Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Sunday, September 25, 2016

Aim Star က မီဒီယာများကို ပုတ်ခတ်ပြောဆိုမှု MPC ထံ တိုင်ကြားရန် စုပေါင်း လက်မှတ်ထိုး


25-Sep-2016  tagged as 

ရန်ကုန်၊ စက်တင်ဘာ ၂၅

ဆင့်ပွားအရောင်းလုပ်ငန်း Aim Star Network မှ ဂျိုးဇက်ဆိုသူက မြန်မာ့သတင်းမီဒီယာများကို ပုတ်ခတ်ပြောဆိုခဲ့သောကြောင့် သတင်းမီဒီယာသမားများ စုပေါင်း၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) သို့ ယခုသီတင်းအတွင်း တိုင်ကြားမည် ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

Aim Star Network အကြီးအကဲ ဂျိုးဇက်ဆိုသူက မြန်မာနိုင်ငံရှိ သတင်းမီဒီယာများသည် ယုံကြည်ရသည့် သတင်းဌာနများ မဟုတ်ကြောင်း၊ သတင်းထောက်များသည် သတင်းစာပညာတတ်သူများ မဟုတ်ဘဲ ငတ်၍ သတင်းရေးနေသူများ ဖြစ်ကြောင်း ဆင့်ပွားအရောင်းလုပ်ငန်း အကြောင်း ရှင်းလင်းရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူ (ဂျိုးဇက်) ပြောသွားတာက သတင်းမီဒီယာ အားလုံးကို စော်ကားတာပါ။ လက်သင့်မခံနိုင်ပါဘူး။ သတင်းသမားအားလုံး အပေါ် တောင်းပန်ရမှာပေါ့။ လုံလောက်တဲ့ တောင်းပန်မှု ဖြစ်ရမယ်။ ဝေ့လည်ကြောင်ပတ် တောင်းပန်တာမျိုး မဖြစ်ရဘူး” ဟု ဦးမြင့်ကျော်က ပြောကြားသည်။

ကောင်စီထံ တိုင်ကြားပြီး၍ ကျေနပ်ရန် လုံလောက်သည့် ဖြေရှင်းချက် တစ်စုံတစ်ရာ မရလျှင် ယင်းသို့ ပုတ်ခတ်ပြောဆိုခဲ့သူ ဂျိုးဇက်ကို တရားဥပဒေလမ်းကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက်ရန် လျာထားသော်လည်း အများစု၏ သဘောဆန္ဒကို ဆက်လက်စောင့်ကြည့်မည် ဖြစ်ကြောင်း ဦးမြင့်ကျော်က ဆိုသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန် တစ်နိုင်ငံလုံးရှိ သတင်းမီဒီယာသမားများ၏ ကန့်ကွက်ကြောင်း လက်မှတ်များကို စက်တင်ဘာလ ၂၄ ရက်ကစ၍ ကောက်ခံနေပြီး ယနေ့ (စက်တင်ဘာလ ၂၅ ရက်) မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့် Myanmar Now သတင်းထောက်ချုပ် ဦးဆွေဝင်း ဂုဏ်ပြုပွဲတွင်လည်း ကောက်ခံခဲ့ကြောင်း MJN ထံမှ သိရှိရသည်။

သတင်းမီဒီယာသမားများ လာရောက်တိုင်ကြားပါက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ညှိနှိုင်းဖြေရှင်းရေး ကော်မတီမှ တစ်ဆင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံစေ၍ ညှိနှိုင်းဖြေရှင်းစေပြီး ကျေနပ်မှု မရှိပါက သတင်းမီဒီယာသမားများ၏ ဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြည်တွင်းသတင်းမီဒီယာများကို ပြောဆိုထားသည်။

ဂျိုးဇက် ဆိုသူက “မြန်မာပြည်မှာ များသောအားဖြင့် သတင်းရေးတဲ့လူက ငတ်လို့ရေးတာ။ မယုံရင် သတင်းရေးတဲ့လူကို သွားကြည့်လိုက်။ တဲပုတ်လေးနဲ့ နေတဲ့ကောင်တို့ ဆိုင်ကယ်လေးစီးပြီး သွားတဲ့ကောင်တို့ ဟိုတောတိုး၊ ဒီတောတိုး အဲလိုကောင်တွေ ရေးတာ” ဟု ကုမ္ပဏီ အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ Aim Star Network Business ရုံးချုပ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ကလေး၊ မော်လမြိုင် စသည့် ခရိုင်မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း ယင်းလုပ်ငန်း လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဆင့်ပွားအရောင်းလုပ်ငန်း (Multi Level Marketing) များကို လုပ်ငန်းလိုင်စင် ချထားပေးခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောဆိုမှုများ ရှိလာသောကြောင့် ယင်းလုပ်ငန်းသည် အမှန်တကယ် ဥပဒေအရ တရားဝင်မှုရှိ၊ မရှိနှင့် အစိုးရ၏ ခွင့်ပြုထားသည့် အခြေအနေကို လူထုထံ အသိပေးရန် လိုအပ်ကြောင်း ယမန့်နေ့တွင် ဦးမြင့်ကျော်က The Voice သို့ ပြောဆိုထားသည်။

Wednesday, September 21, 2016

ပွဲစား ကော်မရှင်


// သရော်စာ - စိုပြေ //

ပြည်သူတွေက သူ့အခွင့်အရေးကော်မရှင်ကို အပြစ်တင်ကြသည်။
တကယ်တော့ အပြစ် မတင်သင့်ပါ။ ကျေးဇူးတောင် တင်သင့်သေးသည်။ သူတို့ အကျိုးဆောင်ပေးလို့ သိန်း ၅၀ ရတာမဟုတ်လား။
ကိစ္စကိုတော့ အားလုံး သိပြီးလောက်ပြီထင်သည်။
ကလေးမလေး နှစ်ယောက်ကို နှိပ်စက်သည့် အမှု။

ရန်ကုန်မြို့ လမ်း ၄၀ မှာ ကလေးမလေးနှစ်ယောက်ကို မိသားတစ်စုက နှစ်ပေါင်းများစွာ နှိပ်စက်သည်။
လက်တွေချိုး၊ လည်ပင်းကိုး ဓားနဲ့လှီး၊ မျက်နှာကို ဓားနဲ့ ခုတ်။ လုပ်ခဲ့သည်။
ထိုကလေးမလေးတွေကို လစာ အဖြစ် ၁၅၀၀၀ ပေးသည်။ ပေးသည့် လစာ တစ်သောင်းခွဲကလည်း ၂၀၁၄ ခုနှစ်ကတည်းက မရတော့။
မိဘတွေနှင့်လည်း ကလေးမလေးတွေ ခမြာ တွေ့ခွင့်မရ။
မိဘတွေလာလျှင် တံခါးပိတ်ထားတာကို တွေ့ရမည်။ မရှိဟု ပြောကြသည်။

နောက်တော့မှ ထိုအပ်ချုပ်ဆိုင်ကို ၀င်ထွက်နေသည့် လူတစ်ဦးက မနေနိုင်သဖြင့် သတင်းထောက်ကို သတင်းပေသည်။
သတင်းထောက်က စုံစမ်းရင်းတွေ့။ ရဲ့စခန်းကိုတိုင်၊ မထူး။ သူ့အခွင့်အရေးကော်မရှင်ကိုတိုင်။ ဒီတော့မှ စစ်ဆေး။
ကာလအားဖြင့် လေးလလောက်တောင် ကြာသွားသည်ဟု ဆိုသည်။
ကလေးမလေးတွေ စတင်နှိပ်စက်ခံလာခဲ့ရတာက ငါးနှစ်ကျော်တောင်ကြာပြီ။ ၂၀၁၁ ခုနှစ်ကတည်းက။

နောက်ဆုံး သူ့အခွင့်အရေးကော်မရှိဆီကိုရောက်။ ရဲတွေက အမှုဖွင့်လို့ရတယ်လို့ပြော။
သို့သော်လည်း လူ့အခွင့်အရေးကော်မရှင်က ညှိုနှိုင်းပေးသည်။
ကြီးသည့် အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်တဲ့။
မေတ္တာထား၍ လုပ်ပေးခြင်းဆိုပဲ။

သို့နှင့် များများနှိပ်စက်ခံရသည့် ကလေးက သိန်းလေးဆယ် ရသည်။ နည်းနည်းပဲ အနှိပ်စက်ခံရသည့် ကလေးက ဆယ်သိန်းရ၏။
လျော်ကြေးအများကြီးရအောင် များများ အနှိပ်စက်ခံရမည်ပုံ။
တကယ်တော့ ထိုအမှုက ထောင်ဒါဏ် တစ်သက်တစ်ကျွန်းအထိ ကျနိုင်သည့် အမှု။
ဒါကို သိန်းငါးဆယ်ထဲနဲ့ ကြေအေးရတာဆိုတော့ လူတွေက မကြည်

သို့နှင့် သူ့အခွင့်အရေး ကော်မရှင်ကို တုတ်ကြတော့သည်။ ဆဲကြတော့သည်။
"လူ့အခွင့် အရေးကော်မရှင်လား ပွဲစားလား မသဲကွဲဘူး တို့။ ကော်မရှင်ကရော ကော်မရှင် ဘယ်လောက်ရလဲတို့"
"ခင်ဗျားတို့ သားသမီးတွေကို နှိပ်စက်ရင်ရော သိန်းငါးဆယ်ပဲ ပေးပြီး ကြေအေးပေးလို့ရမလား"တို့။
မျိုးစုံအောင် ဆဲကြတော့သည်။

တကယ်တော့ မဆဲသင့်ပေ။
သူ့အခွင့်အရေးကော်မရှင်သည်း အလွန်နပ်သည်ဟု ဆိုရမည်။
ယခုကိစ္စကို တရားမစွဲခိုင်း။
သိန်းငါးဆယ်နှင့် ကြေးအေးခိုင်းတော့ ကလေးမတွေလည်း သိန်းငါးဆယ်ရ။
မကောင်းလား။ ပြီးတော့ အခုဆို လူတွေက ၀ိုင်းအော်တော့ အမှုလည်း ပြန်ဖွင့်ရပြီ။
နို့မို့ အစကတည်းက တရားစွဲနေရင် လျော်ကြေးရနေမှာမဟုတ်။

ဒါကြောင့် လူ့အခွင့်အရေးကော်မရှင်သည် အလွန်လေးစားဖို့ ကောင်းခြင်းဖြစ်သည်။
သူတို့ ရွှေ့သော အကွက်တွေ အရမ်းလှသည်။ တော်ရုံလူ နားမလည်နိုင်။

အခုဆိုကော်မရှင်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်ကိုပင် အပြစ်တင်လိုက်သေးသည်။
ထိုအမှုကို ဖော်ထုတ်ခဲ့သည့် သတင်းထောက်က ဆိုင်ကို ဓါတ်ပုံလာရိုက်သည့်အတွက် ကလေးမလေးတွေ ခမြာ ဖျားတောင် ဖျားသတဲ့။
သတင်းထောက်ကို လန့်လို့တဲ့လေ။
ဒီလို စကားမျိုးကို အကြောင်းမဲ့ပြောခြင်းတော့မဟုတ်။ ကလေးမလေး တွေ လျှော်ကြေးရအောင် ရွှေ့လိုက်သည့် အကွက်ကို လူတွေ မရိပ်မိအောင် ပြောခြင်းဖြစ်သည်။
ဘယ်လောက်လေးစားဖို့ ကောင်းတုန်း။

သို့သော်လည်း ပြည်သူတွေ ခမြာ ကော်မရှင်၏ စေတနာကိုနားမလည်ရှာ။
ကော်မရှင်လူကြီးတွေနှုတ်ထွက်ဖို့တောင်းဆိုနေကြပြီ။ ဒီပုံအတိုင်းဆို နှုတ်ထွက်ရမှာ သေချာသလောက်ရှိသည်။
နှုတ်ထွက်ရလျှင် အခုလို ထောက်ပံ့ကြေးတွေ ရမှာမဟုတ်တော့။

ကော်မရှင်၏ စေတနာကို နားလည်သူအချို့ စိတ်ပူသွားပါသလား။
စိတ်မပူပါနဲ့။ ကော်မရှင်အဖွဲ့ဝင်တွေဟာ ထောက်ပံ့ကြေးမရရင်လည်း ကိစ္စမရှိပါ။

သူ့အခွင့်အရေးကော်မရှင်က အရမ်းနပ်သည်။ ကျွမ်းကျင်သည်။
ဘယ်လို အကွက်ရွှေ့ရမှန်းသိသည်။ ဘယ်လောက်ပေးရင် အမှုကြေအေးမလဲဆိုတာ သိသည်။
ဒါမျိုးက ပွဲစားတွေမှာ ရှိသည့် အရည်အချင်း။

အခု အမှုမှာတောင် ကော်မရှင်လည်း ကော်မရှင် ရသလားတော့မသိ။
ဒါကြောင့် ဒီကော်မရှင် ထွက်ရလျှင် စိတ်ပူစရာမလိုတော့
ပွဲစား လုပ်စားကြလိမ့်မည်။

စိုပြေ

The Ladies News