မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 9, 2015
“ထူးဖောင်ဒေးရှင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇ ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ကျေးရွာများအထိ သွားရောက် လှူဒါန်း”
“ထူးဖောင်ဒေးရှင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇ ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ကျေးရွာများအထိ သွားရောက် လှူဒါန်း”
■■■■■■■■■■■■■■
စစ်တွေ၊ သြဂုတ် (၅၊၆)
■■■■■■■■■■■■■■
ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် ထူးဖောင်ဒေးရှင်း ရေဘေးကူညီရေးအဖွဲ့များ၊ Apex Petroleum မှ ၀န်ထမ်းများနှင့်အတူ ရခိုင်ပြည်နယ်ရှိ၊ ရေဘေးသင့် ပြည်သူများအား ကူညီလှူဒါန်းမှုများ ပြုလုပ်ရန်အတွက် သြဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။
ပစ္စည်းများ ပိုမို တင်ဆံ့စေရန်အတွက် လူစီးထိုင်ခုံများကို ဖြုတ်ပြီး ကယ်ဆယ်ရေး ပစ္စည်းများကို လေယာဉ်အပြည့် တင်ဆောင်ခဲ့သည့် အဲပုဂံလေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်သည် စစ်တွေမြို့သို့ နံနက်(၉)နာရီ အချိန်တွင် ရောက်ရှိခဲ့ပါသည်။
ထူးဖောင်ဒေးရှင်း ရေဘေးကူညီရေး အဖွဲ့သည် လေဆိပ်တွင်ပင် စစ်တွေရှိရေဘေးသင့် ပြည်သူများအတွက် ရခိုင်ပြည်နယ် အစိုးရအား ဆန်အိတ်(၂၀)လှူဒါန်းခဲ့ပြီး ကျောက်တော်မြို့သို့ စတင် ထွက်ခွာခဲ့ပါသည်။
ဦးပြည့်ဖြိုးတေဇနှင့် အဖွဲ့သည် ကျောက်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွင် လာရောက်ခိုလှုံလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွက် ဆန် (၁၀၀)အိတ်၊ ငါးသေတ္တာ (၄)ဖာ၊ ခေါက်ဆွဲ (၁)ဖာ၊ မုန်မျိုးစုံ (၁)ဖာ၊ မုန့်ခြောက်(၁)ဖာ၊ လက်ဖက်(၁)ဖာ၊ ဘီစကွတ်(၁)ဖာနှင့် တိုင်းရင်းဆေးဝါး ဒါဇင် (၂၀)တို့ကို လှူဒါန်းခဲ့ပါသည်။
ထို့နောက်ထူးဖောင်ဒေးရှင်း ရေဘေးအဖွဲ့သည် ကျောက်တော်မြို့မှ တစ်ဆင့် မြောက်ဦးမြို့၊ ရွှေတောင်ရွာသစ်သို့ ဆက်လက်ထွက်ခွာခဲ့ကြပါသည်။
ရွှေတောင်ရွာသစ် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ဆန်အိတ်(၆၀)၊ ငါးသေတ္တာ (၆)ဖာ၊ ဘီစကွတ် (၁)ဖာ၊ လက်ဖက်(၂)ဖာ၊ ဝေဖာ(၁) ဖာ၊ မုန့်မျိုးစုံ (၁)ဖာ၊ အ၀တ် (၂) ထုပ်၊ စောင် (၁)ထုပ်နှင့် တိုင်းရင်းဆေးဝါးဒါဇင် (၂၀)ကို လှူဒါန်းခဲ့ပါသည်။
ရွှေတောင်ရွာသစ်တွင် စုစုပေါင်း အိမ်ခြေ (၁၂၀)ကျော်ရှိပြီး အိမ် (၂၀)မှ(၃၀) အကြား ရေဒဏ်ကြောင့် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။ ရွှေတောင်ရွာမှ ရွာသားတစ်ဦးက …“ ထူးဖောင်ဒေးရှင်း မရောက်ခင်မှာ ရွာကို ဘယ် ပရဟိတ အဖွဲ့မှ မရောက်သေးပါဖူး၊ ပထမ အစိုးရလှူတဲ့ ဆန်နဲ့စားစရာတချို့တော့ ရထားပါတယ်။ ဒါပေမဲ့ သိပ်မလုံလောက်ပါဘူး၊ အခုလို ထူးဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌကိုယ်တိုင် လာလှူတဲ့အတွက် ၀မ်းသာရပါတယ်” ဟု ဆိုခဲ့သည်။
ထူးဖောင်ဒေးရှင်း ရေဘေးကူညီရေး အဖွဲ့သည် ရွှေတောင်ရွာမှ ရှစ်သောင်း ပုထိုးတော်ကြီးသို့ ဆက်လက် ထွက်ခွာခဲ့ပြီး ရှစ်သောင်း ပုထိုးတော်ကြီးရှိ မြောက်ဦး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေး စခန်းတွင် ဆန် အိတ် (၁၀၀) လှူဒါန်းခဲ့ပါသည်။
ထိုမှ ထူးဖောင်ဒေးရှင်းအဖွဲ့သည် သရက်အုပ်ကျေးရွာ ရေဘေးကယ်ဆယ်ရေး စခန်းသို့ ဆက်လက် သွားရောက်ခဲ့ပြီး သရက်အုပ်ကျေးရွာ ရေဘေးသင့် ပြည်သူများ အတွက်ဆန် (၆၀)အိတ်၊ ငါးသေတ္တာ(၆)ဖာ၊ ဘီစကွတ်(၂)ဖာ၊ ဓါတ်မီး(၁)ဖာ၊ စားစရာ(၂)ဖာ၊ လက်ဖက်(၂)ဖာ၊ ထောပတ်မုန့်ကြွတ် (၂)ဖာ၊ ပူတင်းပေါင်မုန့် (၂)ဖာ၊ အ၀တ်(၂)ထုပ်၊စောင် (၁)ထုပ်နှင့် တိုင်းရင်းဆေး ဒါဇင် (၂၀)တို့ကို လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှု အစုစုအတွက် ကျေးဇူးတင်ရှိပါကြောင်း သရက်အုပ်ကျေးရွာ ကျောင်းထိုင် ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
ထို့နောက် ဦးပြည့်ဖြိုးတေဇ ဦးဆောင်သော အဖွဲ့သည် မြောက်ဦးဆေးရုံကြီးသို့ ဆေးရုံသုံးဆေးပစ္စည်း(၆)ဖာကို သွားရောက်လှူဒါန်းပြီး စစ်တွေမြို့တွင် ညအိပ် အခြေပြုခဲ့ကြပါသည်။
ယနေ့ သြဂုတ်လ (၆)နေ့ နံနက်တွင် ရန်ကုန်၊ ထူးဖောင်ဒေးရှင်း ရုံးချုပ်မှ အဲပုဂံ စင်းလုံးငှား လေယာဉ်အပြည့် ကူညီထောက်ပံ့ရေး ပစ္စည်းများကို စစ်တွေမြို့သို့ ထပ်မံ ပို့ဆောင်ပေးခဲ့ပါသည်။ စစ်တွေတွင် အခြေပြု၍ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသော ထူးဖောင်ဒေးရှင်းနှင့် Apex Petroleum မှ ၀န်ထမ်းများက အဆိုပါ ပစ္စည်းများကို ရခိုင်၊ ရေဘေးဒုက္ခသည်များအား ဆက်လက် လှူဒါန်းသွားမည် ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်း၏ ရေဘေးကယ်ဆယ်ရေး အဖွဲ့အား လိုအပ်သည်များ ကူညီပေးခဲ့သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများအား ထူးဖောင်ဒေးရှင်းမှ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment