Monday, August 24, 2015

ဒေသအချို့ ရေဘေးသင့်နေသောကြောင့် တစ်နိုင်ငံလုံး မဲစာရင်းကြေညာမည့်ရက် ရွှေ့ဆိုင်း

ဒေသအချို့ ရေဘေးသင့်နေသောကြောင့် တစ်နိုင်ငံလုံး မဲစာရင်းကြေညာမည့်ရက် ရွှေ့ဆိုင်း Monday, August 24, 2015 ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်မည့်နေ့ရက်ကို ရွှေ့ဆိုင်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။ တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များ စာရင်းကို မူလက သြဂုတ်လ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်ရန် လျာထားသော်လည်း ရေဘေးသင့်ဒေသများတွင် ဒေသခံများ မဲစာရင်းကြည့်ရှုရန် အခက်အခဲများ ရှိသောကြောင့် မဲစာရင်း ထုတ်ပြန်မည့် နေ့ရက်ကို စက်တင်ဘာလ အတွင်းသို့ ရွှေ့ဆိုင်းကြောင်း ၎င်းက ဆိုသည်။ “ရေဘေးသင့် ဒေသတချို့မှာက မဲစာရင်းကပ်ဖို့က အဆင်မပြေနိုင်သေးဘူးလို့ ကော်မရှင်က လူကြီးတွေက သုံးသပ်ကြတယ်၊ အဲဒါကြောင့် တစ်နိုင်ငံလုံး မဲစာရင်းကလည်း တစ်ပြိုင်တည်းကပ်မှ ရမယ်ဆိုတော့၊ တစ်ခုလုံးကို နောက်ဆုတ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။ ဇူလိုင်လအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်နေသောကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် နိုင်ငံတော်သမ္မတက ဇူလိုင်လ ၃၁ ရက်နေ့တွင် လက်မှတ်ထိုး ကြေညာခဲ့သည်။ အဆိုပါ ဒေသများတွင် ရေကြီးရေလျှံမှုများ လျော့ပါးသွားသော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်ရဆဲ ဖြစ်ပြီး ဒေသခံများက မူလနေရပ်များတွင် ပြန်လည်နေထိုင်ရန် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ကလေးမြို့ ဒေသခံ ဦးတင်ထွန်းဝင်းက ဆိုသည်။ “ရေကျသွားပေမယ့် နုန်းတွေ၊ နွံတွေ ကျန်နေတာက အများကြီးပဲ၊ ဒီမှာ ရွာ ၁၄ ရွာလောက်က ကိုယ့်အိမ်ကို ပြန်နေလို့ မရနိုင်ဘူး၊ တော်တော်လေး အခြေအနေဆိုးတယ်၊ ဒီအချိန်မှာက ရွေးကောက်ပွဲထက် ထမင်းစားဖို့နဲ့ နေဖို့ ထိုင်ဖို့ အရေးကိုပဲ စိတ်ဝင်စားကြတယ်” ဟု ၎င်းက ရှင်းပြသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် တစ်နိုင်ငံလုံးရှိ အခြေခံမဲဆန္ဒရှင်များ စာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆင့်သုံးဆင့်ဖြင့် ထုတ်ပြန်ကြေညာခဲ့သော်လည်း ယင်းမဲဆန္ဒရှင် စာရင်းများတွင် အစုလိုက်အပြုံလိုက် အချက်အလက် မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ယင်းကိစ္စရပ်သည် ကွန်ပျူတာစာရင်း မှားယွင်းမှုကြောင့် ဖြစ်ပြီး အချက်အလက် မှားယွင်းမှုကြောင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမည် မဟုတ်ဘဲ မိမိအမည်စာရင်း မဲစာရင်းတွင် ပါဝင်ရေးသည်သာ အရေးကြီးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုထားသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ရေဘေးသင့်ဒေသများတွင် မဲပေးရာတွင် လိုအပ်သော မှတ်ပုံတင် ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် နောက်ဆုံးအကြိမ် မဲစာရင်းထုတ်ပြန်ပြီးနောက် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပြီးပါက ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုတွင် မဲပေးခွင့် သက်သေခံလက်မှတ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ The Voice Weekly

No comments: