Friday, October 28, 2016

ဩစတြေးလျတွင် ခရီးသည် တစ်ဦးက ဘတ်စ်ကား ယာဉ်မောင်းကို မီးရှို့သတ်

ဩစတြေးလျတွင် ခရီးသည် တစ်ဦး၏ မီးတင်ရှို့မှုကြောင့် ဘတ်စ်ကား ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ဘရစ္စဘိန်း ရဲတပ်ဖွဲ့က သံသယ တရားခံသည် ဘတ်စ်ကား မောင်းသူပေါ်သို့ မီးလောင်စေသည့် အရည်များ ပက်ဖျန်းကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာ ၂၈ ရက်၊ မီးလောင်မှုကြောင့် ခရီးသည် ၆ ဦးမျှ ဘတ်စ်ကားထဲ ထိတ်လန့်တကြား ပိတ်မိနေချိန်တွင် အပြင်ဘက်ရှိ တက္ကဆီ ယာဉ်မောင်း တစ်ဦးက ဘတ်စ်ကား နောက်ဘက်တံခါးကို ဆွဲဖွင့်ကာ ၎င်းတို့ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့သည်။

မီးလောင်မှုနှင့် ဆက်စပ်ပြီး မီးခိုးမွှန်ခြင်း၊ တုန်လှုပ်ခြင်းများ ခံစားနေရသူ ၁၁ ဦးမျှကို ရှေးဦးသူနာပြု အဖွဲ့က ကူညီကုသပေးခဲ့ရသော်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရမှု မရှိခဲ့ချေ။ ရဲတပ်ဖွဲ့က ဘတ်စ်ကားယာဉ်မောင်းကို သတ်ဖြတ်မှုဖြင့် အသက် ၄၈ နှစ်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့သည်။ ယခုတိုက်ခိုက်မှုသည် အကြမ်းဖက်မှုများနှင့် ဆက်စပ်မှု တစ်စုံတရာ မရှိဟု ဘရစ္စဘိန်း ရဲဌာနက အတည်ပြုခဲ့သည်။

“အမျိုးမျိုး ကြုံဖူးပါတယ်။ ဒီအမှုမျိုးကတော့ ရှားတယ်။ သံသယ တရားခံကို ကြည့်ရတာ သူ့လုပ်ရပ်အတွက် ဘယ်လို စေ့ဆော်မှုမှ အသေအချာ ရှိခဲ့ပုံ မပေါ်ဘူး။ ဘတ်စ်ကား ယာဉ်မောင်းကလည်း သူ့အလုပ်သူ မှန်မှန်ကန်ကန် လုပ်နေတာပဲ။ အခုတော့ ပြည်သူ့အကျိုးပြု ဝန်ထမ်းတစ်ယောက် အဓိပ္ပါယ်မဲ့ အသတ်ခံလိုက်ရတာပါ”ဟု ရဲတပ်ဖွဲ့ အရာရှိ ဂျင်မ်ကော့ဂ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ခရီးသည်များကို ဘတ်စ်ကားထဲမှ ထွက်နိုင်အောင် ကူညီခဲ့သူ တက္ကဆီယာဉ်မောင်း အေဂယက်ညော့ခ်က “ကားရှေ့ပိုင်းမှာ မီးလောင်တော့ အားလုံးက ဘတ်စ်ကားနောက်ဘက်ကို ကြောက်လန့်တကြား စုပြုံလာကြတယ်။ ရှေ့ဘက်တံခါးကနေ ဆင်းလို့မရနိုင်တော့ဘူးလေ။ ဒါပေမဲ့ နောက်ဘက်တံခါးကိုလည်း သူတို့ဖွင့်လို့ မရဘူး။ ဒါကြောင့် ကျွန်တော်က ကန်ဖွင့်ပေးခဲ့တာပါ။ အားလုံး ဆင်းပြေးလာကြတယ်”ဟု ရှင်းပြသည်။

ဘရစ္စဘိန်းမြို့တော်ဝန် ဂရေဟမ်ကွစ်ခ်က ယခုဖြစ်ရပ်သည် ဒေသတွင်း လူ့အသိုက်အဝန်း တစ်ခုလုံးအတွက် အလွန်ဆိုးရွားသော သတင်းတစ်ခုဟု ပြောကြားခဲ့သည်။ မြို့တော် အုပ်ချုပ်ရေးအဖွဲ့က အသက် ၂၉ နှစ်အရွယ် ဘတ်စ်ကားယာဉ်မောင်းအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အနေဖြင့် အောက်တိုဘာ ၂၉ ရက်တွင် တစ်မြို့လုံးမှ နိုင်ငံတော် အလံများကို တိုင်တစ်ဝက် နှိမ့်ချလွှင့်ထူထားရန် ညွှန်ကြားထားကြောင်း သိရသည်။

Ref: BBC

No comments: