Showing posts with label နိုင်ငံတော်သမ္မတ. Show all posts
Showing posts with label နိုင်ငံတော်သမ္မတ. Show all posts

Thursday, September 22, 2016

နိုင်ငံတော်သမ္မတ တောင်ငူသို့ ပထမဆုံးအကြိမ် လာရောက်မည်

တောင်ငူ၊ စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လာရောက်မည် ဖြစ်ကြောင်း တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထံမှ စုံစမ်းသိရှိရသည်။

ယခုအစိုးရ လက်ထက်တွင် တောင်ငူမြို့သို့ အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအချို့ လာရောက်မှုသာ ရှိခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော် လာရောက်မည် ဆိုသည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင် ၁၄၄ အနီးရှိ ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံနှင့် တောင်ငူမြို့ မိုးကောင်းကျေးရွာအုပ်စုရှိ ကေတုမတီ တောင်သူအကျိုးပြု စိုက်ပျိုးမွေးမြူရေး ကုန်ထုတ် သမဝါယလီမိတက်သို့ လာရောက်လေ့လာမည် ဖြစ်ကြောင်း၊ ယင်းအပြင် ဒေသခံများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိ/မရှိကို မသိရသေးကြောင်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းထံမှ သိရသည်။

“သမ္မတက စိုက်ပျိုးရေးခြံကို လာလေ့လာမယ်လို့ သိရတယ်။ ပြင်ဆင်စရာတွေကိုတော့ ပြင်ဆင်ထားပါတယ်” ဟု ကေတုမတီ တောင်သူအကျိုးပြု စိုက်ပျိုးမွေးမြူရေးကုန်ထုတ် သမဝါယလီမိတက် ဥက္ကဋ္ဌ ဦးစောစိန်ဝင်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း စစ်တောင်းမြစ်ကမ်းပါရှိ တောင်ငူမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၄ ခုရှိကာ လူဦးရေ လေးသိန်းနီးပါးရှိပြီး လယ်ယာ၊ ကိုင်းကျွန်းနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သူ အများစု ရှိကြောင်း၊ ပြီးခဲ့သည့် အစိုးရ ငါးနှစ်သက်တမ်းတွင် သမ္မတဟောင်း ဦးသိန်းစိန် နှစ်ကြိမ်ခန့် လာရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။