Saturday, November 4, 2017

မြိတ်တွင် ချောင်းရေသောက်မိ၍ လူ ၁၄ ဦး ဆေးရုံတင်ထားရ


--------------------------------
4.11.2017

မြိတ်မြို့မှာ နိုဝင်ဘာ ၃ ရက် ညနေပိုင်းက လမ်းလုပ်သားတွေ ပဆွပ်ချောင်းရေကို သောက်သုံးရာမှ အစာအဆိပ်သင့်ကာ ဆေးရုံပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

မြိတ်မြို့နယ် ပဆွပ်ကျေးရွာအနီး ကတ္တရာလမ်းခင်းနေတဲ့ လမ်းလုပ်သားတွေမှာ နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ပဆွပ်ချောင်းအတွင်းရှိရေကို ခပ်ယူ သောက်သုံးမိပြီး နာရီဝက်အတွင်း လူ ၄ ဦး အော့အန်မှုဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီလောက်မှာ ကျန်တဲ့လူတွေ ထပ်မံအော့အန်လို့  ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဆရာမတွေ ပူးပေါင်းပြီး မြိတ်မြို့ပြည်သူ့ဆေးရုံကြီးကို တင်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။


“လမ်းလုပ်သား ၁၄ ဦး ညပိုင်းမှာ ဆေးရုံကို ရောက်လာတယ်။ ကျနော်တို့မေးမြန်းတော့ ချောင်းရေ သောက်သုံးမိတယ်လို့ ပြောတယ်။ စမ်းသပ်ကြည့်ရှုပြီး ဆေးကုသမှု ပေးထားပါတယ်။ စိုးရိမ်စရာအခြေအနေမရှိပါဘူး။ အားလုံးသက်သာနေပြီ” လို့ မြိတ်မြို့ပြည်သူ့ဆေးရုံက ဒေါက်တာတင်စိုးမိုးက ပြောပါတယ်။

လမ်းလုပ်သားတွေဟာ ပဆွပ်ချောင်းရေကို ပုံမှန်သုံးစွဲလာနေခဲ့ရာ အဲဒီနေ့ကမှ အော့အန်မှုတွေ ဖြစ်ပွားခဲ့တာလို့ အသက် ၃၇ နှစ်အရွယ်ရှိ လမ်းလုပ်သား ဒေါ်မော်မော်သန်းက ပြောပါတယ်။

“ဒီလိုဖြစ်စဉ်မျိုးကို ၄၈ နာရီ မှ ၇၂ နာရီအထိ စောင့်ကြည့်ရပါတယ်။ တဦးချင်းရဲ့အခြေအနေကို စောင့်ကြည့်ပြီး သက်သာရင် ဆေးရုံက ဆင်းခွင့်ပေးမှာပါ။ ခုလည်း ၁၄ ဦး စလုံး အခြေအနေကောင်းကြပါတယ်” လို့ မြိတ်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းမှ ပြောကြားခဲ့ပါတယ်။

အစာအဆိပ်သင့်တဲ့ လမ်းလုပ်သား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၂ ဦး လက်ရှိ ဖျားနာဆောင်မှာ ကုသပေးထားပြီး သက်သာနေပြီလို့ သိရပါတယ်။

မြတ်ထွဋ်(မြိတ်)
DVB TV News

No comments: