Friday, October 28, 2016

တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား မိုင်းရှူးမြို့နယ်၌ စစ်ရေးတင်းမာနေ

တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား မိုင်းရှူးမြို့နယ်၌ စစ်ရေးတင်းမာနေကြောင်း SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆုက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။
လက်ရှိတွင် တပ်မတော်နှင့် SSPP/SSA တို့အကြား ရင်ဆိုင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း တပ်မတော်အနေဖြင့် မိုင်းရှူးမြို့ပေါ်ဘက်မှ SSPP/SSA တပ်စခန်းများ ရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း ၎င်းက ပြောကြားသည်။

ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တန့်ယန်းမြို့နယ်နှင့် မိုင်းရှူးမြို့နယ် အကြားရှိ မိုင်းကောင် - မိုင်းရှူးကားလမ်း တစ်လျှောက်တွင် တပ်မတော်နှင့် SSPP/SSA အကြား ရက်ရှည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ လျှော့ချရန်အတွက် သမ္မတ ဦးသိန်းစိန်က နှစ်ဖက်တပ်များ ကားလမ်းတစ်လျှောက် နေထိုင်ခြင်းမပြုရန် တောင်းဆိုချက်အရ SSPP/SSA တပ်များသည် ကားလမ်း၏ ဘေးဘယ်ညာသို့ တစ်မိုင်၊ နှစ်မိုင်ခန့်အသီးသီး ဆုတ်ခွာပေးထားပြီး ဖြစ်သော်လည်း လက်ရှိတွင် SSPP/SSA ၏ တပ်များအား ထပ်မံဆုတ်ခွာခိုင်းသည့် အခြေအနေဖြစ်ကြောင်း ဗိုလ်မှူး စိုင်းဆုက ရှင်းလင်းပြောကြားသည်။

“အဲဒီတော့ ယခုလက်ရှိ ပြန်ရောက်နေတဲ့ အဲဒီတိုင်းမှူးက ပြန်ရွှေ့ပေးပါ။ တပ်ဆုတ်ပေးပါ။ ဟိုအကြောင်းပြချက်။ ဒီအကြောင်းပြချက်နဲ့ပေါ့။ နယ်မြေစိုးမိုးရေး၊ လုံခြုံရေး ဘာညာနဲ့ပေါ့။ အချက်အလက်တော့ များပါတယ်။ ဟိုပြောဒီပြော။ စာတွေကလည်း အမျိုးမျိုးထုတ်တာပေါ့။ တောထဲမှာ ကျွန်တော်တို့ကလည်း ညှိနှိုင်းနိုင်သလောက် ညှိနှိုင်းခိုင်းပါတယ်။ အခုတော့ နည်းနည်းတော့ တင်းမာပြီးတော့ လက်နက်ကြီးတွေ။ မိုင်းရှူးတောင်ပေါ်မှာ မိုင်းရှူးတပ်စခန်း၊ မိုင်းရှူးမြို့ဘေးမှာပါပဲ လက်နက်ကြီးနဲ့ မြို့ပေါ်ကနေ မြောက်ပိုင်းကို ထုသွားတယ်လို့ ပြောတယ်။ ကျွန်တော်က ခရီးလွန်နေတော့ အသေးစိတ် မသိရပါဘူး။ မဖြစ်သင့်ဘူးပေါ့နော်။ ဖြစ်နေတဲ့ အခြေအနေမျိုးကို အမြန်ဆုံး ရပ်တန့်ပေးပါလို့ ပြောချင်ပါတယ်။ နောက်ပြီးတော့လည်း တစ်ခုပြီးတစ်ခု ဖိအားပေးပြီးတော့ တစ်ဖက်သတ် အဲဒီလိုမျိုးတော့ မကောင်းဘူးပေါ့” ဟု ပြောကြားသည်။

SSPP/SSA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရခြင်း မရှိသေးသောအဖွဲ့ ဖြစ်သည်။ “အပြုသဘော မဆောင်တဲ့ လူကြီးတွေကျတော့ ကျွန်တော်တို့ ဒေသလိုနေရာမျိုးက အဆင်မပြေဘူးလို့ မြင်တယ်။ ကျွန်တော်တို့က သဘောထားကြီးစွာနဲ့ ချင့်ချင့်ချိန်ချိန်နဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့ အချိန်ကဏ္ဍမှာ မလိုလားအပ်တဲ့ ပြဿနာများ လျှော့ချနိုင်အောင် ပြန်လည်သုံးသပ် ညှိနှိုင်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်စေချင်ပါတယ်” ဟု ဗိုလ်မှူးစိုင်းဆုက ပြောကြားသည်။

ထို့ပြင် လက်နက်ကြီးပစ်ခတ်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည့် လွိုင်နိုင်းရွာတွင် နေထိုင်သူများအား အန္တရာယ် မဖြစ်စေရန်အတွက် ရပ်မိရပ်ဖများက မြို့ပေါ်သို့ ခေတ္တပြောင်းရွှေ့ နေထိုင်ရန် ပြောကြားမှုများ ရှိနေသည်ဟု ကြားရသဖြင့် စစ်ရှိန် မြင့်လာနိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ပြောကြားသည်။

တပ်မတော်နှင့် SSPP/SSA အကြား စစ်ရေးတင်းမာနေသည်မှာ မှန်ကန်ကြောင်း၊ မိုင်းရှူးမြို့ပေါ်တွင် လုံခြုံရေး တိုးမြှင့်ထားပြီး မိုင်းရှူးမြို့မှ တန့်ယန်းမြို့နယ်ဘက်သို့ အထွက်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ဆေးရေး ဂိတ်နှစ်ဂိတ်ဖြင့် စစ်ဆေးလျက် ရှိကြောင်း မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ (၃) နန်းကောင်ခမ်းက ပြောကြားသည်။ “လက်နက်ကြီးတွေ ပစ်တဲ့လမ်းကြောင်း ဆိုတော့ ရွှေ့ခိုင်းတာနေမှာ။ အဲဒါမြို့ထဲကို အကုန်လာခိုင်းတယ်လို့ ကြားရတယ်။ အခုကတော့ လူထုတွေကလာဖို့ လုပ်နေမှာပါ။ ဒီမနက် ကျွန်မလူရှိတယ်လေ။ ကျွန်မလူက ဖုန်းဆက်ပြောလာတယ်။ သူတို့ကို ရွှေ့ခိုင်းတဲ့ အကြောင်းပေါ့။ ရွှေ့တော့ရွှေ့မယ် ထင်တယ်။ မရွှေ့လို့မရဘူး။ ကျွန်မထင်တာတော့ လူထုက အခက်အခဲ ရှိတာပေါ့လေ” ဟု နန်းကောင်ခမ်းက ပြောကြားသည်။

ထို့ပြင် အောက်တိုဘာ ၂၆ ရက်က မိုင်းရှူးမြို့ အထွက် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီးနင်းလာသူ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်ပေါ်ကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားသည့်နေရာ မိမိကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့သော်လည်း သေဆုံးသူအလောင်းအား မိသားစုကိုသာ သက်ဆိုင်ရာက ကြည့်ရှုခွင့် ပေးခဲ့ကြောင်း၊ ကြားသိရသည့် သတင်းအရ စစ်ဆေးရန် ဆိုင်ကယ်အား ရပ်တန့်ခိုင်းစဉ် မရပ်တန့်သောကြောင့် ပစ်ခတ်ခြင်း ဖြစ်သည်ဟုသာ သိရကြောင်း ၎င်းက ပြောကြားသည်။

ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ “ညဆိုရင် အစ်မတို့ မိုင်းရှူးမြို့ပေါ်မှာ ၇ နာရီလောက်ဆို လူသွားလူလာ မရှိတော့ဘူး။ အကုန်လုံး မီးငြှိမ်းပြီး နေနေရတာ။ ဒေသခံ တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒီလိုမျိုး လူထုကတော့ ပထမဆုံး တိုက်ပွဲဖြစ်ရင် လူထုက ဒုက္ခရောက်မှာပဲ။ အခုက ဆန်တွေ၊ စပါးတွေ၊ ပြောင်းဖူးတွေယူတဲ့ အချိန်လည်း ဖြစ်နေတာပေါ့။ ဒီလိုအချိန်မှာ တိုက်ပွဲဖြစ်မယ်ဆိုရင် လူထုက ထပ်ဒုက္ခရောက်လိမ့်မယ်။ တိုက်ပွဲကို ဦးတည်ပြီးတော့ ဖြစ်သွားမယ်ဆိုရင် အစ်မစိတ်ပူတာတစ်ခုကတော့ ရွေးကောက်ပွဲကို ထိခိုက်မှာလည်း စိုးရိမ်ပါတယ်။ ရွေးကောက်ပွဲ ကြေညာတာနဲ့ကို တိုက်ပွဲကတော့ ထပ်ပြီးတော့ဖြစ်မှာ စိုးရိမ်ပါတယ်” ဟု နန်းကောင်ခမ်းက ပြောကြားသည်။

မိုင်းရှူးမြို့နယ်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒနယ် ကြေညာပြီးနောက် လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုဘဲ ရွှေ့ဆိုင်းခဲ့ကာ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပရန် ကြေညာထားသည့် လစ်လပ် မဲဆန္ဒနယ်တွင် ပါရှိသည်။

အလားတူ တပ်မတော်နှင့် SSPP/SSA တို့သည် အောက်တိုဘာ ၇ ရက် မိုင်းရှူးမြို့နယ် လွိုင်နိုင်းတိုက်နယ်၊ လွယ်နွဲ့တောင်ခြေ၌ SSPP/SSA တပ်စခန်းအနီး၌ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး လမ်းလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းနှင့် မတော်တဆ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံရှင်းလင်းပြီး ဖြစ်ကြောင်း ထိုစဉ်အချိန်က SSPP/SSA က သတင်းထုတ်ပြန်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

သို့ရာတွင် အောက်တိုဘာ ၉ ရက်ထုတ် တပ်မတော်ပိုင် မြ၀တီသတင်းစာ၌ပင် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့၊ ရပ်ကွက် (၄)၌ နေထိုင်သည့် တောင်ယာလုပ်ကိုင်သူ ဦးလုံးကူသည် မြေးဖြစ်သူ မနန်းကြိုင်နှင့်အတူ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းတွင် မော်မော့ကျေးရွာအနီးရှိ ၎င်း၏ တောင်ယာသို့ သွားရောက်ခဲ့ရာ ကျေးရွာ၏ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် SSA (၀မ်ဟိုင်း) အဖွဲ့မှ ထောင်ထားသော ဒေသန္တရလုပ် မိုင်းတစ်လုံး နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ဦးလုံးကူ၏ ပေါင်နှစ်ဖက်နှင့် ယာဘက် လက်ကောက်ဝတ်တို့တွင် မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အတူ အောက်တိုဘာ ၁၀ ရက်ထုတ် တပ်မတော်ပိုင် မြ၀တီသတင်းစာတွင် သတင်းဖော်ပြထားရာ၌  ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ ပလောင်ချောင်းကျေးရွာသို့ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့် တွင် SSA (၀မ်ဟိုင်း) အဖွဲ့မှ အင်အားခြောက်ဦးခန့ ရောက်ရှိလာပြီး အဆိုပါ ကျေးရွာမှ ရွာသားငါးဦးအား ဖမ်းဆီးကာ သုံးဆယ်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါအဖွဲ့သည် ဖမ်းဆီးသွားသည့် ရွာသားငါးဦးထံမှ ဆက်ကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ငါးသိန်းအား တောင်းခံခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ပြန်လည် စေလွှတ်ခဲ့ကြောင်း၊ ထို့နောက် လွယ်ခွင်ကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်ဟု ရေးသားထားသည်။

ထို့ပြင် ပလောင်ချောင်းကျေးရွာနှင့် အရှေ့ကြူအင်းကျေးရွာရှိ တောင်သူများထံမှလည်း မြေတစ်ဧကလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ဆက်ကြေး ပေးဆောင်ရန် ကျေးရွာမှ တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း မြ၀တီသတင်းတွင် ဖော်ပြခဲ့သည်။

Writer: 

ကျော်ဇင်ဝင်း

No comments: