Showing posts with label NCA. Show all posts
Showing posts with label NCA. Show all posts

Sunday, October 16, 2016

NCA လက်မှတ်မထိုးဘဲ နိုင်ငံရေး ဆွေးနွေးပွဲလုပ်ရန် ကြိုးစားနေခြင်းသည် မသင့်ဟု တပ်/ချုပ် ပြောကြား

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 

နေပြည်တော်၊ အောက်တိုဘာ ၁၅ 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မရှိဘဲ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ သွားနိုင်ရန် ကြိုးစားနေခြင်းသည် မဖြစ်သင့်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ 

အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည် အခမ်းအနားသို့ လာရောက်၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“NCA ကို လက်မှတ်ရေးထိုးခြင်း မရှိဘဲ စာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ သွားနိုင်ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။ 

NCA စာချုပ်သည် အစိုးရ တစ်ရပ်တည်း၏ သဘောထားအမြင်၊ တပ်မတော်၏ သဘောထားအမြင်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့တည်း၏ သဘောထားအမြင် မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်များဘက်က တင်ပြချက်ချက် အားလုံးနီးပါးကို သဘောတူညီမှုဖြင့် အခြေခံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ယင်းစာချုပ်သည် မည်သည့်အဖွဲ့အစည်း အင်အားစုကိုမျှ အကျပ်အတည်း၊ အခက်အခဲ တွေ့စေမည် မဟုတ်ဘဲ ပြည်သူလူထုနှင့် ပြည်ထောင်စု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ထွက်ရပ်လမ်း ဖြစ်သောကြောင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် ပါဝင် လက်မှတ်ရေးထိုးပေးရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။ 

လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် လိုအင်ဆန္ဒများကို ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းနည်းများဖြင့် အဖြေရှာရမည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ဆန္ဒရှိနေခြင်းသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်လမ်းကို သွားနေခြင်း ဖြစ်ကြောင်း တပ်ချုပ်က ရှင်းပြသည်။ 

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းကြောင့်  လက်မှတ်ထိုးထားသည့် အဖွဲ့များ နေထိုင်ရာ နယ်မြေများတွင် တိုက်ပွဲများ မရှိတော့ဘဲ ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုလာနိုင်ကြောင်း၊ ယင်းအပြင် တိုင်းရင်းသားအချင်းချင်း ခိုင်မာသော ယုံကြည်မှုများ ရရှိလာသောကြောင့် အဆိုပါ အခြေအနေကို လက်မှတ်မထိုးရသေးသည့် အဖွဲ့တို့က  နမူနာကောင်းယူသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Saturday, October 8, 2016

တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယုံကြည်မှု ပျက်ပြားပြီး ဆွေးနွေးဖြေရှင်းမှု ပိုခက်ခဲစေဟု UNFC ပြော

ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ။ ၂၆ စက်တင်ဘာ ၂၀၁၄။ ဓာတ်ပုံ ဘိုဘို။

ချင်းမိုင်၊ အောက်တိုဘာလ ၇ ။            ။ မြန်မာ့တပ်မတော်မှ စစ်ရေးနည်းဖြင့် ဖြေရှင်းလာမှုသည် ယုံကြည်မှု ပျက်ပြားစေပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် ပိုမို ခက်ခဲလာစေသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုက္ကဌ နိုင်ဟံသာက ပြော သည်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် အနီးသို့ မြန်မာတပ်မတော်မှ ထိုးစစ် ဆင်လာ မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ UNFC က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တဖက်က စစ်ရေးအရ လက်ဦးမှု ရယူပြီးတော့မှ စစ်ရေးအရ ဖြေရှင်းဖို့ဆိုတဲ့ဟာကို ကြိုးပမ်းနေတာ။ ဖိအားပေးတဲ့ သဘောပေါ့။ မြန်မြန်လက်မှတ်ထိုးဖို့ ဖိအားပေးတာ ဖြစ်နိုင်တယ်။ ဒါက သူတို့ ဖိအားပေးတဲ့ ပုံစံနဲ့တော့ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး။ အမှန်မှာတော့ အေးအေးချမ်းချမ်းနဲ့ ဖြေရင်းဖို့ အားပေးရမဲ့ အနေအထားမျိုးမှာ ဒီလို စစ်ရေးနည်းနဲ့ ပိုပြီး တော့ ကြိုးပမ်းလာလည်း ယုံကြည်မှုကို ပိုပြီးတော့ ပျက်ပြားပြီးတော့ ဆွေးနွေး ဖြေရှင်းဖို့က ပိုပြီးခဲသွားမယ်”ဟု နိုင်ဟံသာက ပြောသည်။

ယခုကဲ့သို့ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုသည် စစ်ရေးအရ ဖြေရှင်းမှုကို ကြိုးပမ်းနေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စာချုပ်မူကြမ်း(NCA)ကို လက်မှတ်ရေးထိုးရန် ဖိအားပေးခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း သူက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ၃ ရက်ကြာရောက်ရှိသော အမေရိကန် ပြည်ထောင်စု ပစိဖိတ်စစ်ဌာနချုပ်၏ ဒုစစ်ဦးစီးချုပ် ဒုဗိုလ် ချုပ်ကြီး အန်ထော်နီခရပ်ခ်ျဖီးလ်နှင့် UNFC နှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများမှ ခေါင်းဆောင်များ အပါအဝင် ၁၀ ဦးခန့်က စက်တင်ဘာလ ၄ ရက်က ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတွင် တွေ့ဆုံမှုရာလည်း လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များအား၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့ပြီး နောက်ပိုင်း အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် UNFC မှ ဒုဥက္ကဌ နိုင်ဟံသာ အပါအဝင် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ(ENAC) မှ ၄ ဦး နှင့်  NCA လက်မှတ်ရေး ထိုးထား သော KNU၊ PNLO၊ ABSDF ၊ RCSS ၊ CNF တို့မှ ခေါင်းဆောင်များလည်း တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းနှင့် တစ်နိုင်ငံလုံး တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန်အတွက် အောက် တို ဘာလ ၆ ရက်က မြစ်ကြီးနားမြို့တွင် ပြည်သူလူထူ သောင်းချီက လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။