Posted: September 20, 2016

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း တရားမဝင် ဆောက်လုပ်ထားသော ဗလီအပါအ၀င် အဆောက်အဦများ ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ပြုလုပ်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် အပါအ၀င် ဌာနဆိုင်များနှင့် မြို့မိမြို့ဖများ မွတ်ဆလင် အကြီးအကဲများနှင့် တွေ့ဆုံပွဲ၌ ဗိုလ်မှုးကြီးထိန်လင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က တရားမဝင် အဆောက်အဦတွေကို ဆောက်ခွင့်မပြုဖို့နဲ့ လက်ရှိအဆောက်အဦများကို ဖျက်သိမ်းဖို့ လုပ်ရမှာဖြစ်တယ်။ လုပ်တဲ့အခါမှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလို လုပ်တဲ့အခါ ကျွန်တော်တို့က ရက်အကန့်အသတ်နဲ့ အမိန့်စာထုတ်မယ် ။ ထုတ်တဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့လိုတယ်။ မလိုက်နာရင် ဥပဒေအတိုင်း တရားစွဲသွားမယ်။ ဒါတွေကို မဖျက်လို့မရဘူး၊ ဒီလို နှစ်စဉ်နှစ်စဉ် တိုးပွားလာရင် ကျွန်တော့်တို့ ဘယ်လိုရှင်းကြမှာလဲ။ ဒီတရားမဝင်တာတွေကို ကျွန်တော်တို့ ဒီအတိုင်းကြည့်နေလို့ မရဘူး၊”ဟု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကပြောကြားခဲ့သည်။
ထို့အတူ တရားမ၀င် အဆောက်အဦများ၊ ကျူးကျော်သည့် အဆောက်အဦများ အသစ်ဖြစ်လာသည်ကို မလိုချင်ကြောင်း ၊ မတရားဆောင်ရွက်နေခြင်း မဟုတ်ဘဲ တရားသောနည်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဗိုလ်မှုးကြီးထိန်းလင်းက ပြောဆိုခဲ့သည်။
“ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေလည်း ဖျက်တော့ တရားမ၀င် ဗလီတွေလည်း ဖျက်နိုင်ပါတယ်။ တရားဝင်တဲ့ဗလီက နည်းနည်းလေးပဲရှိတယ်။ ဒါတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်သင့်ပါတယ်။ ဘာသာမခွဲခြားပဲပေါ့။ ဗုဒ္ဓဘာသာကော မွတ်ဆလင်ကော ကျူးကျော်ထားတာမျိုးဆိုရင် အရေးယူခံရမှာပေါ့။ ဒီလိုလုပ်တာ ကောင်းပါတယ်။ ဒီလိုမျိုးလုပ်မှ လုံခြုံရေးတို့ တရားဥပဒေ စိုးမိုးရေးတို့ ဖြစ်လာမှာပေါ့။ ကျွန်တော့်အမြင်တော့ ကောင်းတယ်လို့မြင်တယ်” ဟု မောင်တောဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးက The Ladies သို့ပြောသည်။
အစိုးရသစ်တက်စ ကာလကလည်း နိုင်ငံအ၀ှမ်းမှ ကျူးကျော် တရားမ၀င် ဆောက်လုပ်ထားသည့် ဘုန်းတော်ကြီး ကျောင်းများ ဖျက်သိမ်းသည့် စာရင်း ထုတ်ပြန်ခဲ့ဖူးသည်။
တရားမ၀င် ဆောက်လုပ်ထားသော အဆောက်အဦများနှင့် ကျူးကျော်နေအိမ်များကိုလည်း ဖျက်သိမ်းနိုင်ရန်အတွက် အမိန့်စာများကိုလည်း အမြန်ဆုံး ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဆိုသည်။
အဆိုပါ မောင်တောခရိုင်အတွင်း တရားမဝင် အဆောက်အဦ အရေအတွက်မှာ ဗလီ ၁၂ လုံး၊ အာရ်ဗီကျောင်း ၃၅ ကျောင်း၊ လူနေအိမ် ၂၅၄၃ လုံး၊ ဈေးဆိုင် ၆၀၄ ဆိုင်နှင့် အခြားအဆောက်အဦ ၁၃၂ ခု ၊ စုစုပေါင်း ၃၃၂၆ ခု ရှိကြောင်း အမှတ်(၄) လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၏ စာရင်းအရသိရသည်။
၎င်းခရိုင်အတွင်းရှိ မြို့နယ်အလိုက် တရားမဝင် အဆောက်အဦများမှာ မောင်တောမြို့နယ်အတွင်း ဗလီ ၉ လုံး၊ အာရ်ဗီကျောင်း ၂၄ ကျောင်း ၊ လူနေအိမ် ၁၆၆၇ လုံး ၊ ဈေးဆိုင် ၄၄၅ ဆိုင် နှင့် အခြားအဆောက်အဦ ၁၂၅ ခု ၊ စုစုပေါင်း ၂၂၇၀ ခု တည်ရှိပြီး ဘူးသီးတောင်မြို့နယ်၌် ဗလီ ၃ လုံး ၊ အာရ်ဗီကျောင်း ၁၁ ကျောင်း ၊ လူနေ အိမ် ၈၇၆ အိမ် ၊ ဈေးဆိုင် ၁၅၉ ဆိုင် နှင့် အခြားအဆောက်အဦ ၇ ခု ၊ စုစုပေါင်း ၁၀၅၆ ခု တည်ရှိနေခြင်းဖြစ်ကြောင်း အမှတ်(၄) လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၏ စာရင်းအရသိရသည်။
ဇော်မင်းထွန်း
Photo - မောင်တော FB
( မောင်တောမြို့ရှိ ဘာသာရေး အဆောက်အအုံတစ်ခုအား တွေ့ရစဉ် )
The Ladies News