Sunday, September 25, 2016

ရခိုင်ပြည်နယ်မှာ တရားမဝင်အဆောက်အဦတွေကို ဖျက်သိမ်းမယ့် အစီအစဉ် မစသေး

 


ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထင်လင်းက ရခိုင်ပြည်နယ် မောင်တောခရိုင်က တရားမဝင် အဆောက်အဦတွေကို စီစစ်ဖို့ ပြည်နယ်အဆင့်ကော်မတီ အပြင် ခရိုင်အဆင့်နဲ့ မြို့နယ် အဆင့် ကော်မတီတွေကိုပါ ဖွဲ့စည်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်က တရားမဝင် အဆောက်အဦတွေကို ပြည်နယ်အစိုးရက ဘယ်လို ကိုယ်တွယ်မလဲ ဆိုတဲ့အပေါ် သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ပြည်နယ်အစိုးရ အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဗိုလ်မှူးကြီး ထင်လင်းက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြည်နယ်အဆင့်ကော်မတီဟာ ခရိုင်ထဲမှာ ရှိတဲ့ တရားမဝင် အဆောက်အဦတွေကို စီစစ်ရာမှာ အောက်ခြေ ခရိုင်အဆင့်သာမက မြို့နယ်အဆင့် ကော်မတီတွေနဲ့ အဆင့်ဆင့် ကြီးကြပ်ပြီး စီစစ်သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ထင်လင်းက ပြောပါတယ်။

တွေ့ရှိချက်တွေကို အောက်ခြေ ကော်မတီတွေက ပြည်နယ်အဆင့်ကို တင်ပြရမှာ ဖြစ်ပြီး ဘယ်လို ဆက်လုပ်မယ်ဆိုတာကို ရခိုင်အစိုးရအဖွဲ့ကပဲ နောက်ဆုံး ဆုံးဖြတ်မယ်လို့ ဗိုလ်မှူးကြီး ထင်လင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်က မောင်တောနဲ့ ဘူးသီးတောင်နယ်တွေမှာ တရားဝင် ဆောက်လုပ်ခွင့် ပိတ်ထားတာဟာ ယခင် စစ်အစိုးရ လက်ထက် နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆင်ရေးဌာန နစကနဲ့ ခရိုင် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့တွေ အုပ်ချုပ်စဉ် ကာလကတည်းက ဖြစ်ပြီး ဌာနဆိုင်ရာတွေကို ငွေပေးပြီး ဆောက်လုပ်ခိုင်းတာတွေ ရှိခဲ့တယ်လို့ စစ်တွေမြို့က မူဆလင်ခေါင်းဆောင် ဦးအောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဦးအောင်ဝင်းက ဒီလို ဌာနဆိုင်ရာ ဝန်ထမ်းတွေရှေ့မှာပဲ ပေါ်လာခဲ့တဲ့ အဆောက်အဦတွေကို တရားမဝင်ဘူးလို့ မသတ်မှတ်သင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အခုလို ကော်မတီတွေဖွဲ့ပြီး စစ်ဆေးမယ်ဆိုတဲ့ ကိစ္စကိုလည်း ဦးအောင်ဝင်းက ဒီအဆောက်အဦတွေ ဘယ်လို ဆောက်ဖြစ်သွားတယ်ဆိုတဲ့ အမှန်တရားပေါ်လာမှာ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေမှာ တရားမဝင် ဆောက်လုပ်ထားတဲ့ ဗလီ၊ ဈေးဆိုင်နဲ့ နေအိမ် သုံးထောင်ကျော် ရှိပြီး လက်ရှိအခြေအနေမှာ ဆောင်ရွက်မှု တစုံတရာ ပြုလုပ်ဦးမှာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီး ထင်လင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

BBC Burmese

No comments: