Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Saturday, October 8, 2016

မြန်မာ့စီးပွားရေးအတွက် အမေရိကန်ဒေါ်လာ သန်း (၁၃၀)ကူညီမည်


မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကဏ္ဍအသီးသီးမှာ အသုံးပြုနိုင်ဖို့ ဗြိတိန်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၁၃၀) ကို ကူညီသွားဖို့ရှိတယ်လို့ ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ မစ္စတာ ဂျွန်ဘားဂိုးကပြောပါတယ်။

အာက်တိုဘာလ(၇)ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ နိုင်ငံရေး သိပ္ပံ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာပြောသွားခဲ့တာပါ။

လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့အနေနဲ့ထောက်ခံအားပေး သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကိုလည်း ယုံကြည်တယ်လို့ဆိုပါတယ်။

 နှစ်ပေါင်းများစွာခံစားနေရတဲ့ ရခိုင်ပြည်နယ်ရဲ့ ဒုက္ခကို ဖြေရှင်းနိုင်ဖို့အဓိကကျတဲ့အတွက် ခွဲခြားဆက်ဆံမှုတွေကို မေ့ထားကြဖို့လိုတယ်လို့လည်း သူကပြောပါတယ် ။

ဒါ့အပြင် ရခိုင်ပြည်နယ်အပါအ၀င် အခြားသောပဋိပက္ခဒေသတွေမှာ နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုအရ ပေးအပ်တဲ့ အကူအညီတွေကိုလည်း ကန့်သတ်တာမျိုးတွေ ရှိနေခဲ့ မယ်ဆိုရင် ဒါကို ဖယ်ရှားပေးဖို့လည်း သူကပြောဆိုခဲ့ပါတယ်။

 ဗြိတိန်အောက်လွှတ်တော်အမတ် မစ္စတာဂျွန်ဘားဂိုးဟာ မြန်မာနိုင်ငံရဲ့လွှတ်တော်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရ၊ လွှတ်တော်အပါအ၀င် တပ်မတော်ဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - CNN
5 Plus News

မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုအားလုံးကို ပယ်ဖျက်ဖို့ သမ္မတ အိုဘားမား ကြေညာချက်ထုတ်ပြန်

မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ပယ်ဖျက်ပေးဖို့ အောက်တိုဘာလ ၇ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ကွန်ကရက် လွှတ်တော်ကို ပေးပို့တဲ့ စာထဲမှာ အရင်က ပစ်မှတ်ထားအရေးယူခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ စပ်ဆက်တဲ့ ကုမ္ပဏီတွေ ၊စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း ပိတ်ဆို့အရေးယူမှုကနေ ဖယ်ရှားပေးလိုက်တာပါ။

အရင် စစ်အစိုးရ လက်ထက်က မူဝါဒတွေဟာ အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ ယူဆချက်နဲ့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီး စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အိုဘားမားတို့ ပြီးခဲ့တဲ့လက ၀ါရှင်တန်မှာ တွေ့ဆုံစဉ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
အမေရိကန်အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေးဖို့ ပြင်ဆင်နေတယ်လို့ အိုဘားမားက ပြန်လည် ပြောကြားခဲ့ပါတယ်။

Friday, October 7, 2016

ကန်တော်ကြီးတွင် ပြုလုပ်မည့် မီးပုံးပျံဆင်းသည့် ကွင်းသည် လူထုအကျိုးမဟုတ်ဘဲ ပုဂ္ဂလိက အကျိုးစီးပွားဖြစ်နေ၍ အလေးအနက်ထား ဆင်ခြင်သင့်

Posted: October 6, 2016

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအပိုင် ငါးပြတိုက် အနီးရှိ ကံ့ကော်ကျွန်းကို အပျော်စီး မီးပုံးပျံဆင်းသည့် ကွင်းသည် လူထုအကျိုး အများဆုံးဖြစ်မည့် အရာ မဟုတ်ဘဲ ပုဂ္ဂလိက အကျိုးစီးပွားဖြစ်နေ၍ အလေးအနက်ထား ဆင်ခြင်သင့်သည်ဟု မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က အောက်တိုဘာ ၆ ရက်တွင် The Ladies သို့ ပြောသည်။

“ကျွန်တော်တို့ဆီကိုတော့ တိုင်စာပို့ထားတယ်။ တိုင်စာထဲမှာက အရင်ငါးပြတိုက်ဟောင်း နေရာမှာ အမည်မသိတဲ့ ကုမ္ပဏီတစ်ခုမှ မီးပုံးပျံကွင်း တည်ဆောက်ရန်အတွက် သစ်ပင်အလှများကို ခုတ်လဲခြင်းများ ပြုလုပ်တော့မယ်လို့ ကြားသိရတယ်။ ကျွန်တော်တို့လည်း သတင်းတော့ကြားတယ်။ ကြိုးတွေတားထားတာတော့ တွေ့ရတယ်၊ ကျွန်တော်တို့ စုံစမ်းရသလောက်တော့ မီးပုံးပျံကတော့ ပုဂံက မီးပုံးပျံလို လှုပ်သွားတဲ့ မီးပုံပျံမဟုတ်ဘူးပေါ့။ အောက်ကနေ ကြိုးနဲ့ချည်ထားတဲ့ မီးပုံးပျံပေါ့။ တည့်တည့်တက်၊ အဲ့နေရာကိုပဲ တည့်တည့်ဆင်း ဆိုတဲ့ဟာမျိုးပေါ့။ အနည်းနဲ့ အများတော့ ပတ်ဝန်းကျင်က သစ်ပင်တွေ ထိခိုက်မယ့် အခြေအနေတော့ရှိတယ်” ဟု ဦးရန်အောင်က The Ladies သို့ ပြောသည်။

မီးပုံးပျံသည် ပန်းခြံနှင့် ရေကန်ပေါ်သို့ ဖြတ်ကျော် ပျံသန်းမည် မဟုတ်ဘဲ ၊ မြေပြင်မှနေ၍ သတ်မှတ်အမြင့်တစ်ခုသို့ ရောက်လျှင် ရပ်တန့်သွားမည်ဖြစ်သည်။ စီးနင်းလိုက်ပါလာသူများ အနေဖြင့် ကန်တော်ကြီး ၀န်းကျင်တစ်ခွင်ကို အပေါ်စီးမှ ရှုမြင်နိုင်မည်ဖြစ်ပြီး မီးပုံးပျံကို မြေပြင်နှင့် ကြိုးချည်၍ လွှတ်တင်ထားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ရန်နှင့် အများပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ကန်တော်ကြီးပန်းခြံ အတွင်းရှိ စတုရန်းပေ ၄၀၀၀၀ ကျယ်ဝန်းသည့် မြက်ခင်းတစ်ခုကို မီးပုံးပျံကွင်းနေရာ ပြုလုပ်ရန် Myanmar Voyage International Tourism ကုမ္ပဏီက အဆိုပြုထားကြောင်း သိရသည်။
 
“အစိုးရအဖွဲ့ကို မေးတာတော့ သူတို့လုပ်မယ့် နေရာမှာ အပင်တွေတော့ရှိတယ် ။ ဒါပေမယ့် သစ်ပင်အကြီးတွေ မဟုတ်ပါဘူးတဲ့၊  အပင် ၄၀ လောက်ကိုတော့ နေရာပြောင်းရွှေ့ပြီး စိုက်ရမယ် ။ သစ်ပင်အကြီးတွေ ခုတ်မှာ မဟုတ်ပါဘူးလို့ ပြောတယ်” ဟု အမည်မဖော်လိုသူ တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အဆိုပါကိစ္စအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ အပါအ၀င် အရပ်ဘက် အဖွဲ့အစည်းအချို့မှ ကန့်ကွက်ရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဇော်မင်းထွန်း
The Ladies News

Tuesday, October 4, 2016

မြို့နယ် ၆၃ မြို့နယ်မှာ စီမံကိန်းတွေ ဖော်ဆောင်ဖို့ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈၀၀ ထောက်ပံ့မယ်


ပြီးခဲ့တဲ့ နှစ်တွေအတွင်း အကောင်အထည်ဖော်ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်းတွေ အောင်မြင်ခဲ့တာကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးအတွင်းမှာရှိတဲ့ ၆၃ မြို့နယ်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က ကမ်းလှမ်းခဲ့တယ်လို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေဖြစ်တဲ့ ပျဉ်းမနားမှာ လူထုဗဟိုပြုစီမံကိန်း စတင်အကောင်အထည်ဖော်တဲ့ အခမ်းအနားမှာ ဦးအေးမောင်စိန်က ခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုတွေ ရှိနေပြီး လက်ရှိ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အပြင် အီတလီနိုင်ငံရဲ့ချေးငွေ ယူရို သန်း ၂၀ လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ လူထုဗဟိုပြုစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ပထမနှစ် စီမံကိန်းတွေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက ခုလို ထောက်ပံ့ဖို့ ကမ်းလှမ်းလာတာပဲ ဖြစ်ပါတယ်။

ကိုသားကြီး (နေပြည်တော်)

Share this:

Monday, October 3, 2016

ခေါ်ယူ အပ်နှံငွေ အတိုးနှုန်းတွေ ပုဂ္ဂလိက ဘဏ်တွေ လျှော့ချ


 

 ပြည်တွင်း စီးပွားရေး အခွင့်အလမ်း နည်းပါး နေတဲ့ အတွက် ဘဏ် အတိုးနှုန်း အပေါ် မှာသာ မှီခို ဖို့ လူတွေ စိတ် အားထက်သန် နေ။မြန်မာ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တချို့ဟာ Call Deposit လို့ ခေါ်တဲ့ ခေါ်ယူ အပ်နှံငွေ အတွက် ပေးတဲ့ အတိုး နှုန်းတွေ ကို အခု အောက်တိုဘာ လ က စလို့ စတင် လျှော့ချ နေသလို၊ တချို့ ဘဏ်တွေလည်း Call Deposit အတိုး နှုန်းထား တွေ လျှော့ဖို့ ပြင်ဆင် နေပါတယ်။

ပုဂ္ဂလိက ဘဏ်တွေ ဟာ သိန်း တစ်ရာ အထက်ဆို ၈ % နဲ့ သိန်း တစ်ရာ အောက် ဆိုရင် ၄ % ဝန်းကျင် ပေးခဲ့ ကြတာ ကနေ အတိုးနှုန်း လျှော့ချ နေကြတာ ဖြစ်ပါတယ်။

အဲဒီ့ ပမာဏမျိုး အတိုး ပေးတာဟာ ဘဏ်တွေ အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်လာ စေတယ်လို့ ပုဂ္ဂလိက ဘဏ် တွေ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါကလည်း ပြည်တွင်း စီးပွားရေး အခွင့်အလမ်း နည်းပါး နေတဲ့ အတွက် ငွေကို ရင်းနှီး မြှုပ်နှံ လုပ်ငန်း လုပ်ကြ တာထက် စာရင် ဘဏ် အတိုးနှုန်း အပေါ် မှာသာ မှီခို ဖို့ လူတွေ စိတ် အားထက်သန် နေကြတာ ဖြစ်တယ်လို့ ကျွမ်းကျင် သူတွေက သုံးသပ် ကြပါတယ်။

ဈေးကွက်ထဲမှာ ငွေကြေး စီးဆင်းမှု သုံးစွဲမှု အားနည်း နေပြီး စီးပွားရေး တုံ့ နှေးတာတွေ ကို မြန်ဆန်လာအောင် အစိုးရ ဗဟိုဘဏ် နဲ့ ပုဂ္ဂလိက ဘဏ်တွေကြား ညှိနှိုင်းပြီး လုပ်ဆောင် တာ ဖြစ်နိုင်တယ် ဆိုတဲ့ ပြောဆို မှု တွေလည်း ရှိနေ ပါတယ်။

BBC Burmese
Disclaimer

Sunday, October 2, 2016

ကြိုက်ကြမည် မဟုတ်သော်လည်း အလွန်ဖတ်သင့်ပါကြောင်း..

အမေး။ မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ကြီးကြီးမားမား ဘာကြောင့်မလာသေးတာလဲ?

အဖြေ။
(၁) စစ်အစိုးရ နှစ်ဆက် အုပ်ချုပ်ခံခဲ့ရခြင်း
(၂) ဒီမိုတို့၏ နှစ်ပေါင်းအစိတ် လောက် တောက်လျှောက် မောင်းတင် လာတဲ့ ဆန်ရှင်တွေရဲ့ effect မပျက်ပြယ်သေးခြင်း
(၃) အခြေခံ ဥပဒေအရ Head of State ဖြစ်တဲ့ သမ္မတမှာ အာဏာ မရှိခြင်း

အဖြေ (၁) ကတော့ ရှင်းပါတယ်။ ဒါပေမဲ့ လူတော်တော်များက ယူဆတဲ့ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည် အာဏာရရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ လာမယ်လို့ ယူဆထားတာဟာ အာဏာရပြီး ၆ လကြာတဲ့ အထိ ထင်သလို ဖြစ်မလာ ဘယ်သူမှမလာတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကမ္ဘာပတ်ပြီး လိုက်လံဖိတ်ခေါ်နေရတာဟာ မျက်မြင်ပါပဲ။

ဒီလို ဖြစ်ရတဲ့ အဖြေ (၂) နဲ့ (၃) အကျိုးတရားတွေကို ဖြစ်စေတဲ့ အကြောင်းတရားတွေကတော့

G2G Government to Government လုပ်ကြတဲ့ စီမံကိန်းတွေက နှစ်နိုင်ငံ ဆက်ဆံရေး အပေါ် မူတည်ပါတယ်။ Oversea Direct/Development Assistance ODA လို့လဲ ခေါ်တယ်။ ဖွံ့ဖြိုးရေးဘဏ်တွေ ဖြစ်တဲ့ World Bank တို့ ADB တို့ IMF တို့နဲ့ လုပ်တဲ့ စီမံကိန်းတွေကတော့ Stake Holders မြှီရှင် နိုင်ငံတွေ အပေါ် မူတည်တယ်။

Private sector International Investors တွေကလာမဲ့ ရင်းနှီးမြှပ်နှံမှုတွေကတော့ (၁) ရင်းနှီးမြှပ်နှံမှုအတွက် အာမခံချက် (၂) ၁၀% လောက် ကိုယ့်ပိုက်ဆံထည့် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ပြီး ၉၀% လောက်ကို ဘဏ်ပိုက်ဆံ။ ရှယ်ယာရှင်တွေ ပိုက်ဆံနဲ့ ရင်းနှီး နိုင်မှု အခြေအနေ။ (၃) တစ်ကျပ်ရင်းပြီး တစ်ဆယ်/တစ်ရာ ပြန်ရနိုင်သလား (၄) အခြေခံ ဘဏ်တိုးပေါ် ဘယ်လောက် မြတ်မလဲ (၅) စီမံကိန်း ပြန်ရောင်းလွယ်မှု အမြတ်ရလွယ်မှု စသည့် အရင်းရှင် တွက်ကိန်းများ အပေါ် မူတည်ပါတယ်။

Private Sector နဲ့ ပါတ်သက်လို့ စီးပွားရေး ဥပဒေသက ရှင်းတယ်။ "မြတ်ချင်လို့ လုပ်တာ ရှုံးချင်လို့ မဟုတ်ဘူး" အမြတ် များများ ရနိုင်လေ ရင်းလေလေပဲ။ ရှုံးခြေ ရှိရင် ဘယ်သူမှ မရင်းဘူး။ မလာဘူး။ ပြောင်းလဲနေပါပြီ။ အမေစု အာဏာရပါပြီ ဘယ်လောက်ပြောပြော ရင်းနှီးမှု မလာရင် မယုံလို့။ ရှုံးနိုင်ခြေ ရှိနေသေးလို့ပဲ။ ဒါက ရှင်းတယ်။ ငြင်းလို့မရတဲ့ စီးပွားရေး အမှန်တရား။

ဘာကြောင့်လဲ? နိုင်ငံရေး မတည်ငြိမ်မှုတွေ။ လက်နက်ကိုင် သောင်းကျန်းမှုတွေ။ အစိုးရသစ် မကျွမ်းကျင်မှုသေးတွေ ဒါတွေကို ဖယ်လိုက်ရင် အာမခံ ဆိုတာ ပေါ်လာမယ်။

ဘီလီယံချီတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှန်သမျှကို အစိုးရက အာမခံ ပြန်ပေးရတဲ့ Sovereign Guarantee/ State Guarantee ဆိုတာ ရှိတယ်။ အဲဒီ ဂရန်တီမှာ သမ္မတက လက်မှတ်ထိုးရတယ်။ ကမ္ဘာ့ စာချုပ် ဈေးကွက်မှာ အင်မတန် တန်ဘိုးရှိတယ်။

စစ်အစိုးရ လက်ထက်က legitimate သမ္မတ မရှိလို့ မြန်မာရဲ့ ဂရန်တီဟာ ငါးပြားမှ မတန်ဘူး။

ဦးသိန်းစိန် လက်ထက်မှာ အဲဒီ ဂရန်တီ တန်ဘိုးတက်လာလို့ Samsung က စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ နည်းဥပဒေက မလိုက်နိုင်ခဲ့တော့ မရခဲ့ဘူး။ ဂျပန်တွေဆီက သီလဝါစီမံကိန်းတော့ ရလိုက်တယ်။

အလွယ်ပြောရရင် Sovereign/State Guarantee က အကြောင်းကြောင်းကြောင့် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးခဲ့ရင် ပြန်ငွေဖော်လို့ ရအောင် ပေးတဲ့ ချက်လက်မှတ်ပေါ့။ တန်ဘိုးရှိတဲ့ Sovereign/State Guarantee ဟာ International Bank ကြီးတွေမှာ သွားပေါင်ရင် total investment ရဲ့ 25% ကနေ 75% အထိ ပြန်ရနိုင်ပါတယ်။

သီလဝါစီမံကိန်း လုပ်တဲ့ ဂျပန်တွေက MoU ထိုးအပြီးမှာ ဦးသိန်းစိန် လက်မှတ်ထိုးပေးလိုက်တဲ့ Sovereign/ StateGuarantee ကို ကိုင်ပြီး သီလဝါမှာ ၁၀% လောက် ပြီးအောင် လုပ်ပြ။ ရှယ်ယာတွေ ရောင်းဆက်လုပ်တဲ့ အပြင် ဂျပန်က ဘဏ်ကြီးတစ်ခုမှာ လဲ သွားပေါင် ပြီး အနည်းဆုံး ၂၅% သို့မဟုတ် ရနိုင်ရင် ၅၀% လောက်ထိယူမယ် ကြားတယ်။ ဒါနဲ့ ကိုယ့်ပိုက်ဆံနည်းနည်းထည့် ပေါင်းလုပ်နေကြတာပါ။ ကိုယ့်ပိုက်ဆံချည်းပဲ ၁၀၀% ရင်းတာ ရှားပါတယ်။ ဒီမှာ ထူးခြားတာက ဂျပန်တွေဟာ ဂျပန်ပြည်မှာ ရှယ်ယာ မရောင်းပဲ မြန်မာပြည်မှာ ရောင်းပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တာပဲ။

ပြန်ရမဲ့ အကျိုးအမြတ်က ကြီးမားလွန်းလို့ ၁၀၀% နီးပါး လာရင်းတာကတော့ Oil and Gas ရေနံ ကုမ္ပဏီတွေနဲ့ Telecom တယ်လီကွန်းတွေပဲ ရှိတယ်။ Hotel တွေကလဲ ပိုက်ဆံချေးပြီး လာလုပ်ကြတာချည်းပဲ။ ဘယ်သူပဲ  လာလာ နိုင်ငံတော် အဆင့် အာမခံတော့ ပေးရတာချည်းပဲ။ လုပ်စားကြတာချည်းပဲ။

လက်ရှိ မြန်မာပြည် လာလုပ်နေတဲ့ တယ်လီကွန်းတွေက ကိုယ့်ပိုက်ဆံရင်းတယ်။ သက်ဆိုင်ရာ နိုင်ငံတွေမှာ ရှယ်ယာတွေ ထုတ်ရောင်းတယ်။ အာမခံတွေကို ဘဏ်တွေ လိုက်ပေါင် ပိုက်ဆံချေးတယ်။ ဒါ့အပြင် ခေတ်ကောင်း (ဖုံးရှားတဲ့အချိန်) မှီလိုက်တော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေထဲမှာ Access to Communication ဆိုတဲ့ တောနေ ဆင်းရဲသားတွေ။ တိုင်းရင်းသား နယ်မြေတွေက တိုင်းရင်းသားတွေ ဖုံးကိုင်နိုင်ရေး အစရှိတဲ့ ခေါင်းစဉ်အောက်က ဖွံ့ဖြိုးရေး ရန်ပုံငွေတွေ လျှောက်ထား ရရှိလိုက်သေးတယ်။ ဟုတ်ကဲ့ တယ်လီကွန်းတွေ မြန်မာပြည်လာလုပ်ချင်ဖို့ အခွန်လျှော့ပေးရပါတယ် ဆိုတဲ့ ဦးသိန်းစိန် လက်ထက်က ဆယ်သွယ်ရေးနဲ့ သက်ဆိုင်ရာက ဝန်ကြီး ဝန်ကလေး လူပြိန်း တွေကို ဒဲ့ပြောတာ။ ခုချိန် အခွန်တိုးကောက်ဦး ဘယ်တယ်လီကွန်းမှ ကုတ်နဲ့ကော်ထုတ်တောင် မထွက်ဘူး။ မြတ်တာကိုးဗျ။

ဒီစာချုပ်တွေကို ဘယ်သူက တန်ဖိုး ရှိစေသလဲ ဆိုတော့။ George Soros တို့လို ငွေကြေးတွေ စာချုပ်တွေ ကစားတဲ့လူတွေက ဒီလို Sovereign Guarantee တွေ State Guarantees တွေ ကို အောက်ကြေးနဲ့ လိုက်ဝယ်ပါတယ်။ အစိုးရတွေဟာ ကုမ္ပဏီတွေထက် ပိုစိတ်ချရတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဒါလဲ မှန်ပါတယ်။ တရားမဝင်ပါဘူး ဆိုတဲ့ ယခင် စစ်အစိုးရ ချုပ်ခဲ့တဲ့စာချုပ်တွေကို တရားဝင်ဝင် မဝင်ဝင် နောက်အစိုးရက ပေးဆပ်ရမှာ ဖြစ်တယ်။ ငြင်းလို့ မရပါဘူး။ Soros လို လူမျိုးက ဒီလို စာချုပ်ကို ဝယ်လိုက်ပြီး နှစ် ၃၀ ဆို နှစ် ၃၀ ဖြည်းဖြည်းချင်း ချွေယူတာ။ မြတ်ရင် ပြန်ရောင်းသေးတယ်။

ဒါပေမဲ့ ဒီလို နိုင်ငံတော် အာမခံမျိုး ရနိုင်တဲ့ ကုမ္ပဏီမျိုးကလဲ နိုင်ငံတကာ လှည့်လည် ရင်းနှီး မြှုပ်နှံနိုင်ပြီး နာမည်ကောင်းရှိ creditability ရှိ။ ဘဏ်တွေ နိုင်ငံတွေက ယုံကြည် စိတ်ချရတဲ့ ကော်ပိုရေးရှင်းမျိုးပဲရနိုင်တယ်။ အာမခံ တန်ဖိုးကလဲ ရင်းနှီးမြှုပ်နှံမဲ့ စီမံကိန်းရဲ့ အမြတ်အစွန်း အလားအလာ။ စီမံကိန်းတည်ရှိရာ ဒေသ နိုင်ငံရဲ့ တည်ငြိမ်မှု။ စီးပွားရေး တိုးတက်နိုင်မှု အလားအလာ အာမခံ ကို လက်မှတ် ထိုးတဲ့လူ။ ဒါတွေပေါ် မူတည်ပါတယ်။ Sovereign/State Guarantee (SG)ကို လွယ်လွယ်ကူကူ မပေးပါဘူး။ ရဖို့လဲ ခက်ပါတယ်။ SG ကို ပြန်ပေါင်ချင်ရင် စီမံကိန်းက အနည်းဆုံး ၁၀% ကျော် ပြီးစီး စတင်ပြီး ဖြစ်နေရပါမယ်။ SG ရှိပေမဲ့ မစသေး မလုပ်ဖြစ်တဲ့ စီမံကိန်းတွေဆိုရင် တပြားမှ မတန်ပါဘူး။ ပြီးစီးသွားတဲ့ စီမံကိန်းတွေရဲ့ SG ကတော့ တန်ဖိုး အရှိဆုံးပေါ့။ ဒါတွေက international investment လုပ်နည်း လုပ်ဟန်တွေပါ။

စစ်အစိုးရ လက်ထက် မြန်မာပြည်မှာ လာလုပ်တဲ့ တရုတ်တွေ အများစု ရကြတာက ဗဟိုဘဏ် ဥက္ကဌ လက်မှတ်ထိုးတဲ့ Central Bank Guarantee နဲ့ အမြင့်ဆုံးအမျိုးသား စီမံကိန်းဝန်ကြီး သို့မဟုတ် ဘဏ္ဍာရေးဝန်ကြီး လက်မှတ်ထိုးတဲ့ State Guarantee တွေသာ ရကြပါတယ်။ မြန်မာပြည်မှာ လက်မှတ်ထိုးခဲ့တဲ့ Project MoU တွေ Guarantee တွေပြပြီး တရုတ်တွေက တရုတ် Export Import Bank of China (EXIM) Bank မှာ တစ်နှစ် လေးကျပ်တိုးနဲ့ သွားပေါင်။ ပိုက်ဆံယူလာ မြန်မာပြည်မှာလာလုပ်။ တစ်နှစ် ၈ ကျပ်တိုး ပြန်ယူ။ လုပ်ငန်းအပေါ် အမြတ်လဲယူ လုပ်စားနေတာ ကြာပါပြီ။ ဥပမာ သာပေါင်း စက္ကူပျော့ဖတ် စက်ရုံ စီမံကိန်း။

ဒါ့အပြင် နိုင်ငံတကာမှာ လှည့်ပြီး အူကြောင်ကျား အစိုးရတွေကို လှည့်ပတ် လိမ်ညာ မစားရ ဝခမန်း အကြီးကြီးတွေပြော။ ပရောဂျက် MoU ထိုး။ Guarantee တစ်ခုခု ရအောင်ယူသွားပြီး လုပ်စားတဲ့ လူလိမ်တွေလဲ အများကြီးပါ။

ဒါမျိုးကို မအူမလည် စစ်အစိုးရ အဆက်ဆက်မှာ ခဏ ခဏ ခံရဘူးပါတယ်။

လူသိအများဆုံးက ဗိုလ်ချုပ် အေဘယ်လ်နဲ့ ဦးနေဝင်း သားမက် ဦးအေးဇော်ဝင်း တို့ ဂျပန်တွေနဲ့ လုပ်ခဲ့တဲ့ ဒလ မြို့သစ် စီမံကိန်းပါ။ လုပ်စားနေကြ ဂျပန် ယာကူဇာတွေက လာလိမ် ဗိုလ်ချုပ် ခင်ညွန့်နဲ့ MoU ထိုး။ State Guarantee ယူသွားပြီး Bank of Tokyo မှာပေါင် ၂၅% ကြိုထုတ်တဲ့ အပြင် ဂျပန်လူထု ကိုပါ ရှယ်ယာထုတ်ရောင်းသွား။ ငွေထုပ်ပိုက်ပြီး ပြေးသွားတာ ဒီနေ့ထိ မမိတော့ပါ။

နအဖ လက်ထက်မှာလဲ Asian Highway အာရှလမ်းမကြီး စီမံကိန်းကို လုပ်မယ် ဆိုပြီး လာလိမ်တဲ့ ထိုင်ဝမ် တရုတ် တစ်ဖွဲ့ ရှိဖူးပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ယုံလောက်အောင် လိမ်ပြီး MoU ထိုးတယ်။ Central Bank Guarantee တောင်းသွားတယ်။ ဒါပေမဲ့ ဒီစာရွက်တွေကို ထိုင်ဝမ်က ဘယ်ဘဏ်မှ လက်မခံ ပိုက်ဆံမချေးတော့ MoU ပြပြီး နိုင်ငံတကာ လမ်းဆောက်လုပ်ရေး ကုမ္ပဏီတွေကို ရန်ကုန် ဆောက်လုပ်ရေး ရုံး ဖိတ်ခေါ်။ ပရောဂျက် subcon ပေးမယ်။ ၂၅% cashable check deposit တင်ရမယ် ဆိုပြီး ပေါ်တင်လုပ်စား တော့မှ ဆောက်လုပ်ရေးက သဘောပေါက်ပြီး ထိုင်ဝမ်က မြန်မာ ထောက်လှမ်းရေးကို လှမ်းမေးတော့မှ ဒီကောင်တွေ လူလိမ် မှန်း သိရလို့ ပွဲဖျက် မောင်းထုတ် ခဲ့ရဖူး ပါတယ်။

ဒါတွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတော့ စစ်အစိုးရ အုပ်ချုပ်နေလို့ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည် တို့က နိုင်ငံတကာကို ပိတ်ဆို့ဖို့ တောင်းဆိုတော့ တရုတ်ကလွဲပြီး ဘယ်နိုင်ငံက ဘဏ်မှ မြန်မာ အာမခံတွေကို လက်မခံတော့ဘူး။ ဒီအကျိုးဆက်က ခုချိန်ထိ မပျက်ပြယ်သေးပါဘူး။ ဖျက်ခဲ့တာ မှန်သလို ရှိပေမဲ့ ကိုယ့်လက်ထဲ အာဏာရောက်တော့ ပြန်ပြင်ဖို့ရာ ထင်သလောက် မလွယ်ပါဘူး။

ခုချိန်ထိ သေချာတာကတော့ မြန်မာအစိုးရ အာမခံကို ချွင်းချက် မရှိ လက်ခံတာ တရုတ် ကုမ္ပဏီတွေနဲ့ တရုတ် EXIM bank တစ်ခုသာ ရှိနေတာပါပဲ

နောက်တစ်ချက်က ယခု အစိုးရသစ် လက်ထက်မှာ ဒေါ်စု သမ္မတ ဖြစ်ခဲ့ရင် မြန်မာ အာမခံတွေ တန်ဖိုး တက်မှာ အမှန် ဖြစ်ပေမဲ့။ ခြေဥ အရ မဖြစ်နိုင်တော့ ဦးထင်ကျော်ကို တင်ခဲ့တယ်။ ဒါပေမဲ့ I will be above the president လို့ ပြောချခဲ့တော့။ ဦးထင်ကျော် လက်မှတ်ထိုးမဲ့ Sovereign/State Guarantee သည် ငါးပြားမှ မတန်တော့ ပြန်ဘူး။ နိုင်ငံအစိုးရတွေက ပေးတဲ့ Sovereign Guarantee/ State Guarantee/ Central Bank Guarantee ဆိုပြီး သုံးမျိုး ရှိတယ်။ ဒီ ဂရန်တီတွေ တန်ဖိုးရှိလာမှ International Private Sector Investment ကြီးကြီး တွေ လာမှာ ဖြစ်တယ်။

ဒါပေမဲ့ နိုင်ငံတကာက ဦးထင်ကျော်ကို ရုပ်သေးရုပ် သမ္မတ အဖြစ်သာ မြင်ကြတယ်။ ဒေါ်စု ပြောတာလုပ်ရတယ်။ အချိန်မရွေး ပြုတ်နိုင် လူစားလဲခံ နိုင်ရတဲ့ unstable and powerless president အဖြစ်မြင်တယ်။ ဒီတော့ ဦးထင်ကျော် လက်မှတ်ထိုးမဲ့ အာမခံသည် တန်ဖိုး မရှိတော့တာတော့ ရှင်းပါသည်။ ဒေါ်စုဟာ မှန်နေရင်တောင်မှ အဲဒီစကားကို မပြောသင့်ခဲ့ဘူး ဆိုတာ တဖြည်းဖြည်း ပို ထင်ရှားလာပါပြီ။ ဒီတော့ ဒေါ်စု သမ္မတ မဖြစ်နိုင်ရင် ဖြစ်နေတဲ့ ဦးထင်ကျော်ကို အာဏာ ပိုပေးမှသာလျှင် ၎င်း လက်မှတ်ထိုးမဲ့ အာမခံဟာ တန်ဖိုးတက်လာမှာ ဖြစ်ပါတယ်။

ဒီပို့စ်ရဲ့ ဆိုလိုရင်းက international investment တွေ လာခြင်း မလာခြင်း သည် ကိုယ့်နိုင်ငံက ပေးနိုင်တဲ့ အာမခံတွေရဲ့ ငွေဖြစ်လွယ်ခြင်း တန်ဘိုး ပေါ်မှာလည်း အများကြီး မူတည်တယ် လို့ ပြောချင်တာသာ ဖြစ်ပါတယ်။

Friday, September 30, 2016

သီလဝါကုမ္ပဏီက ကျပ်တစ်သောင်းတန် အစုရှယ်ယာတွေကို ကျပ်တစ်ထောင် ပြောင်းလဲသတ်မှတ်

ကျပ်တစ်သောင်းနဲ့ ရောင်းချခဲ့တဲ့ သီလ၀ါအစုရှယ်ယာတွေကို ကျပ်တစ်ထောင်အစုရှယ်ယာတွေအဖြစ် ပြောင်းလဲ သတ်မှတ်မယ်လို့ မြန်မာသီလ၀ါကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။


အဲဒီလိုပြောင်းလဲသတ် မှတ်မယ့်အစည်းအဝေးကို လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့မှာ အမျိုးသားအားကစားရုံ(၁)သုဝဏ္ဏမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ အစုရှယ်ယာရှင်တွေကို ဖိတ်ကြားစာပေးပို့ သွားမှာဖြစ်ပြီး အဲဒိဖိတ်ကြားစာနဲ့အတူ အမြတ်ဝေစုခွဲဝေခြင်းနဲ့ပတ်သက်တဲ့ အကြောင်းကြားစာတွေကိုလည်း ပေးပို့သွားမှာဖြစ်ပါတယ်။ အမြတ်ဝေစုခွဲဝေပေမယ့်နေ့ကိုတော့ အစည်းအဝေးပြီးနောက်ပိုင်းမှာ အသိပေးထုတ် ပြန်သွားမယ်လို့ ကြေညာထားပါတယ်။
MCN

Tuesday, September 20, 2016

ရန်ကုန်-ဒလ တံတား ၅နှစ်အတွင်း တည်ဆောက်မည်


 

ရန်ကုန်တဘက်ကမ်း ဒလမြို့ကို တွေ့ရစဉ်။ Photo: RFAရန်ကုန် - ဒလ တံတားတည်ဆောက်ရေးစီမံကိန်းကို ၅နှစ်အတွင်း အပြီးတည်ဆောက်ဖို့ လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောလိုက်ပါတယ်။

ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ရန်ကုန်- ဒလ တံတားတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး မူလရေးဆွဲထားတဲ့ ဒီဇိုင်းဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ JICA တို့ ပူးပေါင်းရေးဆွဲထားတဲ့ 2040 Yangon City Plan နဲ့ ဆန့်ကျင်ဘက်ဖြစ်နေခြင်း၊ ယာဉ်ကြောကြပ်တည်းမှု များ ဖြစ်ပေါ်ခြင်းများကြောင့် တံတားစီမံကိန်း ရပ်ဆိုင်းရပါက အခြားနေရာမှာ ရန်ကုန်-ဒလ တံတား တည်ဆောက်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ပြောကြားခဲ့ တာဖြစ်ပါတယ်။

အဲဒီတံတားစီမံကိန်းဟာ ရန်ကုန်ဘက်ကမ်း၊ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ ဒလဘက်ကမ်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ၊ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ထားတဲ့ အူကြောင်းဟာ ထိခိုက်မှုအနည်းဆုံး လမ်းကြောင်း ဖြစ်တဲ့အတွက် ရွေးချယ်ထားကြောင်းနဲ့ တံတားတည်ဆောက်ရေး ကာလအတွင်းမှာလည်း ယာဉ်ကြောကျပ်တည်းမှု အနည်းဆုံးဖြစ်ရေးအတွက် ကိုးရီးယား အတိုင်ပင်ခံကုမ္ပဏီနဲ့ အသေးစိတ်တွက်ချက်ပြီး စီစဉ်သွားမှာဖြစ်ကြောင်း ဝန်ကြီး ဦးဝင်ခိုင်က တင်ပြခဲ့ပါတယ်။

ဒါ့အပြင် အခြားနေရာမှာ ရန်ကုန်-ဒလတံတား သို့မဟုတ် မြစ်ဖြတ်ရေး လိုဏ်ခေါင်းတည်ဆောင်ဖို့ စီစဉ်ထားခြင်းမရှိကြောင်းလည်း ပြောခဲ့ပါတယ်။

RFA Burmese