Sunday, September 25, 2016

Aim Star က မီဒီယာများကို ပုတ်ခတ်ပြောဆိုမှု MPC ထံ တိုင်ကြားရန် စုပေါင်း လက်မှတ်ထိုး


25-Sep-2016  tagged as 

ရန်ကုန်၊ စက်တင်ဘာ ၂၅

ဆင့်ပွားအရောင်းလုပ်ငန်း Aim Star Network မှ ဂျိုးဇက်ဆိုသူက မြန်မာ့သတင်းမီဒီယာများကို ပုတ်ခတ်ပြောဆိုခဲ့သောကြောင့် သတင်းမီဒီယာသမားများ စုပေါင်း၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) သို့ ယခုသီတင်းအတွင်း တိုင်ကြားမည် ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

Aim Star Network အကြီးအကဲ ဂျိုးဇက်ဆိုသူက မြန်မာနိုင်ငံရှိ သတင်းမီဒီယာများသည် ယုံကြည်ရသည့် သတင်းဌာနများ မဟုတ်ကြောင်း၊ သတင်းထောက်များသည် သတင်းစာပညာတတ်သူများ မဟုတ်ဘဲ ငတ်၍ သတင်းရေးနေသူများ ဖြစ်ကြောင်း ဆင့်ပွားအရောင်းလုပ်ငန်း အကြောင်း ရှင်းလင်းရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူ (ဂျိုးဇက်) ပြောသွားတာက သတင်းမီဒီယာ အားလုံးကို စော်ကားတာပါ။ လက်သင့်မခံနိုင်ပါဘူး။ သတင်းသမားအားလုံး အပေါ် တောင်းပန်ရမှာပေါ့။ လုံလောက်တဲ့ တောင်းပန်မှု ဖြစ်ရမယ်။ ဝေ့လည်ကြောင်ပတ် တောင်းပန်တာမျိုး မဖြစ်ရဘူး” ဟု ဦးမြင့်ကျော်က ပြောကြားသည်။

ကောင်စီထံ တိုင်ကြားပြီး၍ ကျေနပ်ရန် လုံလောက်သည့် ဖြေရှင်းချက် တစ်စုံတစ်ရာ မရလျှင် ယင်းသို့ ပုတ်ခတ်ပြောဆိုခဲ့သူ ဂျိုးဇက်ကို တရားဥပဒေလမ်းကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက်ရန် လျာထားသော်လည်း အများစု၏ သဘောဆန္ဒကို ဆက်လက်စောင့်ကြည့်မည် ဖြစ်ကြောင်း ဦးမြင့်ကျော်က ဆိုသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန် တစ်နိုင်ငံလုံးရှိ သတင်းမီဒီယာသမားများ၏ ကန့်ကွက်ကြောင်း လက်မှတ်များကို စက်တင်ဘာလ ၂၄ ရက်ကစ၍ ကောက်ခံနေပြီး ယနေ့ (စက်တင်ဘာလ ၂၅ ရက်) မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့် Myanmar Now သတင်းထောက်ချုပ် ဦးဆွေဝင်း ဂုဏ်ပြုပွဲတွင်လည်း ကောက်ခံခဲ့ကြောင်း MJN ထံမှ သိရှိရသည်။

သတင်းမီဒီယာသမားများ လာရောက်တိုင်ကြားပါက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ညှိနှိုင်းဖြေရှင်းရေး ကော်မတီမှ တစ်ဆင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံစေ၍ ညှိနှိုင်းဖြေရှင်းစေပြီး ကျေနပ်မှု မရှိပါက သတင်းမီဒီယာသမားများ၏ ဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြည်တွင်းသတင်းမီဒီယာများကို ပြောဆိုထားသည်။

ဂျိုးဇက် ဆိုသူက “မြန်မာပြည်မှာ များသောအားဖြင့် သတင်းရေးတဲ့လူက ငတ်လို့ရေးတာ။ မယုံရင် သတင်းရေးတဲ့လူကို သွားကြည့်လိုက်။ တဲပုတ်လေးနဲ့ နေတဲ့ကောင်တို့ ဆိုင်ကယ်လေးစီးပြီး သွားတဲ့ကောင်တို့ ဟိုတောတိုး၊ ဒီတောတိုး အဲလိုကောင်တွေ ရေးတာ” ဟု ကုမ္ပဏီ အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ Aim Star Network Business ရုံးချုပ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ကလေး၊ မော်လမြိုင် စသည့် ခရိုင်မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း ယင်းလုပ်ငန်း လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဆင့်ပွားအရောင်းလုပ်ငန်း (Multi Level Marketing) များကို လုပ်ငန်းလိုင်စင် ချထားပေးခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောဆိုမှုများ ရှိလာသောကြောင့် ယင်းလုပ်ငန်းသည် အမှန်တကယ် ဥပဒေအရ တရားဝင်မှုရှိ၊ မရှိနှင့် အစိုးရ၏ ခွင့်ပြုထားသည့် အခြေအနေကို လူထုထံ အသိပေးရန် လိုအပ်ကြောင်း ယမန့်နေ့တွင် ဦးမြင့်ကျော်က The Voice သို့ ပြောဆိုထားသည်။

No comments: