Posted: September 23, 2016
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရန်အတွက် လေ့လာမှုများကို ပြုလုပ်နေသော်လည်း ပြည်သူလူထုမှ သိရှိခြင်းမရှိကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က The Ladies သို့ ပြောသည်။
“ ပြည်နယ်အတွင်းမှာရှိတဲ့ မြေပေါ်မှာလုပ်နေတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ မသိတာမဖြစ်နိုင်ဘူး။ သိရဲ့သားနဲ့ လူထုသိအောင် မလုပ်တာက အစိုးရရဲ့ အားနည်းချက်လို့ပဲ ပြောချင်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်းဝေး၏ ဒုတိယနေ့တွင် SNLD မှ ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း ၆ ခုနှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူဖြေရှင်းခြင်းမရှိဘဲ ပြည်ထောင်စု လွှတ်တော်သို့သာ မေးမြန်းရန် ဖြေကြားခဲ့သည်ဟု ဆိုသည်။
ရှမ်းပြည်နယ် အစိုးရအနေဖြင့် ၃၀ မဂ္ဂါဝပ် အောက်ကိုသာ စီမံခန့်ခွဲခွင့်ရှိပြီး ၃၀ မဂ္ဂါဝပ် အထက် ရေအားလျှပ်စစ် စီမံကိန်းများသည် ကြီးမားသည့် စီမံကိန်းများဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရကသာ စီမံခန့်ခွဲခွင့် ရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်၌သာ မေးမြန်းသင့်ကြောင်း ဖြေကြားခဲ့ခြင်းကြောင့် ပြည်ထောင်စုသို့ ဆက်လက်တင်ပြနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်လက်တက်ပေါ်ရှိ နောင်ဖ စီမံကိန်း ၊ မိုင်းတုံ ရေကာတာနှင့် ရေအားလျှပ်စစ်စီမံကိန်း ( အရှေ့တောင်အာရှ အကြီးဆုံးဖြစ်လာမည့် စီမံကိန်း မဂ္ဂါဝပ် ၇၁၀၀ ) ၊ ကွမ်လုံမြို့နယ် ဟိုလီကျေးရွာတွင် မဂ္ဂါဝပ် ၁၄၀၀ ထွက်ရှိမည့် ရေကာတာနှင့် ရေအားလျှပ်စစ်စီမံကိန်းများမှာ ယခင် တပ်မတော်အစိုးရလက်ထက်ကပင် စီမံကိန်းပြုလုပ်ရန် လျာထားသည့် စီမံကိန်းများဖြစ်ပြီး စီမံကိန်းမှ ထွက်ရှိသော ၉၀ ရာခိုင်နှုန်းသောလျှပ်စစ်များကို တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ရယူမည် ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
လတ်တလော တိုင်းတာစစ်ဆေးမှုများပြုလုပ်နေသည့် နောင်ဖ စီမံကိန်းမှာ လွန်ခဲ့သည့် လအတွင်းက ရပ်ဆိုင်းမည်ဟု ရှမ်းပြည်နယ်အစိုးရ ပြောခွင့်ရ ဦးစိုးညွှန့်လွင်က လားရှိုးမြို့ရှိ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောဆိုထားပြီး အဆိုပါသတင်းကို RFA သတင်းဌာန အပါဝင် သတင်းမီဒီယာ အချို့မှလည်း ဖော်ပြခဲ့ကြသည်။
သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများနှင့် ပတ်သက်၍ ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) က သဘောထား ကြေညာချက် ထုတ်ပြန်ကန့်ကွက်သကဲ့သို့ နောင်ဖဒေသခံများကလည်း စီမံကိန်းရပ်တန့်ရေး ဆန္ဒပြခဲ့ကြဖူးပါသည်။
ယင်းအဆိုကို တင်သွင်းသူ သိန္နိမဲဆန္ဒနယ် အမတ် နန်းခင်ထားရီက “ပြည်နယ်လွှတ်တော် အတွက်တော့ ဒီလောက်ပါပဲ။ ကျမတို့ SNLD ပါတီကနေ ပြည်ထောင်စုအဆင့် ဆက်ပြီးလုပ်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။
သံလွင်မြစ်ပေါ်တွင် ဆည်တည်ဆောက်မှု စီမံကိန်း အများဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး ပြည်တွင်းမှ အေးရှားဝေါလ်၊ ရွှေတောင်၊ IGE ကုမ္ပဏီတို့က အများဆုံး လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သော်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ပြုသည့် အချက်နှင့် ကုမ္ပဏီ ရွေးချယ်မှုစံနှုန်းများကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိဟု ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။
ဝသန်
The Ladies News