Friday, October 28, 2016

မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်းစားရေးတို့ကို အဂတိလိုက်စားမှုဖြင့် အရေးယူ


 


ပြင်ဦးလွင်၊ အောက်တိုဘာ ၂၇။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဒုတိယဦးစီးမှူးနှင့် အကြီးတန်းစာရေးတစ်ဦးတို့ကို အဂတိလိုက်စားမှုနှင့် ပတ်သတ်၍ အရေးယူရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ အောက်တိုဘာ ၂၇ရက်နေ့က သိရသည် ။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးတင်နိုင်စိုး၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် အကြီးတန်းစာရေး ဦးအောင်စိုးမိုးတို့သည် ကျေးရွာဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးအပါအဝင် တံစိုးလက်ဆောင်များ ရယူထားသည်ဟုဆိုကာ အဂတိတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့် က အမှုဖွင့်ပေးရန် ပြင်ဦးလွင်မြို့နယ် မြို့မရဲစခန်းသို့ စာဖြင့် အကြောင်းကြား တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ဒီနေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ဒုတိယဦးစီးမှူး နှစ်ယောက်ကို ယမန်ယူလိုက်တယ် ။ အကြီးတန်းစာရေး ကိုတော့ ပြင်ဦးလွင်မြို့နယ်တရားရုံးမှာ တရားစွဲတင်လိုက်ပြီ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ဒုတိယဦးစီးမှူး နှစ်ယောက်က စစ်ဆေးမှုလေးတွေရှိသေးလို့ပါ"ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ ကော်မတီဝင် ဦးသန်းအောင်က ပြောသည် ။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရန် ကိစ္စနှင့်ပက်သက်ပြီး ယင်းကျေးရွာနေ ဒေသခံများထံမှ လက်ဆောင်ယူခြင်း နှင့် ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌လည်းကောင်း ပုဆိုး နှင့် အင်္ကျီအပါအဝင် ငွေကျပ် သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ လည်းကောင်း ၊၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း အလီလီ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း ယင်းကျေးရွာကိစ္စနှင့်ပက်သက်၍ ၂၀၁၅ ခုနှစ် မေလအတွင်း က ကမ္ဘာအောင်မြေကုမ္ပဏီပိုင်ရှင်ထံ မှ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နှင့် ၃၅ သိန်း တစ်ကြိမ် လက်ခံရယူထားကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ အကြီးတန်းစာရေး ဦးအောင်စိုးမိုးသည်လည်း မန်ကျည်းအင်းကျေးရွာ ဒေသခံအချို့ထံမှ ၎င်း၏သမီးကို အပ်ချုပ်ဆိုင်ဖွင့်ပေးနိုင်ရန်အတွက် ၂၀၁၆ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ငွေကျပ် ၁၀ သိန်းတောင်းယူခြင်း၊ ၂၀၁၆ ခုနှစ် မတ်လ ၆ ရက်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် မြေစာရင်းအဖွဲ့များကို ပေးရန်ဟုဆိုကာ ၃၅ သိန်း တောင်းယူခြင်း ၊ ၂၀၁၆ ဧပြီလအတွင်းက မြေပုံရေးဆွဲသည့်အဖွဲ့ကို ဧည့်ခံရန်အတွက်ဟုဆိုကာ (၃) သိန်းတောင်းယူခြင်း စသည်တို့ကို ကျူးလွန်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့ လုပ်ပိုင်ခွင့်အာဏာ တလွဲအသုံးပြု၍ အဂတိလိုက်စားခြင်းနှင့် ပတ်သတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား (ပ)၂၂၀/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀၁၆၊ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးကျော်ကျော်နိုင်အား (ပ)၂၂၂/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးအောင်စိုးမိုးအား (ပ)၂၂၄/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇၊ (ပ)၂၂၃/၂၀၁၆၊ ပုဒ်မ ၅၇ ဖြင့်လည်းကောင်းအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar

No comments: