Friday, August 28, 2015

သူတစ်လူငါတစ်မင်းနဲ့ငြိမ်းချမ်းရေးအလှမ်းမဝေးစေချင်

သူတစ်လူငါတစ်မင်းနဲ့ငြိမ်းချမ်းရေးအလှမ်းမဝေးစေချင် =============================== ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်မယ်လို့ ပြည်သူတွေအထင်ကြီးခဲ့ပေမယ့် ကြားနေရတဲ့သတင်းတွေက စိတ်မချမ်းမြေ့ စရာပါ။ NCA မူကြမ်းကိုတောင် သဘောတူလက်မှတ်ထိုးခဲ့နိုင်တဲ့အတွက် NCA အချောသတ်ကိုလည်း လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ထင်မှတ်ခဲ့ကြပါတယ်။ UPWC နဲ့ SD တို့ကလည်းလုပ်လိုက်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေက ၉ ကြိမ်တောင်ရှိခဲ့ပြီဆိုတော့ အထင်ကြီးခဲ့ကြတာပေါ့။ ဒါပေမယ့်လည်း ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို အပြီးသတ်ချုပ်ဆိုခါနီးရောက်မှ အဆီအငေါ်မတည့်တာတွေ ဖြစ်နေပါတယ်။ အဓိက ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဖြစ်နေတာလို့ ယေဘူယျဆန်ဆန် ပြောနိုင်ပါတယ်။ အစိုးရအနေနဲ့ကတော့ သမ္မတကြီးကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ NCA လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်တိုင်းရင်းသားလက်နက်ကိုင်တချို့က ၁၅ ဖွဲ့နဲ့ မဟုတ်ဘဲ လက်နက်ကိုင်အားလုံးပါမှ ထိုးမယ်ဆိုပြီး ပြောလာကြပါတယ်။ KNU၊ KNU/ KNLA-PC၊ DKBA၊ RCSS/SSA တို့ကတော့ သမ္မတကြီးရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး သဘောတူလက်မှတ် ရေးထိုးမယ်လို့ ဆိုပါတယ်။ NCA ကမောက်ကမဖြစ်နေတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သူတစ်လူငါတစ်မင်း လုပ်နေတာကြောင့်ဆိုတာ မြင်သာနေပါတယ်။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အာလုံး ပါဝင်ရေး၊ မပါဝင်ရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ အချင်းချင်း ကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် KNU ခေါင်းဆောင်ပိုင်းမှာတောင် အမြင်မတူမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးက NCA ကို လက်မှတ်ထိုးမယ်ဆိုပြီး ပြောတယ်။ သူက ပြတ်သားတယ်၊ ဆုံးဖြတ်ချက်ကို မပြင်ဘူး။ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို လာတွေ့တုန်းက သူဘာပြောခဲ့လဲ။ “သတ္တိရှိလို့ စစ်တိုက်လာခဲ့တာ အခုလည်း သတ္တိရှိလို့ ငြိမ်းချမ်းရေးယူတာ” ဆိုပြီး ပြောသွားတယ်။ ပြောတဲ့ကတိတည်အောင်လည်း အခု NCA ကို လက်မှတ်ထိုးဖို့ လက်ခံလိုက်တယ်။ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကတော့ SD ခေါင်းဆောင်လုပ်ရလို့ သွေးကြွသွားသလား မသိဘူး။ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါမှ NCA မှာ KNU လက်မှတ်ထိုးမယ် ဆိုပြီး ပြောတယ်။ KNU အဖွဲ့ဝင်တွေကတော့ မူတူးဆေးဖိုးရဲ့စကားကိုသာ လက်ခံပြီး နော်စီဖိုးရာစိန်ရဲ့ စကားကိုတော့ လက်မခံဘူးလို့ ပြောနေကြပါတယ်။ NCA မှာ လက်နက်ကိုင်အားလုံးပါဝင်ရေးမူနဲ့ပတ်သက်ပြီး KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ လာမယ့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှသာဖြစ်လာနိုင်မယ်ဆိုပြီး ပြောသွားပါတယ်။ သူပြောသလိုဆိုရင် ငြိမ်းချမ်း ရေးဟာအလှမ်းဝေးသွားတော့မယ့်သဘောဖြစ်နေတာပေါ့။ အားလုံးပါမှထိုးမယ်ဆိုတဲ့ အဖွဲ့တွေထဲမှာ KIO/KIA ကထိပ်ဆုံးကပဲ။ သူ့ခိုင်းဖတ်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ AA တို့မပါလို့ မထိုးချင်တာပါ။ KIO/ KIA ရဲ့ ကလိန်ကျစ်ဥာဏ်ကို KNPP၊ SSPP/SSA၊ MNSP ဆိုတဲ့အဖွဲ့တွေကလိုက်ပြီး နားယောင်နေတာ အံ့သြစရာပါ။ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးငြိမ်းချမ်းဖို့အတွက် ကိုယ့်ဘာသာဆုံးဖြတ်ပေါ့။ ငြိမ်းချမ်းရေးယူဖို့ ကိစ္စကို အဖော်လိုက်ညှိနေတာ ကိုယ်ပိုင်ဦးနှောက်မရှိတဲ့သူတွေရဲ့လုပ်ရပ်ပါ။ KIO/KIA ခေါင်းဆောင်တွေရဲ့သွေးဆောင်ဖြားယောင်းမှုနောက်ကိုမလိုက်ဘဲ အချိန်မီပြုပြင်ကြဖို့လိုပါတယ်။ သမ္မတရဲ့ကမ်းလှမ်းချက်အတိုင်း NCA မှာ လက်မှတ်ရေးထိုးပြီး ကိုယ့်ဒေသငြိမ်းချမ်းအောင်၊ တိုးတက်အောင် လုပ်ပါလို့ပဲ ပြောချင်ပါတယ်။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်ရေးနဲ့ပက်သတ်ပြီး တိုင်းရင်းသားတွေဘက်က ကြီး ၅ ကြီးအဖွဲ့ကို သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ဆီ ဆွေးနွေးညှိနှိုင်းဖို့စေလွှတ်မယ်လို့သိရပါတယ်။ ကြီး ၅ ကြီးထဲမှာ KNU၊ KIO ၊ KNPP ၊ SSPP/SSA နဲ့ MNSP အဖွဲ့တွေက ခေါင်းဆောင်တွေပါဝင်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ အခွင့်အရေးကိုတစ်မျိုးပြီးတစ်မျိုးမရိုးအောင် တောင်းနေတော့တာပါပဲ။ သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့က လက်ခံတွေ့ဆုံကောင်းတွေ့ဆုံနိုင်ပါတယ်။ ဒါပေမယ့် MNDAA လိုအဖွဲ့မျိုး၊ MNDAA ကိုကူတိုက်ပေးခဲ့တဲ့ TNLA နဲ့ AA တို့လိုအဖွဲ့မျိုးတွေကို NCA မှာ ပါဝင်ခွင့် ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ပဲမြင်ပါတယ်။ အခွင့်အရေးပေးရင်ပေးသလို လက်တစ်ဆုံးနှိုက်တတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စဉ်းစား ချင့်ချိန်ပြီးတောင်းဆိုဖို့လိုပါတယ်။ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး လိုစိတ်ဓါတ်မျိုးမွေးသင့်ပါတယ်။ KIO ဒုဥက္ကဋ္ဌ အင်ဘန်လနဲ့KIAခေါင်းဆောင် ဂမ်ရှောင်၊ ဒုခေါင်းဆောင် ဂွမ်မော် တို့လို စိတ်ဓါတ်မျိုးကိုရှောင်သင့်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးထက် ကိုယ့်အကျိုးစီးပွားကို ရှေ့တန်းတင်နေတာတွေရပ်ကြပါတော့။ ဒေသခံပြည်သူ တွေရဲ့ဘ၀ကိုစာနာထောက်ထားပြီး အချိန်မနှောင်းခင် NCA မှာ လက်မှတ်ထိုးကြဖို့တိုက်တွန်းချင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ သူတစ်လူငါတစ်မင်းလုပ်နေကြမယ်ဆိုရင် ငြိမ်းချမ်းရေးဟာ အလှမ်း ဝေးသွားတော့မှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တစ်စု ကြောင့် ငြိမ်းချမ်းရေးအလှမ်းမဝေးစေချင်ဘူးလို့သာ ရိုးသားစွာပြောချင်ပါတယ်။ နေမင်းခန့်

No comments: