Friday, October 28, 2016

မြစ်ဆုံစီမံကိန်း ရပ်တန့်ပေးရန် အင်ဂျန်းယန်မြို့ရှိ ဒေသခံများ သမ္မတထံ တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇ 

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ပေးရန် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့ရှိ ဒေသခံများက အောက်တိုဘာ ၂၇ နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်သည်။ 

အဆိုပါ စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၂၅ နှင့် ၂၆ ရက်များတွင် အင်ဂျန်းယန်မြို့နယ် မဇွပ်ယန်ကျေးရွာတွင် ကျင်းပခဲ့ပြီး ဒေသခံပြည်သူ တစ်ရာကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

“ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ကလည်း ကိုယ့်ဘိုးဘွား အစဉ်အဆက် နေထိုင်ခဲ့တဲ့ ဒီနေရာမှာ ဆက်လက်ပြီး နေထိုင် သွားချင်တယ်၊ ဒီရေကာတာ စီမံကိန်းကြောင့် ကျွန်တော်တို့ ဒီဒေသမှာ ရှိတဲ့ဒေသခံ ပြည်သူတွေ ထိခိုက်မှုတွေ ရှိနိုင်တယ်၊ ဒီလို ထိခိုက်မှုတွေကို မကြုံတွေ့စေချင်လို့ သမ္မတထံ အသနားခံစာပို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု ယင်း ဒေသခံ ဓမ္မဆရာ ဦးဘရန်ရှောင်က ပြောသည်။ 

မြစ်ဆုံမြစ်ညှာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းကို ယခင်ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရပ်နားခဲ့ပြီး ဒေသခံပြည်သူများက ရေရှည်စီမံကိန်းများ ချမှတ်ကာ စိုက်ပျိုး မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း ၎င်းက ပြောသည်။ 

သို့ရာတွင် လက်ရှိအစိုးရသစ် လက်ထက်တွင် မြစ်ဆုံ ရေကာတာနှင့် ပတ်သက်၍ ပြန်လည်ပြောဆိုခြင်းများရှိနေသည့်အတွက် ဒေသခံပြည်သူများမှ စိုးရိမ်မှုများဖြစ်ပေါ်နေရပြီး၊ စီမံကိန်း ကြောင့် ထိခိုက်နစ်နာမှုများ ရှိနိုင်သောကြောင့် အပြီးသတ် ရပ်ဆိုင်းပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ထို့ပြင် ယင်းစီမံကိန်းသည် တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို တွန်းအားပေးနေပြီး သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲမှုများ ကို နိုင်ငံရေးအရ ဖြေရှင်းမှုများ ပြုလုပ်ပေးရန် တောင်းဆိုကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။ 

ထို့ပြင် အစိုးရက ဖွဲ့စည်းထားသော မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် လေ့လာ စောင့်ကြည့်ရေး ကော်မရှင် အနေနှင့် ၎င်းတို့ ဒေသခံများနှင့် ထိတွေ့မှုများ မရှိသည့်အပြင် အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများကို ရှင်းလင်း ပြောကြားခြင်းများ မပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

မြစ်ဆုံစီမံကိန်းကြောင့် ယင်းဒေသရှိ ကျေးရွာပေါင်း ၁၃၁ ရွာ၊ အိမ်ခြေပေါင်း ရှစ်ထောင်ကျော် ရေနစ်မြုပ်နိုင်ခြေရှိပြီး လူဦးရေ လေးသောင်းကျော် နေရာစွန့် ခွာရမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေး ပွဲ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အဆိုပါ စီမံကိန်းကြောင့် ယင်း ဒေသရှိ စာသင်ကျောင်းပေါင်း ၉၈ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂၆၂ ကျောင်း နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းအပါအဝင် အစိုးရဌာနဆိုင်ရာ ရုံးများ၊ ဆေးရုံ၊ ဆေးခန်းများ ဆုံးရှုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းထားပြီး ကော်မရှင်အနေနှင့် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် လေ့လာသုံးသပ်မှု ပထမ အစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက် နောက် ဆုံးထား တင်ပြရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၁၂ ရက်နေ့ တွင် သတင်း ထုတ်ပြန်ထားသည်။

No comments: