Thursday, September 29, 2016

Xiaomiရဲ့ ရည်မှန်းချက်တွေကို အရှိန်မြှင့်ပေးမယ့် Mi 5s နဲ့ Mi 5s Plus

တရုတ် စမတ်ဖုန်း ကုမ္ပဏီ Xiaomiဟာ နည်းပညာ နယ်ပယ်မှာ သက်တမ်း နုနုနယ်နယ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ရည်မှန်းချက်ကတော့ ကြီးမားတယ်။ Xiaomiဟာ Appleနဲ့ Samsungတို့လို စမတ်ဖုန်းဈေးကွက် ဦးဆောင်
နေရာက ကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်ဖို့ အမြဲတမ်း အပတ်တကုတ် အားထုတ်နေခဲ့တာ သိသာပါတယ်။ စက်တင်ဘာ ၂၇ ရက်မှာတော့ Xiaomiက ဒီအားထုတ်မှုကို အရှိန်မြှင့်တင်ပေးမယ့် ထုတ်ကုန်သစ်တွေအဖြစ် Mi 5sနဲ့
Mi 5s Plus ဖုန်းတွေကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
 

Android OSသုံး ဖုန်းတွေ ထုတ်လုပ်တဲ့ ဈေးကွက်ကို အဓိက ကြီးစိုးထားတဲ့ Samsungက မီးထလောင်နိုင်တဲ့ Note 7ဖုန်း ဘက်ထရီ ပြဿနာကြောင့် အကြီးအကျယ် ရုန်းကန်နေရချိန်မှာ Xiaomiက ဖုန်းအသစ်တွေကို ထုတ်လုပ်
လာတာ ဖြစ်ပါတယ်။ Xiaomiဟာ ဒီဇိုင်းပိုင်း မှီငြမ်းမှုတွေ အပါအဝင် မူပိုင်ခွင့် ကျင့်ဝတ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ မှတ်တမ်းတွေ ရှိခဲ့ပေမယ့် ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းတွေ ရောင်းချနိုင်ခြင်း
ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ခိုင်ခိုင်မာမာ ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် Xiaomiရဲ့ ပရိသတ်က ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး များပြားတယ်။ အခုဖုန်းအသစ် နှစ်လုံးကလည်း အောင်မြင်မှု ရရှိထားပြီးသားဖြစ်တဲ့ Mi 5နဲ့ Mi 5 Plus
မော်ဒယ်လ်တွေကို အခြေခံ ဖန်တီးထားတာပါ။
 
Xiaomiက ကုမ္ပဏီရဲ့ အဓိက ဂုဏ်ဆောင် ဖန်တီးမှုတွေအဖြစ် အဆင့်မြင့် စမတ်ဖုန်း မျိုးဆက်သစ်တွေ ထုတ်လုပ်မယ် ဆိုကတည်းက ပါဝင်ပစ္စည်းတွေရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို တိုးမြှင့်ပေးမယ်လို့ ကြိုတင် ခန့်မှန်း
ထားပြီးသား ဖြစ်ပါတယ်။ Mi 5sနဲ့ Mi 5s Plusတို့ဟာ နောင်တော် မော်ဒယ်လ်တွေထက် စွမ်းဆောင်ရည်ပိုင်း ပိုပြီး ကောင်းမွန်လာတာ အမှန်ပါပဲ။ အထူးသဖြင့် ကင်မရာပိုင်းမှာပါ။ ဒါပေမဲ့ Xiaomiက အဓိက မီးမောင်းထိုး
ဖော်ပြခဲ့တဲ့ နည်းပညာ ဆန်းသစ်မှုကတော့ ဖုန်းရဲ့ Home Button နေရာမှာ နည်းပညာသစ် Ultrasonic လက်ဗွေဖတ် လုံခြုံရေးစနစ်ပါပဲ။
 
Xiaomiက ဖုန်းအသစ်တွေကို ဒီဇိုင်းပိုင်း အလေးပေး ဖန်တီးပြီး Home Buttonကို ဖယ်ရှားထားတယ်လို့ ကြွေးကြော်ပါတယ်။ ဒါပေမဲ့ ပုံမှန် Home Button နေရာမှာ အချိုင့်လေးတစ်ခု ထည့်သွင်းထားတာကြောင့် ဒီအချက်က ရုတ်တရက် မသိသာဘူး ဖြစ်နေတယ်။ အဲဒီအချိုင့် နေရာလေးဟာ လက်ဗွေဖတ် လုံခြုံရေးစနစ် တစ်ခုတည်းအတွက် သီးသန့် အသုံးဝင်ပါတယ်။ Xiaomiရဲ့ အဆိုအရ Ultrasonic နည်းပညာကို အသုံးပြုထားတဲ့အတွက် လက်ဗွေတွေကို မှတ်သားရာမှာ၊ တိုက်ဆိုင်စစ်ဆေးရာမှာ ပိုမိုတိကျပြီး မြန်ဆန်မှုလည်း ပိုကောင်းလာမယ်လို့ သိရပါတယ်။ ဒီနည်းပညာကိုတော့ မိုဘိုင်းဖုန်း ချစ်ပ်တွေ ထုတ်လုပ်တဲ့ Qualcomm ကုမ္ပဏီက ဖန်တီးထားတာပါ။
 
ဖုန်းတွေမှာ လက်ဗွေဖတ် လုံခြုံရေးစနစ်ကို ထဲထဲဝင်ဝင် စတင်အသုံးပြုလာတာ Appleရဲ့ iPhoneတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ပြိုင်ဘက်တွေက လက်ဗွေစနစ်ကို ထည့်သွင်းလာသလို ပိုပြီးဆန်းသစ်တဲ့ အတွေး အမြင်နဲ့ ချဉ်းကပ်မှုတွေ ဖန်တီးလာတယ်။ Xiaomiကတော့ Qualcommရဲ့ နည်းပညာကို အသုံးချပြီး အခြေအနေမရွေး အမှားအယွင်းမရှိ လက်ဗွေဖတ်နိုင်တဲ့ အထောက်အပံ့မျိုး ဖန်တီးပေးနိုင်မယ်လို့ ကတိပြုထားပါတယ်။ iPhone ကို ရေစိုနေတဲ့လက်နဲ့ Lockဖွင့်ဖို့ဆိုရင် လက်ဗွေဖတ်စနစ်ကို သုံးရတာ ကရိကထ များတတ်ပါတယ်။ Xiaomiကတော့ သူတို့ရဲ့ နည်းပညာမှာ ဒီပြဿနာမျိုး လုံးဝ မကြုံစေရဘူးလို့ အာမခံထားတယ်။ စိုတဲ့လက် နဲ့ဖြစ်ဖြစ်၊
ခြောက်တဲ့လက်နဲ့ဖြစ်ဖြစ် တိကျတဲ့ လက်ဗွေဖတ် လုံခြုံရေးစနစ်ကို အပြည့်အဝ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။
 
Xiaomiဟာ သူတို့ရဲ့ Dual-SIM အထောက်အပံ့လို လူကြိုက်များပြီးသား Featureတွေကို ဒီဖုန်းအသစ်တွေမှာ ဆက်ပြီး ထိန်းသိမ်း ထည့်သွင်းပေးထားပါတယ်။ အရင်မျိုးဆက်တွေမှာ နောက်ဘက်ကိုယ်ထည်ကို ဖန်သား
အလွှာနဲ့ ပေါင်းစပ် တည်ဆောက်မှုကို လုံးဝ စွန့်လွှတ်ပြီး အပြည့်အဝ သတ္တုသား ကိုယ်ထည်ကို ပြောင်းလဲ အသုံးပြုဖို့ ရွေးချယ်ခဲ့တယ်။ ဖုန်းရဲ့ အတွင်းပိုင်း စွမ်းဆောင်ရည် အထောက်အကူပြု ကိရိယာတွေ ရွေးချယ်မှု
မှာလည်း နောက်ဆုံးပေါ် ပစ္စည်းတွေကို တပ်ဆင် အသုံးပြုထားတာ တွေ့နိုင်ပါတယ်။
 
ဥပမာ CPUအတွက်ဆိုရင် Snapdragonရဲ့ နောက်ဆုံးထုတ် 821 Chipsetကို ရွေးချယ်ထားတယ်။ ဒီအတွက် ဖုန်းရဲ့ လုပ်ငန်းဆောင်တာပိုင်း မြန်ဆန်စေရုံတင် မကဘဲ 4G ကွန်ရက်တွေကိုပါ အကောင်းဆုံး အရည်အသွေးနဲ့ ချိတ်ဆက်ဖို့ အထောက်အပံ့ ဖြစ်စေမယ့် အထောက်အပံ့မျိုး ရရှိစေမှာ ဖြစ်ပါတယ်။ သိုလှောင်မှု စွမ်းရည်ကလည်း 64GBကနေ 128GBထိ ရွေးချယ်နိုင်တယ်။ RAMပမာဏက Mi 5sအတွက် 3GBနဲ့ 4GBဖြစ်ပြီး Mi 5s Plusအတွက် ဆိုရင်တော့ 4GBရယ်၊ 6GBရယ် ဖြစ်ပါတယ်။
 
Mi 5sရဲ့ သိုလှောင်မှု ပမာဏ 64GBဖုန်းကို 3GB RAMနဲ့ တွဲဖက်ထားပြီး 128GBအတွက် ဖုန်းကတော့ 4GB RAMကို အသုံးပြုထားပါတယ်။ Mi 5s Plusရဲ့ 64GB မော်ဒယ်လ်မှာ 4GB RAM တပ်ဆင်ပြီး သိုလှောင်မှု 128GBထိ ပါရှိတဲ့ အမျိုးအစားအတွက် RAMကတော့ 6GB ဖြစ်ပါတယ်။
 
Mi 5sဟာ ၅.၁ လက်မအရွယ် 1080p Displayကို တပ်ဆင်ထားပြီး ပိုကြီးတဲ့ Mi 5s Plusမှာတော့ ၅.၇ လက်မအရွယ် Display ပါဝင်တယ်။ Screen နည်းပညာသစ်အရ လက်နဲ့ ဖိနှိပ်ထားတဲ့ အားသက်ရောက်မှု၊ လက်လှုပ်ရှားမှု အတော်များများကို ထောက်လှမ်းနိုင်ပြီး ကွဲပြားတဲ့ လုပ်ငန်းဆောင်တာတွေ ခိုင်းစေနိုင်တယ်။ ဒါဟာ Appleရဲ့ 3D Touchနဲ့ အတော်လေး ဆင်တူတာကို တွေ့ရပါတယ်။
 
ဖုန်းတွေမှာ ပါဝင်တဲ့ 12-megapixelနဲ့ 13-megapixel ကင်မရာတွေကလည်း Dual-Tone LED Flash အထောက်အပံ့ ထည့်သွင်းပေးထားပြီး 4K အရည်အသွေးနဲ့ ဗီဒီယိုတွေကိုပါ ရိုက်ကူးနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။ “ဖုန်းကင်မရာ စွမ်းရည်နဲ့ ပတ်သက်ပြီး Samsung၊ Appleတို့ကို ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားတယ်။ Mi 5sဟာ အဲဒီကုမ္ပဏီ နှစ်ခုစလုံးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် လိုင်ဂျွန်က ပြောပါတယ်။ Xiaomiဟာ ဘေဂျင်းမှာ ဖုန်းအသစ်တွေ ပွဲထုတ်ရင်း ၆၅ လက်မအရွယ် 4K တီဗီအသစ် တစ်မျိုးကိုလည်း စတင်မိတ်ဆက်ခဲ့ပါသေးတယ်။
 
Xiaomiဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ပြည်တွင်းပြိုင်ဘက် Huaweiရဲ့ အသာစီးယူ ပြိုင်ဆိုင်မှုတွေကို ကြုံတွေ့ခဲ့ရသလို Appleရဲ့ တရုတ်ဈေးကွက် ထိုးဖောက်မှုတွေကြောင့် ပိုပြီး ရုန်းကန် လှုပ်ရှားဖို့ လိုအပ်နေပါတယ်။ အချိုးအကွေ့ ကာလတစ်ခုမှာ ထွက်ပေါ်လာတဲ့ Mi 5sနဲ့ Mi 5s Plusတို့ဟာ ကုမ္ပဏီရဲ့ အနာဂတ် ရည်မှန်းချက်တွေအတွက် အရေးပါတဲ့ အလောင်းအစား တစ်ခုလို့တောင် ဆိုနိုင်တယ်။ ဒါကြောင့်လည်း ဈေးကွက်ထဲမှာ အကောင်းဆုံး နည်းပညာပိုင်း၊ ပါဝင်ပစ္စည်းပိုင်းကို ရွေးချယ် အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။
 
ဖုန်းနှစ်လုံးစလုံးဟာ Android 6.0 OSကို အခြေခံတဲ့ MIUI 8နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ Xiaomiက တန်ဖိုးနည်း ဖုန်းတွေ ထုတ်လုပ်လေ့ရှိတဲ့ ကုမ္ပဏီ ဖြစ်တာကြောင့် လက်ရှိ ဖုန်းအသစ်တွေက ကုမ္ပဏီ စံနှုန်းအရတော့
ဈေးနည်းနည်း ကြီးသလို ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ပေးရတဲ့တန်ဖိုးနဲ့ ရရှိတဲ့ စွမ်းဆောင်ရည် အတန်ဆုံး စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နေတဲ့ ဂုဏ်ပုဒ်ကိုတော့ Xiaomiက ဆက်ထိန်းထားဆဲပါ။
 
ဖုန်းအသစ်တွေအနက် Mi 5s 64GB/RAM3GBရဲ့ ဈေးနှုန်းက ဒေါ်လာ ၃၀၀ လောက် ကျသင့်ပါမယ်။ 128GB/RAM4GB အမျိုးအစား Mi 5sကတော့ ဒေါ်လာ ၃၅၀ နီးပါးလောက် ပေါက်ဈေးရှိတယ်။ ပိုကြီးတဲ့ Mi 5s Plus
မော်ဒယ်လ်မှာတော့ 64GB/RAM4GBက ဒေါ်လာ ၃၅၀ နီးပါးဖြစ်ပြီး 128GB/RAM6GB ကတော့ ဒေါ်လာ ၄၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ Mi 5s Plusရဲ့ ဈေးပိုကြီးတဲ့ မော်ဒယ်လ်ကတောင် လက်ရှိ ဈေးကွက်ထဲမှာ
ရောင်းချနေတဲ့ တန်ဖိုးအကြီးဆုံး iPhoneရဲ့ ဈေးနဲ့ယှဉ်ရင် သုံးပုံတစ်ပုံလောက်သာ ရှိနေတာ ဖြစ်ပါတယ်။
 
ဖုန်းအသစ်တွေကို စက်တင်ဘာ ၂၉ ရက်ကစလို့ တရုတ်ဈေးကွက်မှာ စတင်ဖြန့်ချိဖို့ စီစဉ်ထားပြီးပါပြီ။ တခြားဈေးကွက်တွေကို တင်ပို့မယ့် စီမံကိန်းကိုတော့ ကုမ္ပဏီက အတိအကျ မကြေညာသေးဘူး။ Xiaomiဟာ ဖုန်းတွေ
အတွက် Dark Grey၊ Gold၊ Silver၊ Pink အရောင်တွေ ရွေးချယ်ခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။ Xiaomi အနေနဲ့ ကုမ္ပဏီရဲ့ အဓိက ဂုဏ်ဆောင်ထုတ်ကုန်တွေအဖြစ် ဖန်တီးခဲ့တဲ့ Mi မျိုးဆက်တွေရဲ့ အောင်မြင်မှုကို ဆက်ပြီး သယ်ဆောင်နိုင်မလား ဆိုတာကိုတော့ Mi 5s နဲ့ Mi 5s Plusတို့ရဲ့ ပေါက်ရောက်မှုကို အခြေတည်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
 
Ref: Bloomberg


No comments: