Friday, September 30, 2016

သာသနာရေး ၀န်ကြီးဌာနမှ လန်ဒန်ဆရာတော် အပါအ၀င် သံဃာတော် ၅ ပါးတို့အား မဟနသို့ သွားရောက် တောင်းပန်ပါက အမှုမှလွှတ်ပေးမည်ဟု ဆို

Posted: September 30, 2016

သာသနာရေးဝန်ကြီးဌာနမှ လန်ဒန်ဆရာတော် အပါအ၀င် သံဃာတော် ၅ ပါးကို စွဲဆိုထားသော အမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၄၇ ကြိမ်မြောက် ရုံးချိန်းမတိုင်မီ သြဂုတ်လဆန်းပိုင်းက သာသနာရေး ၀န်ကြီးဌာနမှ ဆရာတော်တို့အား သံဃာမဟာနာယကအဖွဲ့ချုပ် (မဟန)သို့ သွားရောက်တောင်းပန်ပါက အမှုမှ လွှတ်ပေးမည်ဟု လာရောက် ပြော ဆိုကြောင်း လန်ဒန်ဆရာတော် မိန့်ကြားခဲ့သည်။

 

ယင်းသို့ လာရောက်ပြောဆိုသော်လည်း ဆရာတော်များအနေဖြင့် ယင်းသို့ တောင်းပန်လိုက်ပါက အမှုကို အမှန်တကယ် ကျူးလွန်ရာရောက် မည် ဖြစ်သဖြင့် မတောင်းပန်နိုင်ကြောင်း ပြန်လည် မိန့်ကြားခဲ့သည်ဟု ဆိုသည်။

 

၂၀၁၄ ခုနှစ် ဇွန်လမှ စတင်၍ လန်ဒန်ဆရာတော်အပါအ၀င် သံဃာတော် ၅ ပါးတို့ကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စကားနားမထောင်ဟုဆိုကာ တရားစွဲဆိုခဲ့ပြီး အမှုရင်ဆိုင်နေရရာ ယနေ့ (စက်တင်ဘာလ ၃၀) ရက်နေ့သည် ၄၈ ကြိမ်မြောက် ရုံးချိန်းဖြစ်ကြောင်း သိရသည်။

 

"ဘုန်းကြီးတို့အနေနဲ့ ၂၀/၉၀ ( သံဃာအဖွဲ့အစည်း အဆင့်ဆင့် အမိန့်မနာခံတဲ့ အမိန့်) နဲ့ ပတ်သက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံးကို တင်ပေမဲ့ လက်မခံတဲ့အတွက် တိုင်းတရားရုံးကို အောက်တိုဘာလ ၄ ရက်နေ့မှာ ဆက်လက် တင်ပြသွားမယ်" ဟု လန်ဒန်ဆရာတော် မိန့်ကြားသည်။

 

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD နာယက ဦးတင်ဦးတို့ထံ စာပေးပို့ထားကြောင်း သိရသည်။

 

"အခုအနေအထားအရ သာသနာရေးဝန်ကြီးဌာနကလည်း အားကိုးလို့မရတော့ မှန်မှန်ကန်ကန် လုပ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေကို တင်ပြထားတယ်။ ဒီကိစ္စ မှန်မှန်ကန်ကန် ဖြစ်လာမယ်ဆိုရင် ဘုန်းကြီးတို့ အနစ်နာခံရကျိုးနပ်ပါတယ်" ဟု လန်ဒန်ဆရာတော်က ဆက်လက်မိန့်ကြားသည်။

 

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇွန်လက မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကာ လန်ဒန်ဆရာတော် အပါအ၀င် သံဃာတော် ၅ ပါးကို လူဝတ်လဲ၊ ထောင်ချ တရားစွဲဆိုခံခဲ့ရပြီး ဆရာတော် များ ထောင် မှ ပြန်လည် လွတ်မြောက်လာသော်လည်း သာသနာရေးဝန်ကြီးဌာနမှ စွဲဆိုထားသော ၂၀/၉၀ (သံဃာအဖွဲ့အစည်း အဆင့်ဆင့် အမိန့်မနာခံတဲ့ အမိန့်) ဖြင့် ဆက်လက် တရားရင်ဆိုင်နေရကြောင်း သိရသည်။

 

ဝသန်

The Ladies News

No comments: