Showing posts with label အမျိုးသမီးရေးရာ. Show all posts
Showing posts with label အမျိုးသမီးရေးရာ. Show all posts

Sunday, September 25, 2016

အမျိုးသမီးများ တန်းတူ အခွင့်အရေးနှင့် ပတ်သက်၍ မီဒီယာများတွင် ဖော်ပြမှု အားနည်းဟုဆို


မန္တလေး၊ စက်တင်ဘာ ၂၄

 

ဒီမိုကရေစီစနစ်သို့ ပြောင်းလဲ ကျင့်သုံးလာချိန်တွင် အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စရပ်များ၌ ရင်ပေါင်တန်း ဆောင်ရွက်နေသော်လည်း မီဒီယာ အခန်းကဏ္ဍ၏ အလေးထား ဖော်ပြရေးသားမှု အားနည်း နေသေးကြောင်း ရန်ကုန်မြို့တော် အခြေစိုက် တြိဂံအမျိုးသမီးအရေး လှုပ်ရှားသူများအဖွဲ့ (Founder GJU of Triangle Women Support Group) ဝင် ဒေါ်ခင်လေးက ပြောကြားသည်။

 

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးနှင့် လက်ရှိ ဖြတ်သန်းနေသည့် အခြေအနေ အရပ်ရပ်များ အကြောင်းကို ဥပဒေ ပညာရှင်များ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူများ ပါဝင်သော လူ့ဘောင် အတွင်းမှ မြန်မာ့ အမျိုးသမီးရေးရာ ကိစ္စရပ်များအကြောင်း ဆွေးနွေး တိုင်ပင်ခြင်းကို စက်တင်ဘာလ ၂၄ ရက်နေ့က မန္တလေးမြို့တော်ရှိ Wilson Hotel တွင် ပြုလုပ်ခဲ့ရာ ယင်းအခမ်းအနား၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

 

“ကျွန်မတို့နိုင်ငံမှာ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အမျိုးသားများနည်းတူ ရင်ပေါင်တန်းနိုင်ဖို့ မီဒီယာ အခန်းကဏ္ဍကလည်း အရေးကြီးလာပါပြီ။ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေမှာ အောင်မြင်မှု ရနေတဲ့ အမျိုးသမီးတွေအကြောင်း ဖော်ပြပေးတာ သိပ်ကို နည်းနေသေးတယ်လို့ ပြောရမှာပါ။ ဒါတွေကို မီဒီယာ အပိုင်းကလည်း ကူညီပေးဖို့ ကျွန်မတို့ အနေနဲ့ တိုက်တွန်းချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

 

မြန်မာနိုင်ငံရှိ မီဒီယာများတွင် အမျိုးသမီးများ နှိပ်စက် ညှဉ်းပန်း ခံရမှုနှင့် မုဒိမ်းမှုများလောက်ကိုသာ ဖော်ပြနေကြောင်း၊ လတ်တလော ဖြစ်ပွားခဲ့သည့် အိမ်အကူ အမျိုးသမီး နှစ်ဦးအကြောင်းကို မီဒီယာများတွင် တညီတညွတ်တည်း ဖော်ပြခဲ့ကြသကဲ့သို့ အောင်မြင်မှုများ ရရှိနေသည့် သတင်းများကိုလည်း ဖော်ပြပေး စေလိုကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်လာသူ အမျိုးသမီးများက တောင်းဆိုခဲ့ကြသည်။

 

“အွန်လိုင်းစာမျက်နှာတွေမှာ ကျွန်မတို့ အမျိုးသမီးတွေ အနေနဲ့ ဖိနှိပ်ခံရမှုတွေ များလာတယ်။ ဒါတွေကို ဥပဒေအရ ကာကွယ်ပေးသင့်နေပြီ ဆိုတာ အကြံပြု ဆွေးနွေးချင်လို့ ဒီလိုပွဲမျိုးတွေအတွက် ငွေကြေး အကုန်အကျခံပြီး မဖြစ်ဖြစ်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်”ဟု ပွဲဖြစ်မြောက်ရေး စီစဉ်သည့် Mandalay Regions CSOs Network (MRCN) မှ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်ရီရီတင်က ပြောကြားသည်။

 

နိုင်ငံတော်အဆင့် အစိုးရ ယန္တရား၊ အဖွဲ့အစည်း အဆင့်ဆင့်၊ နိုင်ငံရေးပါတီများရှိ အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ အခွင့်အရေးနှင့် နေရာ ရရှိရေးအတွက် အမျိုးသားများ အနေနှင့် လက်တွဲခေါ်ယူ ကူညီမှုမပေးလျှင် မရနိုင်ကြောင်း လက်ရှိ လွှတ်တော်တွင်ပင် အမျိုးသမီးများ ပါဝင်နှုန်းမှာ ၁ဝ ရာခိုင်နှုန်းသာ ရှိသဖြင့် နေရာတိုင်းတွင် အမျိုးသားများထက် အမျိုးသမီး ကိုယ်စား ပြုသည့်နေရာ နည်းပါး နေသေးကြောင်း အဆိုပါ တွေ့ဆုံခြင်း အခမ်းအနားသို့ တက်ရောက်လာ သည့် ဒါရိုက်တာ ဒေါ်ခင်မမမျိုး (Myanmar Institute of Gender Studies (MIGS)) က ထည့်သွင်းဆွေးနွေးခဲ့သည်။