Saturday, October 1, 2016

  မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အောက်တိုဘာလအတွင်း အရေးယူမည်




ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ် ၊အင်းဝအပ်ချုပ်ဆိုင်ရှိ အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုတွင် ၀င်ရောက် ဖြေရှင်းကိုင်တွယ်ခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များကို အောက်တိုဘာလအတွင်း အရေးယူသွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးက အောက်တိုဘာလ ၁ရက်တွင် ပြောကြားလိုက်သည်။

''နံပါတ်တစ် ကော်မရှင်ကို အရေးယူဖို့ အဆိုမရောက်ခင် ကျွန်တော်တို့ဆီ ကော်မရှင်ရဲ့ တင်ပြချက်ကို တောင်းထားတယ်။ နံပါတ်နှစ် တင်ပြချက်တော့ ရောက်လာပြီ။ ဥပဒေကြောင်းအရ လေ့လာနိုင်အောင် ပြည်ထောင်စုရှေ့ နေချုပ်ရုံးကို တင်ပြထားတယ်။ နောက် လွှတ်တော်က အဆိုရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ဥပဒေအရ စိစစ်ပြီးတာနဲ့ စပြီး အရေးယူမှာပါ။ အောက်တိုဘာလအတွင်း ဖြစ်နိုင်ပါတယ်။'' ဟု ဦးဇော်ဌေးက ပြောသည်။

အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အမျိုးသမီးငယ်နှစ်ဦး အုပ်ထိန်းသူ၊ အင်းဝအပ်ချုပ်ဆိုင် မိသားစုနှင့် ရဲတပ်ဖွဲ့ စသည့် တာဝန်ရှိသူတို့ ပါဝင်ကာ စက်တင်ဘာလ ၁၅ရက်တွင် ပြည်လမ်းခြောက်မိုင်ခွဲရှိ ကော်မရှင်ရုံး၌ ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း၊ ငွေကျပ်သိန်းငါးဆယ်ဖြင့် နှစ်ဦးနှစ်ဘက်ပြေလည်မှု ရယူလိုက်ကြောင်း မှတ်တမ်းများအရ သိရပြီး ၄င်းဖြေရှင်းပေးမှုမှာ မေတ္တာစေတနာဖြင့်ဖြေရှင်းပေးလိုက်ခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

''အန်တီတို့ လက်ထက်တုန်းကတော့ ကလေးအလုပ်သမားဆိုရင် ဒါ အလုပ်သမားရုံးကို ခေါ်တယ်။ နောက် ကော်မရှင်ရုံးမှာမှ ထပ်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ နှိပ်စက်ညှဉ်းပန်းထားရင် ဥပဒေအရ အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာရေးပို့တယ်။ တရားရုံးချုပ်ကို တင်ပြတယ်။ မတရားခိုင်းစေတယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို တင်ပြတယ်။ အခုက ဘယ်လိုအတွေးနဲ့ မြန်မြန်ဆန်ဆန် လူ့အခွင့်အရေးကော်မရှင်က ၀င်ညှိနှိုင်းပေးတယ်ဆိုတာ စဉ်းစားမရဘူး။ ဒါကငွေနဲ့ အလျော်အစားပေးလို့မရဘူး။ အံ့သြမိတယ်။'' ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဟောင်း တိုင်ကြားစာများလက်ခံစစ်ဆေးရေးဌာနမှ ဒေါ်စန်းစန်းကပြောသည်။

လက်ရှိတွင် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်ခြောက်ဦးလုံးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူထားပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

SKY Land News & Entertainment Media

No comments: