Monday, October 31, 2016

နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်ခရီးစဉ်အတွင်း တပ်ချုပ်တိုက်တွန်း


Posted: October 29, 2016

နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် သိရှိနားလည်စွာနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး Maj. Gen. Yu Kun တည်ခင်းသည့် ဂုဏ်ပြုညစာ စားပွဲအပြီးတွင် ပြောဆိုခဲ့ကြောင်း Senior general Min Aung Hlaing Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဖွဲ့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေခြင်း ဖြစ်သည်။

 

တရုတ်- မြန်မာ စစ်ဘက်ဆက်ဆံရေး အပါအ၀င် လတ်တလော မိုင်းလားဒေသတွင် အစိုးရ တပ်မတော်နှင့် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့အကြား တင်းမာမှုများ ဖြေရှင်းနိုင်ရေးအတွက် တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးဖွယ်ရှိသည်ဟု အကဲခတ်များက ခန့်မှန်းကြပြီး တင်းမာမှုများဖြစ်နေသည့် မိုင်းလားဒေသမှာ တရုတ်မြန်မာ နယ်စပ်အနီး ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေခြင်း ဖြစ်သည်။

 

“တရုတ်ပြည်က ကာချုပ်နဲ့ မြန်မာနိုင်ငံက ကာချုပ်နှစ်ယောက် တွေ့ဆုံရတဲ့ကိစ္စ စစ်ရေးကိစ္စဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ရုတ်တရက် ထွက်သွားတဲ့အနေအထားနဲ့ အခု ပါဝင်သွားတဲ့ ပုဂ္ဂိုလ်များရဲ့အနေအထားကို ကြည့်ရတာကလည်း မိုင်းလားပြသ၁နာနဲ့ ဆက်စပ်မှုရှိတယ်လို့မှန်းဆနိုင်ပါတယ်”ဟု နိုင်ငံရေးနှင့် တရုတ်မြန်မာ ဆက်ဆံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က The Ladies သို့ ၎င်း၏ အမြင်ကိုပြောကြားသည်။

 

မြန်မာ့တပ်မတော်က “၀” တပ်ဖွဲ့ကို မိုင်းလားမှ ပြန်လည်ဆုတ်ခွာရန် တပ်မတော်မှ ညွှန်ကြားခဲ့ပြီး ယင်းအပေါ်တွင် မြန်မာ့တပ်မတော်က “၀” တပ်ဖွဲ့ မဆုတ်ခွာပါက ထိုးစစ်ဆင်မည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟုလည်း ၎င်းကဆိုသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ မိုင်းလားဒေသအတွင်း “၀” တပ်ဖွဲ့မှ ၀င်ရောက်တပ်စွဲမှုများ ရှိခဲ့ပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး “၀” တပ်ဖွဲ့မှ ဆုတ်ခွာရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သတင်းမီဒီယာများက ဖော်ပြကြကာ လတ်တလော ကာလအတွင်းမှာလည်း “၀” တပ်ဖွဲ့မှ ဆက်လက် တပ်စွဲလျက်ရှိနေသည်။

 

တပ်ချုပ်၏ ခရီးစဉ်နှင့် တစ်ပြိုင်နက် တရုတ်ပြည်အတွင်းတွင် “၀” တပ်ဖွဲ့နှင့် မိုင်းလား တာဝန်ရှိသူများကို တရုတ်နိုင်ငံဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ကြောင်းလည်း ရှမ်းပြည်နယ်အတွင်း သတင်းများကို အဓိက ရေးသား ဖော်ပြနေသည့် သျှမ်းသံတော်ဆင့် သတင်းဌာနက အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

 

“တကယ်လို့ ထိုးစစ်ဆင်လိုက်လို့ ရှိရင်တော့ ဒီစစ်ပွဲက မိုင်းလားမှာတင် ရပ်နေမှာမဟုတ်ပါဘူး။ “၀” နယ်အထိ ဆက်သွားမှာပါ။ “၀” နယ်အထိ တက်သွားရင် “၀” နယ်နဲ့ ဆက်စပ်နေတဲ့ ကိုးကန့်ကလည်း ပါလာဦးမှာ။ ကိုးကန့်ဘက်မှာလည်း KIA နဲ့ တပ်မတော်နဲ့ ဖြစ်နေတော့ မြန်မာနိုင်ငံ မြောက်ပိုင်းတစ်ခုလုံး စစ်ပွဲတွေ ပျံ့နှံ့သွားမယ့် အရိပ်လက္ခဏာ ရှိပါတယ်”ဟု ဦးသန်းစိုးနိုင်ကဆိုသည်။

 

ယင်းအခြေအနေများကို အကြောင်းပြု၍ စစ်ပွဲများ ဖြစ်ပွားလာပါက တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ နယ်စပ်ပြည်နယ် ထဲသို့ ဆက်စပ်ဝင်ရောက်လာနိုင်ခြေ ရှိခြင်းကြောင့် စစ်ပွဲများ မဖြစ်လာစေရန် မေတ္တာရပ်ခံရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ခေါ်ယူဆွေးနွေးညှိနှိုင်း တိုင်ပင်သည့် သဘောရှိသည်ဟု ကောက်ချက်ချကြောင်းလည်း ယခင် ဗကပ ၏ အရှေ့မြောက်စစ်ဒေသတွင် ဗဟိုကော်မတီဝင် ဖြစ်ခဲ့ဖူးသူ တရုတ်မြန်မာ ဆက်ဆံရေးအကဲခတ် ဦးသန်းစိုးနိုင်ကပြောသည်။

 

ယင်းအခြေအနေသည် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သာမက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြီးမားစွာ ထိရောက်နိုင်ပြီး ထိခိုက်နိုင်သည့် ကိစ္စဖြစ်ခြင်းကြောင့် “၀” နှင့် မိုင်းလား တို့ ဖြစ်နေသည့် ကိစ္စကို ငြိမ်းချမ်းရေး ကော်မရှင်မှ တစ်ဆင့် အချိန်ယူ ဖြေရှင်းစေချင်ကြောင်း၊ တပ်မတော်ဘက်မှ စစ်ရေးအရ ဖြေရှင်းမှုမျိုးကို မဆောင်ရွက် စေချင်ကြောင်းလည်း ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပြောဆိုသည်။

 

တရုတ်မြန်မာ နယ်စပ်တွင် အခြေစိုက်သည့် “၀” နှင့် မိုင်းလားအဖွဲ့များမှာ ဗမာပြည် ကွန်မြုနစ်ပါတီမှ ခွဲထွက်လာသည့် မဟာမိတ် တိုင်းရင်းသား အဖွဲ့အစည်းများ ဖြစ်ကြပြီး ၂၁ ပင်လုံတွင် “၀” အဖွဲ့မှာ ညီလာခံမှ ပြန်သွားကာ မိုင်းလားအဖွဲ့မှာ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ထိုးမည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: