Showing posts with label လွှတ်တော်သတင်း. Show all posts
Showing posts with label လွှတ်တော်သတင်း. Show all posts

Saturday, October 8, 2016

အစိုးရ အကျပ်အတည်း ဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားထားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အောက်တိုဘာ ၇ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို တွေ့ရစဉ်

အစိုးရ အကျပ်အတည်းဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားထားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အောက်တိုဘာ ၄ ရက်က လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိ ခန်းမတွင် တွေ့ဆုံစဉ် အစိုးရ အကျပ်အတည်း ဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု သတင်းထွက် ဖော်ပြမှုများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးဝင်းမြင့်က ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပြောတာက အစိုးရကို အကျပ်အတည်း ဖြစ်စေမယ့် မေးခွန်း မမေးနဲ့လို့ ပြောတာ မရှိဘူး။ ဒါပေမဲ့ ကိုယ်စားလှယ်တွေကို ရင်းနှီးတဲ့ အခါမှာ ကိုယ်စားလှယ်တွေ မေးတာကို သူတို့က လာပြီးတော့ ကျွန်တော်က အတွေ့အကြုံရှိတဲ့ အခါကျတော့ တချို့ကလည်း ဆရာရဲ့၊ တချို့ကလည်း အန်ကယ်ရဲ့ဆိုပြီး လာပြောတာရှိတယ်။ ပြောတဲ့အခါကျတော့ ကျွန်တော်က သူတို့ကို နည်းမှန်းလမ်းမှန်ဖြစ်အောင် ပြောတာတော့ ရှိတယ်။ ဥပမာ ကျွန်တော်ပြောပြမယ်။ မနေ့တစ်နေ့က မီးရထားကိစ္စ (ဖြူး) ဦးသန်းညွန့် မေးသွားတယ်။ ကျွန်တော် မှတ်မိပါတယ်။ မြန်မာ့မီးရထားကို နိုင်ငံတကာ အဆင့်မီအောင် စွမ်းရည်မြှင့်တင်ပေးဖို့။ ကျွန်တော် ပြောပြတယ်။ မီးရထားကို ဒီထက် ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေပေးဖို့ စွမ်းရည်မြှင့်တင်ဖို့ အစိုးရကို တိုက်တွန်းကြောင်း ဒါဆို ကောင်းတယ်။ ဒီထက် ပိုကောင်းသွားတာပေါ့။ စီးတာရော ဘာရော။ နိုင်ငံတကာ အဆင့်မီအောင်ဆိုတဲ့ အတွက်ကြောင့် ဒီအဆိုက ၀န်ကြီးဌာနက တွက်ကြည့်လေ၊ နိုင်ငံတကာ အဆင့်မီအောင်ဆိုတော့ ဘယ်လိုမီမလဲ။ ကိုယ့်တိုင်းပြည် အခြေအနေနဲ့ လောလောလတ်လတ်ကြီးကို။ အဲဒီတော့ ဒီလိုမေးခွန်းမျိုးတွေကျတော့ သတိထားသင့်တယ်။ သူတို့က ကျွန်တော့်ဆီ အကြံဉာဏ် လာလာတောင်းတဲ့ အခါကျတော့ ကျွန်တော်က ရှင်းပြတာ။ ဒါက အကျပ်အတည်းဖြစ်အောင် ပြောတာနဲ့ မဆိုင်ဘူး။ မတူဘူး။ ပိတ်ပင်တာ မဟုတ်ဘူး။ သူတို့ လာမေးတဲ့ အခါမှာ အခြေအနေကို ဒါမျိုးတွေ အများကြီး ရှိတယ်။ ကိုယ်စားလှယ်တွေက သူတို့ဟာကို သိပ်ပြီး ကြီးကျယ်ခမ်းနားချင်တော့ ရေးလိုက်တာပေါ့။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ အားလုံးသိတဲ့အတိုင်း ဖြစ်နိုင်ခြေကို လုပ်ရတာ။ Politics Possible လေ။ မဖြစ်နိုင်ခြေကြီး သွားမေးလို့ အစိုးရက ငြင်းမှာပဲ။ သူတို့ မေးခွန်းတွေ အဆိုတွေ ပိုကောင်းသထက် ကောင်းပြီးတော့ သူတို့ လာတိုင်ပင်လို့ ကျွန်တော်ပြောတာပါ။ အကျပ်ကိုင်တာ မရှိဘူး။ နိုင်ငံတကာ အဆင့်မီအောင်ဆိုတော့ တွက်ကြည့်လေ။ အာရှပဲ မီအောင်လုပ်ဦး ကျွန်တော် အဲဒီအတိုင်းပဲ ပြောလိုက်တာပါ။ အာရှပဲ မီအောင်လုပ်ဦး။ မေးလိုက်တဲ့ အဆိုကြီးက နိုင်ငံတကာ အဆင့်မီအောင်ဆိုတော့ ဟိုက ငြင်းတော့မှာပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကိုယ်ကတော့ ကိုယ့်အဆိုကို ကြီးကျယ်ခမ်းနားချင်တာပေါ့။ ဒါပေမဲ့ အစိုးရက လုပ်မပေးနိုင်တဲ့ အခါကျတော့ ကိုယ့်အဆို မအောင်မြင်ဘူးပေါ့။ ဒါမျိုးကို သူတို့ လာတိုင်ပင်တဲ့အခါ ကျွန်တော်က ရှင်းပြတာပဲ။ ကျွန်တော်တို့ ပိတ်တာ ဘာမှ မရှိဘူး” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

အောက်တိုဘာ ၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဦးဝင်းထိန်တို့ တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ်များအား အစိုးရ အကျပ်အတည်း ဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် မှာကြားခဲ့သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ယင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းက ဥက္ကဋ္ဌကြီးနဲ့ အန်ကယ် ဦးဝင်းထိန် အပါအ၀င် NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို အစိုးရကို အကျပ်အတည်း ဖြစ်စေမယ့် မေးခွန်းတွေ၊ အဆိုတွေ မမေးဖို့ မှာကြားလိုက်တယ် ဆိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အချို့က ကျွန်တော်တို့ကို ပြန်ပြောပြတာ ရှိပါတယ်။ အဲဒီတော့ ဘာကြောင့် အဲဒီလို မှာကြားရလဲဆိုတာ သိချင်ပါတယ်ခင်ဗျ” ဟု သတင်းစာ ရှင်းလင်းပွဲ အစပိုင်းတွင် မေးမြန်းသည်။

ထိုသို့ မေးမြန်းမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ကျွန်တော်တို့ အခု မီဒီယာတွေနဲ့ တွေ့ဆုံပွဲဟာ လွှတ်တော်ကိစ္စကိုပဲ ပြောမှာဖြစ်တယ်။ ဘာဖြစ်လို့လဲ။ ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ အခုလုပ်တယ်။ နောက်တစ်ခုက လွှတ်တော်ရဲ့ အခန်းထဲမှာ လုပ်တာဖြစ်တယ်။ လွှတ်တော်ရဲ့ အဆောင်အယောင်နဲ့ ကျွန်တော်တို့ လုပ်တယ်။ ဒါကြောင့်မို့ လွှတ်တော်ကိစ္စပဲ ကျွန်တော်ပြောမယ်။ ဒီဟာက ကျွန်တော်တို့က ပါတီကိစ္စလာပြောတာ မဟုတ်ဘူး။ ဒါကတော့ ကျွန်တော် စည်းခြားမယ်” ဟု ပြန်လည်ဖြေကြားသည်။

Writer: 

စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

Friday, October 7, 2016

ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပြီးဆုံးချိန်တွင် ဆက်လက်ဆွေးနွေးရန် ဥပဒေကြမ်း ၉ ခု ကျန်ရှိဟုဆို

Posted: October 7, 2016

 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောက်တိုဘာ ၇ ရက်  ပြီးဆုံးချိန်တွင် ဆက်လက်ဆွေးနွေးရန် ဥပဒေကြမ်း ၉ ခုကျန်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဥပဒေကြမ်းများအနေနဲ့ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း ၅ ခု အပါအဝင် ဆောင်ရွက်ဆဲဥပဒေကြမ်း ၁၉ ခုရှိပြီး အတည်ပြုဆောင်ရွက်နိုင်ခဲ့တဲ့ ဥပဒေကြမ်း ၁၀ ခု ဖြစ်ပါတယ်။ ဆက်လက်ဆွေးနွေးရန်အတွက် ဥပဒေကြမ်း ၉ ခု ကျန်ရှိပါတယ်။”ဟု ဦးဝင်းမြင့်က ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၅ ရက်က စတင်ကျင်းပခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ပြီးဆုံးပြီဖြစ်သည်။ အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၂၂၅ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၄၀၇ ခု မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုများအနေဖြင့် အရေးကြီးအဆို ၂ ခုအပါအဝင် အဆိုစုစုပေါင်း ၁၆ ခု တင်သွင်းဆောင်ရွက်နိုင်ခဲ့ပြီး အတည်ပြုအဆို ၄ ခု၊ မှတ်တမ်းတင်အဆို ၉ ခု၊ အတည်မပြုအဆို ၂ ခုနဲ့ ဆွေးနွေးရန်မသင့်အဆို ၁ ခုတို့ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။

ဇော်မင်းထွန်း

The Ladies News

Wednesday, October 5, 2016

လွှတ်တော်ရုံးအတွင်းဓါးထိုးမှုဖြစ်



ပြည်သူ့လွှတ်တော်အဆောက်အအုံအတွင်းမှာ လွှတ်တော်ရုံးအမျိုးသမီးဝန်ထမ်း တစ်ဦး ဒီနေ့ မနက်ပိုင်းက ဓားထိုးခံခဲ့ရပါတယ်။

ဓါးထိုးခံရသူ အမျိုးသမီးဟာ လက်ထောက်ညွန်ကြားရေးမှူးဖြစ်ပြီး ၀န်ထမ်းအမျိုးသမီးတစ်ဦးက ဖုန်းအရောင်းအ၀ယ်ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် အိမ်သုံးဓားနဲ့ထိုးတာ ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်က သတင်းထောက်တွေကို အတည်ပြုပြောပါတယ်။

ဓားထိုးခံရသူအမျိုးသမီးရဲ့ ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်းလည်း ရဲမှူးဆန်းအောင် က ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ ပြည်သူ့လွှတ်တော် ညွန်ကြားရေးမှူးချုပ်ရုံး လက်ထောက် ညွန်ကြားရေးမှူးက ရုံးအကူဝန်ထမ်းအမျိုးသမီးထံကနေ ဖုန်းဟန်းဆက်ဖိုး အကြွေးတောင်းရာမှာ ရုံးအကူ အမျိုးသမီးက လက်ထောက်ညွန်ကြားရေးမှူးရဲ့ နောက်ကြောကို ကြက်သွန်လှီးဓားနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

Photo: Wun Naung Toe/ RFA

( ပြည်သူ့လွှတ်တော်အဆောက်အအုံကို  အောက်တိုဘာလ ၅ ရက်နေ့က ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင် လာရောက်စစ်ဆေးစဉ် )


Sunday, October 2, 2016

  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အရေးယူနိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်



အင်းဝအပ်ချုပ်ဆိုင်အမှုမှာ ၀င်ရောက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေရဲ့ တင်ပြချက်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြထားပြီး ဆက်လက်အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

 ကော်မရှင်ရဲ့ တင်ပြချက်ကို ရရှိထားပြီးဖြစ်တဲ့အတွက် အခု ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ထားတယ်လို့ ဆိုပါတယ်။

 အဲဒီနောက်မှာ ဥပဒေအရစိစစ်ပြီး ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေး(၂)ဦး နှိပ်စက်ခံရမှုမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ငွေကျပ်သိန်း (၅၀)နဲ့ နှစ်ဘက်ပြေလည်အောင် ကြားဝင်ညှိနှိုင်းခဲ့တဲ့အပေါ် ဆက်လက်အရေးယူပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

 ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့ကို အရေးယူပေးဖို့ တင်ပြခဲ့ရာ သဘောတူကြောင်း ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

5 Plus News

Saturday, October 1, 2016

ဦးသိန်းစိန်အစိုးရ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ပယ်ချခံရ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) တင်သွင်းသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၇/၂၀၁၅) ကို ရွေးကောက်ပွဲခုံအဖွဲ့(၁)က ကြားနာစစ်ဆေးပြီးနောက်  စက်တင်ဘာ ၃၀ ရက်တွင်  ကန့်ကွက်လွှာကို ပယ်ချခဲ့ခြင်းဖြစ်သည်ဟု အောက်တိုဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ဦးစိုးမောင်မှာ သမ္မတဦးသိန်းစိန်လက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၇/၂၀၁၅) ကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေ (ဥပဒေကျွမ်းကျင်သူ) နှင့် ဦးဝင်းမော် (ဥပဒေကျွမ်းကျင်သူ) တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၁)က ကြားနာစစ်ဆေးပြီးနောက် စက်တင်ဘာ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးတိုးရွှေ(ခ) ဒေါက်တာ တင်ဌေးအောင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးမောင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ ကန့်ကွက်လွှာကို စရိတ်နှင့် တကွပယ်ခဲ့ပြီး ရှေ့နေစရိတ် ကျပ်သုံးသောင်း သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမောင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးရွှေ(ခ) ဒေါက်တာတင်ဌေးအောင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) ရရှိသော မဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသော မဲများ မပါရှိခဲ့သော် လျှောက်ထားသူသာလျှင် ခိုင်လုံမဲအများဆုံး ရရှိမည်ဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၇/၂၀၁၅) ဖြင့် ကော်မရှင်က လက်ခံခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုပေါင်းမှာ စက်တင်ဘာ ၃၀ ရက်အထိ ၃၄ မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ ၂၃ မှုရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှသိရသည်။

ဇော်မင်းထွန်း
The Ladies News

အမုန်းစကား တားမြစ်ကာကွယ်ရေး ဥပဒေထွက်ဖို့ တစ်နှစ်လောက် ကြာမယ်

ဘာသာပေါင်းစုံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ရေးဆွဲတဲ အမုန်းစကားတားမြစ်ကာကွယ်ရေး ဥပဒေ အပြည့်အစုံ ပေါ်ထွက်လာဖို့ အချိန် တစ်နှစ်လောက် ကြာဦးမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

အမုန်းစကား တားမြစ်ကာကွယ်ရေးဥပဒေကြမ်းကို ပထမဆုံးအနေနဲ့ ရှေ့နေချုပ်ရုံးက သဘောထားမှတ်ချက်နဲ့ ပြန်ချပေးထားပြီးပြီ ဖြစ်တဲ့အတွက် ဝန်ကြီးဌာနက ပြည်လည်ညှိနှိုင်းပြီး ဒုတိယအကြိမ် ထပ်တင်ပြတဲ့ အဆင့်ပဲ ရှိသေးတယ်လို့ သူရဦးအောင်ကိုက ပြောကြားခဲ့တာပါ။

ဥပဒေကြမ်းကို ခုတစ်ကြိမ် ထပ်တင်ရာမှာ ရှေ့နေချုပ်ရုံးကနေ ပြန်ကျလာရင် အစိုးရအဖွဲ့ကို တင်ပြပြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လွှတ်တော်ကို တင်ပြသွားဖို့လည်း လိုသေးတာကြောင့် ဥပဒေအဖြစ် ထွက်ပေါ်လာဖို့ တစ်နှစ်လောက်ကြာဦးမယ်လို့ သူရဦးအောင်ကိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုသားကြီး(နေပြည်တော်)

Share this:

  မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အောက်တိုဘာလအတွင်း အရေးယူမည်




ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ် ၊အင်းဝအပ်ချုပ်ဆိုင်ရှိ အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုတွင် ၀င်ရောက် ဖြေရှင်းကိုင်တွယ်ခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များကို အောက်တိုဘာလအတွင်း အရေးယူသွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးက အောက်တိုဘာလ ၁ရက်တွင် ပြောကြားလိုက်သည်။

''နံပါတ်တစ် ကော်မရှင်ကို အရေးယူဖို့ အဆိုမရောက်ခင် ကျွန်တော်တို့ဆီ ကော်မရှင်ရဲ့ တင်ပြချက်ကို တောင်းထားတယ်။ နံပါတ်နှစ် တင်ပြချက်တော့ ရောက်လာပြီ။ ဥပဒေကြောင်းအရ လေ့လာနိုင်အောင် ပြည်ထောင်စုရှေ့ နေချုပ်ရုံးကို တင်ပြထားတယ်။ နောက် လွှတ်တော်က အဆိုရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ဥပဒေအရ စိစစ်ပြီးတာနဲ့ စပြီး အရေးယူမှာပါ။ အောက်တိုဘာလအတွင်း ဖြစ်နိုင်ပါတယ်။'' ဟု ဦးဇော်ဌေးက ပြောသည်။

အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အမျိုးသမီးငယ်နှစ်ဦး အုပ်ထိန်းသူ၊ အင်းဝအပ်ချုပ်ဆိုင် မိသားစုနှင့် ရဲတပ်ဖွဲ့ စသည့် တာဝန်ရှိသူတို့ ပါဝင်ကာ စက်တင်ဘာလ ၁၅ရက်တွင် ပြည်လမ်းခြောက်မိုင်ခွဲရှိ ကော်မရှင်ရုံး၌ ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း၊ ငွေကျပ်သိန်းငါးဆယ်ဖြင့် နှစ်ဦးနှစ်ဘက်ပြေလည်မှု ရယူလိုက်ကြောင်း မှတ်တမ်းများအရ သိရပြီး ၄င်းဖြေရှင်းပေးမှုမှာ မေတ္တာစေတနာဖြင့်ဖြေရှင်းပေးလိုက်ခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

''အန်တီတို့ လက်ထက်တုန်းကတော့ ကလေးအလုပ်သမားဆိုရင် ဒါ အလုပ်သမားရုံးကို ခေါ်တယ်။ နောက် ကော်မရှင်ရုံးမှာမှ ထပ်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ နှိပ်စက်ညှဉ်းပန်းထားရင် ဥပဒေအရ အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာရေးပို့တယ်။ တရားရုံးချုပ်ကို တင်ပြတယ်။ မတရားခိုင်းစေတယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို တင်ပြတယ်။ အခုက ဘယ်လိုအတွေးနဲ့ မြန်မြန်ဆန်ဆန် လူ့အခွင့်အရေးကော်မရှင်က ၀င်ညှိနှိုင်းပေးတယ်ဆိုတာ စဉ်းစားမရဘူး။ ဒါကငွေနဲ့ အလျော်အစားပေးလို့မရဘူး။ အံ့သြမိတယ်။'' ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဟောင်း တိုင်ကြားစာများလက်ခံစစ်ဆေးရေးဌာနမှ ဒေါ်စန်းစန်းကပြောသည်။

လက်ရှိတွင် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်ခြောက်ဦးလုံးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူထားပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

SKY Land News & Entertainment Media

Friday, September 30, 2016

ရင်းနှီးမြုပ်နှံမှုဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု


 


စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဥပဒေကြမ်းထဲမှာ လုံခြုံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအကျိုးစီးပွားတွေအပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုအပ်တယ်ဆိုတာကို ထည့်သွင်းထားပါတယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ ဥပဒေတွေက ရှိထားပြီးဖြစ်ပေမယ့်၊ ဘာကြောင့် ဒီ ဥပဒေကို ပြောင်းလဲ အတည်ပြုရသလဲဆိုတာကိုတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က အခုလို ပြောပါတယ်။

“နိုင်ငံခြားသားရော၊ နိုင်ငံသားရော အားလုံးအတွက် တခုပါပဲ။ နိုင်ငံသားတွေကို ပိုပြီးအခွင့်အရေးပေးတယ်၊ နိုင်ငံခြားသားတွေဆိုပြီးတော့ ခွဲထားတယ်။ ဒီလိုခွဲခြားတယ်ဆိုပြီးတော့ ပြောတဲ့အခါမှာ ဒါကို ရင်းနှီးမြုပ်နှံတဲ့လူတွေက သံသယဖြစ်တာပေါ့ဗျာ။”

လက်ရှိပြဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပေါင်းစပ်ရေးဆွဲထားတဲ့ ဥပဒေမှာ တာဝန်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်စေရေး ရည်ရွယ်ပြီး၊ လုပ်ငန်းကြီးတွေအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုချက်ရယူဖို့ ဥပဒေကြမ်းမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ စစ်အစိုးရတွေ လက်ထက်က မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေမှာ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်းအပေါ် အကျိုးဆက်တွေ ရှိနိုင်ပေမဲ့ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ရတာတွေကို ပြင်ဆင်ဖို့ ဒီ ဥပဒေက ရည်ရွယ်ထားတာပါ။

မကြာသေးခင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် အမေရိကန်က ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ကြေညာထားတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလန်းတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်နေချိန်မှာပဲ လွှတ်တော်မှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်တရပ် အတည်ပြုနိုင်ဖို့ ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။ အခု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်ပေမယ့်၊ ဥပဒေအသက်ဝင်လာဖို့တော့ အမျိုးသားလွှတ်တော်ကနေ အတည်ပြုပေးဖို့ ကျန်ရှိပါသေးတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ရင်းနှီးမြုပ်နှံမှုဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု


 


စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဥပဒေကြမ်းထဲမှာ လုံခြုံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအကျိုးစီးပွားတွေအပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုအပ်တယ်ဆိုတာကို ထည့်သွင်းထားပါတယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ ဥပဒေတွေက ရှိထားပြီးဖြစ်ပေမယ့်၊ ဘာကြောင့် ဒီ ဥပဒေကို ပြောင်းလဲ အတည်ပြုရသလဲဆိုတာကိုတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က အခုလို ပြောပါတယ်။

“နိုင်ငံခြားသားရော၊ နိုင်ငံသားရော အားလုံးအတွက် တခုပါပဲ။ နိုင်ငံသားတွေကို ပိုပြီးအခွင့်အရေးပေးတယ်၊ နိုင်ငံခြားသားတွေဆိုပြီးတော့ ခွဲထားတယ်။ ဒီလိုခွဲခြားတယ်ဆိုပြီးတော့ ပြောတဲ့အခါမှာ ဒါကို ရင်းနှီးမြုပ်နှံတဲ့လူတွေက သံသယဖြစ်တာပေါ့ဗျာ။”

လက်ရှိပြဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပေါင်းစပ်ရေးဆွဲထားတဲ့ ဥပဒေမှာ တာဝန်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်စေရေး ရည်ရွယ်ပြီး၊ လုပ်ငန်းကြီးတွေအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုချက်ရယူဖို့ ဥပဒေကြမ်းမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ စစ်အစိုးရတွေ လက်ထက်က မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေမှာ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်းအပေါ် အကျိုးဆက်တွေ ရှိနိုင်ပေမဲ့ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ရတာတွေကို ပြင်ဆင်ဖို့ ဒီ ဥပဒေက ရည်ရွယ်ထားတာပါ။

မကြာသေးခင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် အမေရိကန်က ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ကြေညာထားတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလန်းတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်နေချိန်မှာပဲ လွှတ်တော်မှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်တရပ် အတည်ပြုနိုင်ဖို့ ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။ အခု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်ပေမယ့်၊ ဥပဒေအသက်ဝင်လာဖို့တော့ အမျိုးသားလွှတ်တော်ကနေ အတည်ပြုပေးဖို့ ကျန်ရှိပါသေးတယ်။
ဗွီအိုအေ (မြန်မာပိုင်း)