Showing posts with label ပုဂံငလျင်. Show all posts
Showing posts with label ပုဂံငလျင်. Show all posts

Monday, October 10, 2016

ငလျင်ဒဏ်သင့် ပုဂံဘုရားများ ပြန်လည်ပြုပြင်ရန် အချိန်ငါးနှစ်ခန့် ကြာမြင့်မည်ဟုဆို

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်သင့်ဘုရားများကို ပြန်လည်ပြုပြင်ရန် အနည်းဆုံး အချိန်ငါးနှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ပုဂံဒေသဘုရားများ ပြုပြင်နိုင်ရန် မန္တလေး ကုန်စည်ဒိုင် အသင်းဝင်များနှင့် ဒေသခံများ စုပေါင်းလှူဒါန်းသည့် အလှူငွေများ ပေးအပ်ခြင်းကို အောက်တိုဘာလ ၈ ရက်နေ့က အဆိုပါ ကုန်စည်ဒိုင်အသင်းရုံး၌ ပြုလုပ်ခဲ့ရာ ယင်းအခမ်းအနား၌ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ပျက်စီးခဲ့တဲ့ ၃၈၉ ဆူထဲက အဆူသုံးရာလောက်က သာမန်ပျက်စီးမှုလောက်ပဲ ရှိခဲ့ပေမယ့် ကျန် ၈၉ ဆူက ပျက်စီးမှု ကြီးမားခဲ့လို့ အချိန်တိုအတွင်း ပြီးနိုင်ဖို့ မလွယ်ဘူး။ နိုင်ငံတကာ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရှေးမူမပျက် ပြင်နိုင်ဖို့ဆိုရင် အနည်းဆုံး ငါးနှစ်လောက်တော့ ကြာမြင့်နိုင်တယ်” ဟု ပုဂံ-ညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

ယခုနှစ် သြဂုတ်လ ၂၄ ရက် ညနေပိုင်းက ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်းနယ်မြေရှိ ဘုရားပေါင်း ၃၈၉ ဆူ ထိခိုက်ပျက်စီးမှု ရှိခဲ့ရာ ယင်းအနက် ၈၉ ဆူမှာ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ရှေးဟောင်းပုဂံဘုရားများ ပြန်လည်ပြုပြင်ရန် ထိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် ပြင်သစ်နိုင်ငံတို့မှ ပညာရှင်များ လာရောက်လေ့လာလျက် ရှိပြီး နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်း၍ ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရုံးထံမှလည်း သိရသည်။

ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် လက်ရှိအချိန်၌ အလှူငွေ ကျပ် ၃ ဒသမ ၃ ဘီလီယံ ရရှိထားပြီး ဖြစ်ရာ ယင်းငွေများအနက် ကျပ်သန်းခုနစ်ရာခန့် အသုံးပြု ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထပ်လောင်းပြောကြားသည်။

Saturday, October 8, 2016

ပုဂံဘုရားတွေကို ပြုပြင်ရာမှာ နိုင်ငံတကာပညာရှင်တွေရဲ့ အကြံပြုချက်တွေကို အလေးထားဖို့ ဒုသမ္မတ ပြော

ငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက စေတီပုထိုးတွေကို ပြန်လည်ပြုပြင်ရာမှာ နိုင်ငံတကာပညာရှင်တွေရဲ့ အကြံပြုချက်တွေကို အလေးထားဆောင်ရွက်သွားဖို့ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနဲ့ သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီအစည်းအဝေးမှာ အဲဒီလိုပြောကြားလိုက်တာပါ။ ပျက်စီးခဲ့တဲ့ ရှေးဟောင်းဘုရားတွေကို ပြုပြင်ခဲ့တဲ့လုပ်ငန်းတွေအပေါ် သင်ခန်းစာယူပြီး သတိထားဆောင်ရွက်သွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုလို ပြုပြင်ဆောင်ရွက်မှုတွေနဲ့အတူ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရောက်နိုင်ဖို့ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့တာပါ။

Share this:

Wednesday, October 5, 2016

ပုဂံဘုရားများရှိ မူလလက်ရာ မဟုတ်သည်များကို ပညာရှင်များ အကြံပြုချက်အတိုင်း ဖယ်ရှားဖွယ်ရှိဟုဆို

မန္တလေး၊ အောက်တိုဘာ ၎

ပုဂံရှေးဟာင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ ပညာရှင်များ၏ အကြံပြုချက်များပေါ် မူတည်၍  မူလလက်ရာ မဟုတ်သည့် ပြင်ဆင်ထားမှုများကို ဖယ်ရှားနိုင်ဖွယ် ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

“ပြုပြင်ဖို့ကတော့ ပညာရှင်တွေရဲ့ စစ်ဆေး တွေ့ရှိချက်၊ အကြံပြုချက်ပေါ် မူတည်ပြီး ဆောင်ရွက်ရမှာ။ အချို့ စေတီတွေပေါ့လေ။ ပြန်ပြင်ထားတဲ့ ဘုရားတွေဆိုရင် သူတို့ရဲ့ဝိတ်က များနေတာမို့ ရှေးဟောင်း ဘုရားတွေက ပိုပြီးခံရတယ်။ ဒါတွေကိုလည်း လျော့ကောင်း လျော့နိုင်ဖွယ်ရှိတယ်။ အချို့ဘုရားတွေဆိုရင် အခုချိန်ထိ ကိုးကွယ်နေတာ ဆိုတော့ ပြန်ပြင်သင့်တယ်လို့ ယူဆတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ပုဂံရှေးဟောင်း နယ်မြေအတွင်းရှိ ရှေးဟောင်း ဘုရားများသည် ၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေက လှုပ်ခတ်ခဲ့သည့် ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ရှေးဟောင်းဘုရား များစွာ ပျက်စီးခဲ့ရပြီး နောက်ပိုင်း နှောင်းလူများက ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

ယင်းငလျင်ကြောင့် ပုဂံဘုရားများ ပျက်စီးရခြင်းကို ပြန်လည် ပြုပြင်ရာ၌ အသုံးပြုသည့် ပစ္စည်းများသည် အရည်အသွေး မမီခြင်း၊ အပြင်ပန်းတွင် အုတ်စီပြီး အတွင်းပိုင်း၌ အဆာ သွတ်ထားခြင်း၊ အပေါ်ဝိတ်နှင့် အောက်ဝိတ် မမျှခြင်း၊ ရှေးဟောင်း အုတ်နှင့် ခေတ်သစ်အုတ်များ မတွဲမိခြင်း၊ ရှေးဟောင်း လက်ရာများကို ပြင်ဆင် ထိန်းသိမ်းခြင်း၊ အသစ် ပြင်ထားသည်ကို သိစေလိုခြင်း၊ ပြင်ဆင်မှု အပိုင်း၌ ကြံ့ခိုင်မှု အားနည်းခြင်း စသည့်အချက်များကို တွေ့ရကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် နိုင်ငံတကာ ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ အစည်းအဝေးတွင် နိုင်ငံတကာ ပညာရှင်များက သုံးသပ်ခဲ့ကြောင်း ညောင်ဦး ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ပြီးနောက် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ကလည်း ပုဂံ ဒေသ၌ အင်အားပြင်း ငလျင်ဒဏ် ထပ်မံ ခံစားခဲ့ရရာ ပုဂံယဉ်ကျေးမှု ဒေသရှိ ဘုရား စေတီ ၄၂၅ ခန့် ထိခိုက် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“တချို့ဘုရားတွေက ထိတာ ရှိတယ်။ မထိတာ ရှိတယ်။ ဥပမာ - ဓမ္မရာဇကလို ဘုရားမျိုးဆိုရင် အပေါ်ပိုင်း ထိသွားတယ်။ ထိသွားတဲ့အတွက် ပြန်ကို ပြင်ရမယ်။ ဒီဘုရားက အခုချိန်ထိ စဉ်ဆက် မပြတ် ကိုးကွယ်နေတဲ့ဘုရား။ ဘုရားမှာလည်း ရွှေချထားတယ်။ အပေါ်ပိုင်း ပျက်တာကလည်း နောက်ပိုင်းမှာ ပြန်တည်ထားတဲ့ဘုရား။ ဒါဆို ပြန်ပြင်ရင် အင်္ဂါစုံ ပြန်ပြင်မှ ရမယ်။ အပေါ်ပိုင်း အထွတ် ပြန် တင်ရမယ်။ တချို့ကျတော့ ရှေးဟောင်း  လက်ရာတော့ ရှိတယ်။ လောလောဆယ်မှာလည်း ကိုးကွယ်နေတဲ့ ဘုရားမျိုး မဟုတ်ဘူး။ သူအပေါ်ဝိတ် လျှော့မှရမယ် ဆိုတာမျိုးပေါ့” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ)  ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ရှင်းပြသည်။

လက်ရှိတွင် အရေးတကြီး ထိန်းသိမ်းရန် လိုအပ်နေသည့် ဘုရားများကို အမိုးအကာများ အုပ်မိုးခြင်း၊ ကွဲအက်နေသည့် ဘုရားစေတီများကို ကော်ဖြင့် ဖာထေးခြင်းများ ပြုလုပ်၍ အရေးပေါ် ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း၊  မူလလက်ရာ မဟုတ်သည့် ပြင်ဆင်ထားမှုများကို ဖယ်ရှားရာတွင် အရေအတွက် မည်မျှ လုပ်ဆောင်မည်ကို ပညာရှင်အဖွဲ့၏  သုံးသပ်ချက်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ) ထံမှ သိရသည်။

ပုဂံဘုရားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ အသင်း၊ အထက်မြန်မာပြည် ဆောက်လုပ်ရေး အင်ဂျင်နီယာ အသင်း၊ မန္တလေး နည်ပညာတက္ကသိုလ်  ဗိသုကာဌာနနှင့် မြို့ပြဌာန၊ မြန်မာနိုင်ငံ ငလျင်အသင်းက ပညာရှင်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်မှ အင်ဂျင်နီယာများ ပါဝင်သည့် ပညာရှင်များအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

Friday, September 23, 2016

မိုးရွာသွန်းမှုကြောင့် ပုဂံဒေသရှိ ငလျင်ဒဏ်သင့် စေတီပုထိုး ၁၃ ဆူ အနည်းငယ်ပျက်စီး

မန္တလေး၊ စက်တင်ဘာ ၂၂

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စက်တင်ဘာ ၂၁ ရက်နေ့ ညက ရွာသွန်းခဲ့သည့် မိုးကြောင့် ငလျင်ဒဏ်သင့် ပုဂံဘုရား စေတီအချို့ ပျက်စီးခြင်းများ ကြုံတွေခဲ့ရာ ကနဦး စာရင်းများအရ ဘုရားစေတီ ၁၃ ဆူခန့် ရှိကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“မိုးကာ မအုပ်ထားတဲ့ ဘုရား စေတီတွေ ဖြစ်တာပါ။ အများကြီး ထိခိုက်တာတော့ မရှိဘူး။ အက်ကွဲကြောင်းကနေ မိုးယိုတဲ့အတွက် ကျယ်လာတဲ့သဘော ရှိတယ်ပေါ့။ အက်ကွဲကြောင်းတွေကို ကော်နဲ့ ပိတ်တာတွေ လုပ်ရမယ်”ဟု ညောင်ဦး ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

မိုးကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် စေတီ ပုထိုးများမှာ သစ္စာဝတီ၊ ချောက် ဘုရားအလှ၊ မီးငြိမ်းကုန်းစသည့် လူသိများသည့် စေတီပုထိုးအချို့ ပါဝင်နေကြောင်းနှင့် ထိခိုက်မှု စာရင်း ထပ်မံ တိုးလာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၁၄ မိနစ် ၅၅ စက္ကန့်အချိန်က ချောက်မြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍  အင်အား ရစ်ခ်ျစတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ပုဂံယဉ်ကျေးမှု ဒေသရှိ ဘုရားစေတီ ၄၂၅ ဆူ ထိခိုက် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှတ်တမ်းများအရ သိရ သည်။

“မိုးရွာတာနဲ့ ပတ်သက်ပြီးတော့ လိုက်စစ်နေပါတယ်။ ပြိုတာတွေတော့ မရှိဘူး။ သို့သော်လည်း တချို့က ပဲ့ကျတာတော့ ရှိတယ်။ ပဲ့ကျတဲ့စာရင်းတော့  လိုက်လံ ကောက်နေတုန်းပါဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ထိခိုက် ပျက်စီးခဲ့သည့် စေတီပုထိုးများကို အမိုးအကာ အုပ်မိုးခြင်းများ လုပ်ဆောင်လျက်ရှိရာ လက်ရှိ အချိန်အထိ ၄၁ ဆူခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား  ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

Wednesday, September 21, 2016

ငလျင်ဒဏ်သင့် ပုဂံဘုရားများပြန် လည်ပြုပြင်ရန် ငြမ်းဆင်ကျွမ်းကျင်သူများလိုအပ်နေ

Posted: September 21, 2016

သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ(ပုဂံ) တွင် ဘုရား ပုထိုးစေတီပေါင်း ၄ဝဝ နီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အဆိုပါ ဘုရားပုထိုးစေတီများအား ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရန်အတွက် စနစ်တကျရှိစေရေး ဆောင်ရွက်ခဲ့ကြသည်။

ငလျင်ဒဏ်သင့်ဘုရားများ ပြန်လည်ပြုပြင်ရန်အတွက် လေးရက်ကြာ သင်တန်းပေးခြင်း၊ ယင်းသင်တန်းမှတစ်ဆင့် ထပ်ဆင့်သင်တန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ သည့်အပြင် သန့်ရှင်းရေး ဆောင်ရွက်မှုများလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ရာတွင် လက်ရှိအချိန်၌ ရင်ပြင်တော် သန့်ရှင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြီးစီးလုနီးပါး ရှိနေပြီဖြစ်သော်လည်း အထက်ပစ္စယံများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက်မူ ငြမ်းဆင်ကျွမ်းကျင်သူများ လိုအပ်နေကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ပြောကြားခဲ့သည်။

''ကျွန်တော်တို့ စက်တင်ဘာ ၁၈ ရက်က ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ပြုလုပ်တဲ့အခါမှာ ၂၂ ရက်နေ့ကစပြီးတော့ ရင်ပြင်တော်သန့်ရှင်းရေး လုပ်ငန်းတွေ ရပ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါကလည်း ရင်ပြင်တော်သန့်ရှင်းရေး လုပ်ငန်းတွေက ပြီးသလောက် ဖြစ်သွားလို့ပါ။ တကယ်တမ်းသန့်ရှင်းရေးလုပ်ဖို့ ကျန်တာက အထက်ပစ္စယံတွေမှာ ကျန်နေတာ။ စူဠာမဏိ၊ စေတနာကြီး၊ တရုတ်ပြေး၊ ထီးလိုမင်းလို၊ သဗ္ဗညု အဲဒီစေတီတွေက တော်တော်မြင့်တယ်။ အဲဒီ စေတီကြီးတွေရဲ့ ပစ္စယံတွေမှာ ရှင်းလင်းရေး လုပ်ဖို့ကျတော့ ရင်ပြင်တော်မှာ လုပ်သလို လုပ်လို့မရဘူး။ အနည်းဆုံးငြမ်းကို သုံး၊ လေးဆင့်လောက် ဆင်ပြီးတော့မှ ရှင်းလင်းရေးလုပ်ငန်းတွေကို စတင်ရမှာ ဖြစ်တယ်''ဟု ဦးစိုးတင့်က ပြောကြားခဲ့သည်။

ရင်ပြင်တော်သန့်ရှင်းရေး လုပ်ငန်းများကို စနစ်တကျရှိစေရေးအတွက် သင်တန်းများပေးပြီး ဆောင်ရွက်ခဲ့ရာတွင် လက်ရှိအချိန်၌ ပြီးစီးသလောက် ရှိနေပြီဖြစ်သော်လည်း ပြန်လည်ပြုပြင်ရန် အတွက်မူ အထက်ပစ္စယံများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိကအရေးကြီးသည့် ဘုရား ပုထိုးစေတီ ၁ဝ ဆူခန့်ရှိသော်လည်း လက်ရှိတွင် အထက်ပစ္စယံများ၌ သန့်ရှင်းရေးပြုလုပ်ရန် လေး၊ ငါးဆူခန့်ကျန်ရှိနေသေးကြောင်း သိရသည်။

ငလျင်ဒဏ်သင့်ခဲ့သည့် ဘုရားပုထိုးစေတီများကို ပြန်လည်ပြုပြင်ရန်အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တွင် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြတိုက်၊ စူဠာမဏိစေတီနှင့် အာနန္ဒာစေတီတို့တွင် အလှူခံဌာနများဖွင့်လှစ်ထားပြီး အဆိုပါအလှူခံ ဌာနများသို့ လက်ရှိအချိန်အထိ လာရောက် လှူဒါန်းသည့် အလှူငွေကျပ် သိန်းပေါင်း ၂၆ဝဝဝ ကျော်ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

MOI

The Ladies News

ငလျင်ဒဏ်သင့် စေတီများ ပြန်လည် ပြုပြင်ရန် ငွေကြေး လုံလောက်စွာရှိဟု သူရဦးအောင်ကို ပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၂ဝ

ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးသွားသော စေတီများ ပြုပြင်ရန် အစိုးရ အဖွဲ့၌ ငွေကြေး လုံလောက်စွာ ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ရန်ကုန်တိုင်း၊ သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) သံဃနာယက အစည်းအဝေးပွဲကို တိုင်းသံဃ နာယကရုံး၌ စက်တင်ဘာလ ၂ဝ ရက်နေ့ နေ့လယ် ၁၂ နာရီမှ စတင် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးသူရ ဦးအောင်ကိုက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

စေတီပုထိုးများ ပြုပြင်ရန် ပြည်တွင်း ပြည်ပ အလှူရှင်များက လှူဒါန်းငွေ  ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ရရှိထားပြီး ဖြစ်ပြီး ပြုပြင်ရာတွင် ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

“စေတီပုထိုးတွေ ပြုပြင်ဖို့ အစိုးရ အဖွဲ့မှာ ငွေကြေး လုံလောက်စွာ ရှိပါတယ်။ ပြုပြင်တဲ့အခါ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု သူရ ဦးအောင်ကိုက ပြောသည်။

အလားတူ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးသော စေတီများ ပြုပြင်ရန်  ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဆရာတော်များက ကျပ်သိန်းပေါင်း နှစ်သောင်း  ကျော်ခန့် အစိုးရအဖွဲ့ထံ ပေးလှူခဲ့ကြောင်း တိုင်းသံဃနာယက အဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့က ချောက်မြို့နှင့်  ၁၂ မိုင်ခန့် အကွာ၌ ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့၍ ပုဂံယဉ်ကျေးမှု ဒေသနှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ရှေးဟောင်း စေတီ ၄ဝဝ ကျော် ထိခိုက် ပျက်စီးခဲ့သည်။