဟန်

Photo - Mg Maung Di ဖေဘုတ်

The Ladies News

Tuesday, August 30, 2016

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တရားဒပဒေစိုးမိုးမှုရှိစေရေး တစ်ကိုယ်တော် ဆန္ဒဖော်ထုတ် တောင်းဆို



Posted: August 30, 2016

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တရားရုံး၏ တရားစီရင်မှု မှန်ကန်ရေးနှင့် တရားဥပဒေစိုးမိုးခြင်း မရှိမှုအပေါ် မကျေနပ်ဟု ဆိုကာ သြဂုတ်လ (၂၉)ရက်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

 

တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင်ကျေးရွာမှ ကိုဇော်လွင်ဖြစ်ပြီး တောင်ကုတ် မြို့နယ်အတွင်း လယ်ယာမြေ၊ ဥယျာဉ်ခြံမြေအစရှိသည့် မှုခင်းဖြစ်စဉ်များအား တောင်ကုတ်မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက် ချမှတ်မှုများအပေါ် တရာစီရင်မှု မှန်ကန်စေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

“တောင်ကုတ်မြို့နယ်တရားရုံးဟာ မြို့နယ်တွင်း လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ အမှုအခင်းတွေမှာ ဘက်လိုက်ပြီး ဆုံးဖြတ်တယ်လို့ ယူဆပါတယ်။ ဒီလိုဘက်လိုက်ဆုံးဖြတ်ချက် အပေါ်မှာ ကျွန်တော်အပါအ၀င် အောက်ခြေ အခြေခံ လူတန်းစားတွေ ခံစားနေရပါတယ်။ ဒါကြောင့် တောင်ကုတ်မြို့နယ် တရားရုံးရဲ့ ရှေ့နေများနဲ့ တရားသူကြီးများကို အခြေခံထားပြီး တစ်နိုင်ငံလုံး တရားစီရင်ရေးစနစ် မှန်ကန်စေချင်လို့ ဆန္ဒဖော်ထုတ်ရတာပါ” ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ကိုဇော်လွင်က ပြောသည်။

 

တောင်ကုတ်မြို့နယ်အတွင်း လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ မှုခင်းဖြစ်စဉ်အတွင်း လာဘ်ပေး လာဘ်ယူမှုနှင့် ဘက်လိုက် ဆုံးဖြတ်မှုများရှိကြောင်း ဒေသခံတောင်သူတို့က ဆိုသည်။

 

ဆန္ဒထုတ်ဖော်သူ ကိုဇော်လွင်ပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၈-က)သံတွင်းကွင်းရှိ လုပ်ကွက် အမှတ်(N-8)ရှိ ဥယျာဉ်ခြံမြေ (၃.၃၄)ဧကရှိ သီးပင်စားပင်များအား ကျုးကျော်ခုတ်လဲသူများအား ကိုဇော်လွင်မှ ပိုင်နက် ကျူးကျော်မှု ပုဒ်မ-၄၄၇/ ၄၂၇ ဖြင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားသော်လည်း တရားရုံးမှ တရားစွဲဆိုမှု ကန်မှန်မှုမရှိကြောင်း ဆုံးဖြတ်ပြီး အမှုအား ပယ်ချခံလိုက်ရကြောင်း ကိုဇော်လွင်ထံမှ သိရသည်။

 

ထိုသို့ဆန္ဒဖော်ထုတ်ရန်အတွက် တောင်ကုတ်မြို့မ ရဲစခန်းမှ ကိုဇော်လွင်လျှောက်ထားသည့် ခွင့်ပြုချက်အား သြဂုတ်(၂၆)ရက်နေ့တွင် တရားဝင် ခွင့်ပြုပေးလိုက်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ သိရသည်။

 

MMK

The Ladies News