Posted: September 24, 2016
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ကော်ဖီစီမံကိန်း၊ ပိုးဇာစီမံကိန်းများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသော ကုမ္ပဏီမှ စိုက်ပျိုးလုပ်ကိုင်ခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။
ခွင့်ပြုချက်ရရှိထားသော ကုမ္ပဏီများသည် ၄င်းတို့ကိုယ်တိုင် လုပ်ငန်းဆောင်ရွက်ခြင်း မရှိသော်လည်း တောင်သူများမှ စားဝတ်နေရေးအတွက် ၀င်ရောက်စိုက်ပျိုးခြင်းကို တရားစွဲဆိုမှုများ ပြုလုပ်နေခြင်းကို ကြုံတွေ့နေရသည်ဟု ဆိုသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကွင်းဆင်းလေ့လာမယ်။ လုပ်ငန်းဆောင်ရွက်ခြင်း ရှိ/ မရှိကို ။ လုပ်ငန်းဆောင်ရွက်တာ မတွေ့ရဘူး ဆိုရင်လည်း အရင်ဆုံး ညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ်သွားရပါမယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။
ကုမ္ပဏီများသည် ယနေ့အချိန်ထိ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိဘဲ လက်လွှဲရောင်းချခြင်းများနှင့် အကွက်ရိုက် ရောင်းချခြင်းများ ပြုလုပ်နေကြသည့်အပြင် ဒေသခံများက စားဝတ်နေရေးအတွက် ဝင်ရောက် စိုက်ပျိုးသောအခါ တရားစွဲမှုများ ပြုလုပ်ခံနေရကြောင်း သိရသည်။
ဝသန်
The Ladies News