Showing posts with label KIA. Show all posts
Showing posts with label KIA. Show all posts

Saturday, October 8, 2016

ကချင်လက်နက်ကိုင်အဖွဲ့ KIA အဖွဲ့ မူဆယ်-နမ့်ခမ်းလမ်းမကြီး မန့်ဟိုင်း-နောင်ဆိုင်အနား၌ဆက်ကြေး ထပ်မံကောက်ခံ

 


2016,October´8

သျှမ်းမြောက်၊ မူဆယ်ခရိုင် မူဆယ်မြို့နယ်၊ မူဆယ်-နမ့်ခမ်း လမ်းမကြီး မန့်ဟိုင်းကျေးရွာလမ်းခွဲ နောင်ဆိုင်ကျေးရွာအနီး၌ လမ်းမကြီးပိတ်ကာ ခရီးသည် မိဘပြည်သူ ကားသမားများထံမှ ဆက်ကြေးခွန်ကောက်ခံ လျှက်ရှိကြောင်း သတင်းရရှိသည်။


ယနေ့ အစောပိုင်းညနေ ၃း၄၀ နာရီအချိန်ခန့်တွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA စစ်တပ်များသည် မူဆယ် - နမ့်ခမ်း လမ်းမကြီးဘေး မန့်ဟိုင်း-နောင်ဆိုင်- နောင်လောင်းရွာ လမ်းဘေး ရွာစဉ်ကြောနား၌ ခရီးသည်ကားများ တားဆီးကာ လမ်းမကြီးပိတ်ဆက်ကြေး ကောက်ခံခဲ့ကြောင်း စိုင်းလိန်ကပြောသည်။

မိဘပြည်သူခရီးသွားယာဉ်များထံမှ လမ်းကြေးခွန် ကောက်ခံခွန် တစ်နှစ်စာဖြစ်သည့် ၂၀၁၆ မှ ၂၀၁၇ ထိကောက်ခံခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"သူတို့က စစ်ဝတ်ယူနီဖောင်းအပြည့်နဲ့ ကားတွေကိုလမ်းပိတ် ပြီး ကောက်တာခင်ဗျ၊ တချို့ကားဆရာတွေနဲ့ စကား  အချေအတင်ဖြစ်တယ်၊ ပါးရိုက်ခံရတယ်၊ တော်တော်လူစိတ်ကင်းမဲ့တဲ့ ဓားပြအဖွဲ့လို့ပြောလို့ရတယ်။ကချင်ပြည်သူတွေက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အစိုးရတပ်မတော်က ထိုးစစ်ဆင်ခြင်းရပ် ဆိုပြီးလမ်းမပေါ်ထွက်ကာ ဆန္ဒပြကြတယ်။ အခု ဒီအတိုင်းဆိုရင်တော့ ကျွန်တော်တို့ပြည်သူတွေကလည်း သူတို့လုပ်ရပ် အပေါ်လုံးဝလက်ခံနိုင်ခြင်း၊ ထောက်ခံအားပေးခြင်း မရနိုင်တော့ဘူး။ ဒါ တော်တော်ရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်မျိုးပါ၊ အစိုးကခွန်လည်းပေးဆောင်ရ၊ လမ်းကြေးကောက်ခံတဲ့ ကုမ္ပဏီတွေကိုလည်းပေးဆောင်ရဆိုတော့ ပြည်သူကိုစော်ကားလိုက်တာနဲ့ အတူတူပဲ"လို့၎င်းက ပြောသည်။


နန်းဟန်စိန်က"သူတို့ကချင်လက်နက်ကိုင်တွေက ခုလိုသျှမ်းပြည်နယ်ထဲထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လာရောက်ကျူးလွန်တာ၊ လက်နက်တပ်ဆင်ပြီးနေတာတွေက သိပ်ပြီးမဟုတ်တော့ဘူး။ ကချင်အဖွဲ့ဆို ကချင်ပြည်နယ်ထဲသတ်သတ်မှတ်မှတ်ပဲနေလေ။ ဒါတောင် ကွတ်ခိုင်မြို့နယ်ကို သူတို့ရဲ့ Sub-State ဆို ပြီးတောင်းဆိုနေချင်သေးတယ်။ ယမန်နှစ်ကလည်း မူဆယ်သျှမ်းတိုင်းရင်းသား၊ ပလောင်နဲ့ကချင်လူငယ်တွေကို သျှမ်းနှစ်သစ်ကူးပွဲ လာဝင်ကြတဲ့ လူငယ်တွေကို မော့်တောင်းမှာဖမ်းဆီး၊ စစ်မှုထမ်းလာရမယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ဒီကိစ္စတွေအစိုးရ တပ်မတော်နဲ့ တာဝန်ရှိတွေထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့တောင်းဆိုလိုပါတယ်"ဟု ၎င်းကပြောသည်။


အမည်မဖော်လိုသူ နန်း-----ကလည်း "ကျွန်မတို့ကို လမ်းကြေးခွန် ကောက်ပုံကောက်နည်းကလည်း ယဉ်ကျေးမှုမရှိဘူး၊ လက်နက်ပြခြိမ်းခြောက်ပဲကောက်ခံတယ်။ တချို့ကတောင် ပါးအရိုက်ခံရတာတွေရှိတယ်၊ ဘောလုံးလာကန်မယ့် လူငယ်အသင်းနဲ့ ထိပ်တိုက်တွေ့နေတာလည်း ကြုံရတယ်။ သူတို့က Mark 2 ကားနှစ်စင်းနဲ့ ဆိုင်ကယ်အစီးပေါင်းသုံးဆယ် ကျော်လောက်ရှိတယ်။ ဘယ်လိုဆက်ဖြစ်မလဲတော့မသိဘူး။ ကားက စယ်လန့်ရွာနား အထိတောင်ရပ်ပြီး တန်းစီနေရတယ်။ မန့်ဟိုင်း-နောင်ဆိုင်လမ်းက စယ်လန့်ရွာကြီးကျေးရွာအုပ်စုထဲပါတယ်၊ သူတို့ကောက်တာက ကားငယ်တွေကို တစ်စီး ၃၀၀၀၀ နဲ့ ၅၀၀၀၀ ကျပ်ကြား"ဟု သူကပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့က ၎င်း KIA လက်နက်ကိုင်အဖွဲ့သည် မူဆယ်မြို့နယ်အတွင်း
မန့်နျူ့နှင့်တာ့လုံကျေးရွာအတွင်း ဆက်ကြေးကောက်ခံခဲ့သည်ဟု သတင်းရရှိခဲ့သည်။

မောက်မောဝ်းလန့်
နမ့်ခမ်းသတင်းစဉ်။
Nam Kham News

Friday, October 7, 2016

စစ်တပ်မှ KIO ဗဟို နယ်မြေ ကို အပြင်းထန်ဆုံး တိုက်ခိုက်


အစိုးရ ဂျက်တိုက်လေယာဉ် ၁ စီး မြစ်ကြီးနား မြို့ပေါ် ပျံသန်းနေစဉ်ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟို ဌာနချုပ် နယ်မြေကို မြန်မာ အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ယနေ့ ရက်ပေါင်း ၅၀ ပြည့်နေ့မှာ လေကြောင်းဖြင့် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့သည်။
တပ်မတော် ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အရှေ့ဘက် Dabak Hka ချောင်းဖြားရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA အမာခံ စခန်း Lai Hpawng Bum နှင့် Nhkram Bum ကို ယနေ့ ဗုံးကြဲတိုက်ခိုက် ဟု KIA ဘက်က ပြောလိုက်သည်။

KIA လှုပ်ရှားတပ်ရင်း DND ၂၅၂ NHkram Bum နှင့် Lai Hpawng Bum တောင် စခန်းများကို အစိုးရတပ်က သြဂုတ်လ မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ယနေ့ မှာ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်ပွားနေသည်ဟု Laiza (လိုင်ဇာ) ဗဟိုဌာနချုပ် KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောသည်။

“ဒီနေ့ မနက် ၈ နာရီကျော်ကနေ ၉ နာရီကျော်အထိ ၁ နာရီကြာ ဂျက်လေယာဉ် ၄ စီး နှင့် လာပစ်တယ်လို့ ပြောတယ်။ ပြီးတော့ နောက်ထပ် ၂ စီးထပ်လာတယ်လို့ ပြောတယ်။ မြေပြင်တပ်တွေလည်း ပါတယ်လို့ပြောတယ်။ လေယာဉ် ၄ စီးနဲ့ လာပစ်တယ်ဆိုတော့ အပြင်းထန်ဆုံးလို့ ပြောနိုင်တယ်။ ဒီနေ့က အဲဒီနေရာ နှစ်ဖက်တပ်တိုက်ပွဲဖြစ်နေတာရက် ၅၀ ပြည့်နေ့လည်း ဖြစ်တယ်။”

ယင်း တိုက်ပွဲတွင် အစိုးရဘက် မြေပြင်တပ် အင်အား ၁ ထောင်ကျော် အပြင် လက်နက်ကြီး နှင့် ပြည်သူ့စစ်အဖွဲ့များကိုပါ အသုံးချပြီး ထိုးစစ်ဆင် နေကြောင်း ဒုဗိုလ်မှုးကြီးနော်ဘူက ပြောသည်။

သို့သော်လည်း အစိုးရ တပ်မတော်ပိုင် သတင်းတွင် မူ ‘ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများ နယ်မြေလုံခြုံရေးဆောင်ရွက်’ ကြောင်း ကိုသာ ဖော်ပြထားပြီး တိုက် လေယာဉ် နှင့် တိုက်ခိုက်နေသည်ကို ပြောပြထားခြင်း မရှိသေးပါ။

ဒါ့အပြင် ယနေ့ မနက်ပိုင်းက ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့နယ်မှာလည်း အစိုးရနှင့် KIA နှစ်ဖက်တပ်ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ဖားကန့်မှ မိုးကောင်းလမ်းပိုင်းမှာလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောပါသည်။

‘မြန်မာ့တပ်မတော် ထိုးစစ်ရပ်တန့်ပေးရေး’ ပြည်သူ ၂ သောင်းကျော် ယမန်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ကြပြီး တနိုင်းမြို့တွင်လည်း တနင်္လာနေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Kachin News Group

တပ်မတော်ထိုးစစ် ရပ်တန့်ရေး ဆန္ဒပြမှုအပြီး နောက်တစ်ရက် တွင် ကေအိုင်အေ Gidon စခန်းအား ဗုံးကြဲတိုက်ခိုက်

Posted: October 7, 2016

မြန်မာ့တပ်မတော်မှ ဂျက်တိုက်လေယာဉ် လေးစီးဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်း ၈ နာရီ ကျော်မှစတင်ပြီး ကေအိုင်အေ၏ အမှတ် ၂၅၂ Gidon စခန်းအား ဗုံးကြဲတိုက်ခိုက်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က The Ladies သို့ နေ့ ၁၂ နာရီ ခန့်က အတည်ပြုပြောသည်။

 

“တိုက်တာတော့ မှန်ပါတယ်။ ဒီမနက် ၈ နာရီ ကျော်ကတည်းက တိုက်တယ်ဆိုတဲ့ သတင်းလောက်ပဲရပါတယ်။ မြေပြင်သတင်း အတိအကျတော့ မရသေးဘူး၊ အခုလောလောဆယ်ကတော့ ဘာမှ မပြောနိုင်သေးဘူး” ဟု ဒုတိယဗိုလ်မှူးကြီး နော်ဘူက အောက်တိုဘာ လ ၇ ရက်နေ့ မနက်ပိုင်းတွင် ပြောသည်။

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်သူလူထု နှစ်သောင်းကျော်ခန့်က ကချင်နှင့် ရှမ်းမြောက် တိုင်းရင်းသား ဒေသများသို့ ထိုးစစ်ဆင်နေမှုများအား ချက်ချင်းရပ်တန့်ပေးရန် အောက်တိုဘာ ၆ ရက်က စီတန်းလှည့်လည် ကာ တောင်းဆိုဆန္ဒပြခဲ့ကြသော်လည်း တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်။

 

၂၁ ပင်လုံဖွင့်ပွဲပြီးချိန်မှစ၍ ကေအိုင်အေနှင့် တပ်မတော်အကြား ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ် ဖက် သေကြေဒဏ်ရာရမှုများ ရှိခဲ့သည်။ လွန်ခဲ့သည့် အပတ်အတွင်းက ရှမ်းမြောက် မုန်းကိုး ဒေသရှိ ပူးဝန်ကျေးရွာအတွင်း လက်နက်ကြီးကျည်ဆံ ကျရောက်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး အခြားကလေးငယ် အချို့ ဒဏ်ရာရရှိခဲ့သည်။

 

လတ်တလော အတွင်းမှာ ပင် ၂၁ ရာစု ပင်လုံ အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီမှလည်း တိုင်းရင်းသား ဒေသများအတွင်း တပ်မတော်မှ ပြုလုပ်နေသည့် ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် အတွက် အောက်တိုဘာလ ၆ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး အရပ်သားများ အကာကွယ်ပေးရေး၊ စစ်ဘေးရှောင်များအား လူသားချင်း စာနာမှုဆိုင်ရာ အကူညီများ ပိုမိုပေးရန် ၊ တိုက်ပွဲတွင် အသုံးပြုနေသည့် ဘတ်ဂျက် ပွင့်လင်းမြင်သာ မှုနှင့် သေကြေပျက်စီးမှုကို တရားဝင် ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။ တိုက်ပွဲများ ဖြစ်နေစဉ် အတောအတွင်းမှာပင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့မှာ တောင်အာဖရိကသို့ လေ့လာရေးခရီး သွားရောက်နေသည်။

 

ဇော်မင်းထွန်း

The Ladies News

ကေအိုင်အို စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်


( ဓါတ်ပုံ - ကေအိုင်အေ တပ်သားတချို့ကို တွေ့ရစဉ် )ကေအိုင်အေတပ်ဖွဲ့ တပ်ရင်း ၂၅၂ အခြေစိုက်တဲ့ ဂီဒွန်ဆိုတဲ့ တောင်ကုန်းကို တပ်မတော်က ဒီကနေ့ မနက်က လေယဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေတပ်မှူးတစ်ဦးက အတည်ပြု ပြောပါတယ်။

ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့နဲ့ သိပ်မဝေးတဲ့ တပ်ရင်း ၂၅၂ ရှေ့တန်းတပ်စခန်းကို ဒီနေ့မနက် ၈ နာရီကျော်လောက်က ဂျက်ဖိုက်တာ လေယာဉ် ၄ စင်းနဲ့ လာရောက်ပစ်ခတ်သလို မြေပြင်တိုက်ပွဲတွေလည်း ဖြစ်တဲ့အကြောင်း ကေအိုင်အို ပြန်ကြားတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"၈ နာရီကျော်ကနေ ပစ်တယ် ၄ စင်း၊ အဲဒီနေရာပဲ အင်ခရမ်ဘွမ် ဂီဒွန်ဘွမ်၊ အောက်ခြေက သတင်းတွေကတော့ ခုထိတော့ ဘာမှ မကြားရသေးဘူး မြေပြင်လည်း ထိုးတယ်လို့တော့ ပြောတယ်၊ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး။ အားလုံး ဂျက်ဖိုက်တာလို့ပြောတယ်"

နေ့လည် ၂ နာရီလောက်က လေယာဉ်တွေ နောက်တခေါက် ပြန်လာပေမယ့် ဗုံးကြဲတာတော့ မရှိဘူးလို့ သိရပါတယ်။

အင်ခရမ်တောင်ကုန်းနဲ့ ဆက်လျက်ရှိတဲ့ ဂီဒွန် ကေအိုင်အိုစခန်းကို အစိုးရတပ်က တိုက်ခိုက်နေတာ တလနီးပါရှိပြီဖြစ်ပါတယ်။

အရင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အခုအခါ တပ်မ ၃၃ တပ်တွေ အစားထိုး ရောက်နေတယ်လို့ ပြောပါတယ်။

မနေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒေသခံ တစ်သောင်းကျော်လောက်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

Friday, September 30, 2016

တပ်မတော်က KIA ကို စခန်းသိမ်းတိုက်ပွဲ တွေစလုပ်

မြန်မာ အစိုးရ တပ်မတော်က ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်ရဲ့ စခန်းတွေကို သိမ်းဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ကေအိုင်အေဖက်က ပြောပါတယ်။

ကချင်ပြည်နယ် အတွင်းက ကေအိုင်အေ အတွက် ဗျူဟာ အရ အရေးပါတဲ့ ဂိဒေါင် Gidon စခန်းကို အစိုးရ တပ်မတော် ဖက်က ရက်အတန်ကြာ အပြင်းအထန် ထိုးစစ်တွေ ဆင်နေပြီး ကေအိုင်အေ နယ်စပ် ဌာနချုပ်ဖြစ်တဲ့ ပါဂျောင်ကို စစ်ဆင်ရေးတွေ စလုပ်ဖို့ လည်း ဆောင်ရွက် နေတယ်လို့ ကေအိုင်အေ ဖက်က စွပ်စွဲ ပြောဆို ပါတယ်။

တပ်မတော်ဖက်က ထိုးစစ်တွေ နဲ့ တိုက်ခိုက်နေတာ ရက်ပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ပြီး လိုင်ဇာ ဌာနချုပ်နဲ့ အလွန်နီးကပ်တဲ့ ဂိဒေါင် စခန်းကို မရမနေ တိုက်ပြီး သိမ်းယူမယ် ဆိုတဲ့ သတင်းတွေ ကြားနေရ တယ်လို့ ကေအိုင်အေ နည်းပညာ အကြံပေးအဖွဲ့ တာဝန်ခံ ဦးဒေါင်ခါးက ဘီဘီစီကို ပြောပါတယ်။

ဂိဒေါင် စခန်းကို စစ်ကြောင်း သုံးကြောင်း ပါဝင်တဲ့ အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ စီမံချက်ရှိတာ သိရပြီး စက်တင်ဘာလ ၂၈ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တယ်လို့ ဦးဒေါင်ခါးကပြောပါတယ်။

လေယာဉ်တွေနဲ့ပါ အဲဒီကို သွားခဲ့ပေမဲ့ ပစ်ခတ်လို့ မရတဲ့ အတွက် ပြန်လှည့် သွားတယ်လို့ သတင်းတွေ ရရှိကြောင်းလည်း သူကဆိုပါတယ်။

စက်တင်ဘာလ ၂၉ ရက် ညနေမှာ ပါဂျောင်စခန်းဖက်မှာလည်း အင်အားအလုံးအရင်နဲ့ စစ်ရေး ပြင်ဆင်တာ တွေ့နေရပြီး ထိုးစစ်ဆင်ဖို့ ပြင်နေကြောင်း သိရတယ်လို့လည်း ဦးဒေါင်ခါးကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကချင်မှာ ထိုးစစ်မဆင်ရေး အဆို ပြည်နယ်လွှတ်တော် မှတ်တမ်းတင်


 

ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ Photo: Kyaw Myo Min/RFAကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေတိုက်ပွဲတွေ ဖြစ်ပွားရာမှာ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ ခြုံခိုတိုက်ခိုက်တာ၊ လက်နက်ကြီးအသုံးပြုတာနဲ့ မြေမြှုပ်မိုင်း ထောင်တာတွေကို မလုပ်ဆောင်ဖို့ တောင်းဆိုကြောင်း အရေးကြီးအဆိုကို မနေ့ကကျင်းပခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ မှတ်တမ်းတင်လိုက်ပါတယ်။

အဲဒီအရေးကြီးအဆိုကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက တင်သွင်းခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်ကလည်း အဆို ကို ထောက်ခံဆွေးနွေးသွားတယ်လို့ ဦးနော်လီက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက စတင်ပြီး ကချင်ပြည်နယ်အတွင်းက ဝိုင်းမော်၊ မန်စီနဲ့ တနိုင်းမြို့နယ်တွေမှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေချိန် အခုလဆန်းပိုင်းမှာ တိုက်ပွဲတွေ ရပ်နားထားခဲ့ပေမယ့် ညီလာခံပြီးနောက်ပိုင်း အခုလ ၁၆ ရက်နေ့ကစတင်ပြီး တိုက်ပွဲဆက်ဖြစ်နေတာကြောင့် မြစ်ကြီးနား-ဖားကန့်- တနိုင်း လမ်းတလျှောက်ကျေး ရွာတွေက ဒေသခံ ၂ဝဝဝ ကျော်လောက်ဟာ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား စတဲ့မြို့တွေပေါ်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ ထိုးစစ်တိုက်ခိုက်တာနဲ့ ချုံခိုတိုက်ခိုက်တာတွေများတဲ့အတွက် အခုလိုအဆိုတင်သွင်းရတာဖြစ်ပြီး လွှတ်တော်ရဲ့အတည်ပြုချက်ကို နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေဘက် ကလည်း လေးစားလိုက်နာမှုရှိမယ်လို့ထင်ကြောင်း ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက ပြောပါတယ်။

RFA Burmese

Thursday, September 29, 2016

*** KIO/KIA သူပုန်အဖွဲ့ ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲ *** ========================================

Wednesday, September 28, 2016

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီရယ်ဟာ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့သို့ လာရောက်ခဲ့ပြီး ၊ ကချင် ပြည်နယ်ဝန်ကြီးချုပ် ၊  KIA သူပုန်ခေါင်းဆောင်ပိုင်း ၊ KIO နည်းပညာအကြံပြုအဖွဲ့ ၊ KBC မှ ဘာသာရေး ခေါင်းဆောင်များအပါအ၀င် ဒေသခံ ကချင်လူထုနဲ့လည်း
တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

KIA သူပုန်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကိုမသိရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်ပြီးလျှင်ပြီးချင်း ကချင်ပြည်နယ်သို့ အမေရိကန် သံအမတ်လာရောက်မှုဟာ ထူးခြားနေတာ တော့အမှန်ပါပဲ။

တပ်မတော်နဲ့ KIA သူပုန်တို့ဟာ ဝိုင်းမော်မြို့နယ်ထဲက နေရာအချို့ မှာ စက်တင်ဘာလ ၁၃ ရက်ကစလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ ဖြစ်ပွားနေဆဲပါ။

တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အမေရိကန်သံအမတ်က KIA သူပုန်ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး ဘာတွေပြော သွားသလဲ ?ဘာတွေညွှန်ကြားသွားသလဲ? ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ သူတို့ရဲ့ပတ်သက်မှုက မြန်မာပြည် အတွက်ကောင်းကျိုးလား၊ ဆိုးကျိုးလား ဆိုတာ မေးခွန်းထုတ်စရာပါ။ အရင်က ပတ်သက်မှုတွေ ရှိခဲ့လေ တော့ စောင့်ကြည့်ဖို့လိုအပ်လာပါပြီ ။

အမေရိကန်နဲ့ KIA သူပုန်တို့ရဲ့ ဆက်ဆံရေးဟာ ပထမဆုံးအကြိမ်တော့မဟုတ်ခဲ့ပါဘူး။

လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ငြိမ်းချမ်းရေး အကြောင်းပြပြီး KIA သူပုန် ဒုခေါင်းဆောင်ဂွမ်မော် အမေရိကန်ကို အလည်သွားတာရှိပါတယ်။ အဲဒီလိုသွားလို့ တရုတ်ကြီးကတောင် အမျက်တော်ရှခဲ့သေးတယ်။

အမေရိကန်ပြည်ထောင်စုကိုသွားတုန်းက KIA သူပုန် ဒုတိယခေါင်းဆောင် ဂွမ်မော်နဲ့ အဖွဲ့ဝင်လေးဦးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး
ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေအပါအ၀င် အခြားအရေးကြီး ပုဂ္ဂိုလ်များမှ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဂွမ်မော်ဟာ CIA မကင်းရာမကင်းကြောင်းတွေနဲ့ တွေ့ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ NCA ဆွေးနွေးနေတဲ့အချိန် ဂွမ်မော် အမေရိကန်ကိုသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ခရီးစဉ်ကပြန်လာတော့ NCA လက်မှတ်ထိုးဖို့ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို ကမ်းလှမ်း လိုက်ပြီဖြစ်ပါတယ်။ KIA သူပုန်တွေကို အမေရိကန်က ဘာတွေပြောလိုက်လဲမသိပေမယ့် ဂွမ်မော်တို့အချိုး ပြောင်းသွား ခဲ့တာတော့အမှန်ပါပဲ။

ငြိမ်းချမ်းရေးအရှိန်အဟုန်မြင့်လာချိန် KNU အပါအ၀င် ၈ ဖွဲ့က NCA လက်မှတ်ထိုးဖို့ လုံးဝ သေချာသလောက် ဖြစ်သွားခဲ့တော့ ကျန်လက်နက်ကိုင်အဖွဲ့တွေ လက်မှတ် မထိုးအောင် KIA သူပုန်အဖွဲ့ က ဒေါ်လာသောင်းနဲ့ချီပေးပြီး လိုက်လံမက်လုံးပေး စည်းရုံးခဲ့တယ်လို့ သတင်းတွေ
ထွက်ပေါ်ခဲ့တယ်။

ဖြစ်နိုင်ပါတယ်။ KNU နဲ့ လက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ်ထိုးခဲ့ပေမယ့် KIA နဲ့  SSPP/SSA၊ NMSP၊ KNPP၊ UWSA၊ NDAA တို့ လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ကြတယ်။

ဒါဟာလည်း အမေရိကန်ကြောင့်လားဆိုတာ တွေးစရာ ဖြစ်နေပါတယ်။

KIA သူပုန်တွေ အနေနဲ့ လက်ရှိအစိုးရလက်ထက်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို  တက်ရောက်ခဲ့ပေမယ့် NCA လက်မှတ်ထိုးမယ်လို့ မပြောသေးပါဘူး။

ငြိမ်းချမ်းရေးထက် ကိုယ်ကျိုးစီးပွား ရေရှည်ရပ်တည်ရေး ကိုသာ ဦးတည်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အရင်က တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကိုခံယူခဲ့ပေမယ့် ယနေ့အချိန်အခါမှာတော့ KIO/KIA သူပုန် ခေါင်းဆောင်တွေဟာ အမေရိကန်နဲ့ ခပ်စိပ်စိပ် တွေ့ဆုံနေတာကိုကြည့်ခြင်းအားဖြင့် ဘက်ပြောင်းသွားပြီလို့ ပြောနိုင်ပါတယ်။ အမေရိကန်ကြိုးဆွဲတဲ့အတိုင်း KIO/KIA သူပုန်တွေ ကနေပြီလို့သာ ပြောရပါတော့မယ်။

ဇော်လင်းသန့်

Monday, September 26, 2016

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ချိန်တွင် ကေအိုင်အေနှင့် တိုက်ခိုက်မှုများ ခေတ္တငြိမ်သက်နေ

Posted: September 26, 2016

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိတွေ့မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိခါနီး အချိန်တွင် တိုက်ပွဲများ ရပ်တန့်သွားကြောင်း သတင်းရရှိသည်။

 

“မနေ့ကနေ စပြီးတော့ တိုက်ပွဲဖြစ်တာတွေ အစိုးရဘက်က ပစ်တာတွေ မရှိတော့ဘူး၊ ဒီနေ့လည်း မရှိဘူး၊ ဟိုရက်တွေက ဂျက်လေယာဉ်တွေ တိုက်ခိုက်ရေး ရဟတ်ယဉ်တွေနဲ့ပါ အစိုးရဘက်က ပစ်တာ” ဟု KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က The Ladies သို့ပြောသည်။

 

လွန်ခဲ့သည့် နှစ်ပတ်ခန့်မှ စတင်၍ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေမှုများ သည် စက်တင်ဘာ ၂၅ ရက်မှ စ၍ ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ် တိုက်ခိုက်မှုမှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်း အရှေ့ဘက် အစိုးရတပ်မတော် နှင့် လွန်ခဲ့သည့် ၂ ပတ်ခန့်မှ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည့် KIA လှုပ်ရှားတပ်ရင်း DND ၂၅၂ Nhkram Bum တောင် နှင့် ၎င်းအနီး KIA တပ်ရင်း ၃ Lai Hpawng Bum တောင် စခန်းတို့တွင် ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

ထိတွေ့မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရတပ်မတော်၏ ကချင်ထိုးစစ်ကြီး ပြင်ဆင် လုပ်ဆောင်မှုကို ခုခံကာကွယ်နိုင်ရန်အတွက် ကချင်ပြည်သူများ အနေဖြင့် အထူးဆုတောင်းပေးရန် KIO က စက်တင်ဘာ ၁၉ ရက်တွင် အကြောင်းကြားမှုများ ရှိခဲ့ကြောင်း သိရသည်။

 

ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် တပ်မတော်တို့အကြား ၂၁ ပင်လုံ စတင်ချိန်မှစ၍ ထိတွေ့မှု အချို့စဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသို့ ရောက်ရှိနေချိန်တွင် တိုက်ပွဲများမှာ အနည်းငယ်ပြင်းထန်လာခဲ့သည်။

 

ဇော်မင်းထွန်း

Photo - Kachin News FB

The Ladies News

Saturday, September 24, 2016

လိုင်ဇာအနီး တိုက်ပွဲ တပ်မတော်က ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ဟု KIA ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၃

ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာ အနီးတွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မတော်က ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း KIA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက The Voice သို့ ပြောဆိုသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ KIA ဗဟိုဌာနချုပ်၏ အရေးပါသော လုံခြုံရေး စခန်းများရှိရာ  နေရာတွင် စက်တင်ဘာလ ၁၉ ရက်မှ စ၍ တိုက်ပွဲ ဖြစ်နေပြီး စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ ကာကင်းအချို့ ထိခိုက်မှု ရှိခဲ့တယ်”ဟု KIA အဖွဲ့မှ ဗိုလ်မှူးကြီး နော်လီက ဆိုသည်။

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့က မိုင်းခွဲ တိုက်ခိုက်သဖြင့် စက်တင်ဘာလ ၂၃ ရက်မှ စကာ နယ်မြေ ရှင်းလင်းနေခြင်း ဖြစ်ကြောင်း တိုက်ပွဲသတင်းများအပေါ် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က ကေအိုင်အေ လက်နက်ကိုင်အင်အား ၂ဝ ခန့်သည် တပ်မတော် စစ်ကြောင်းကို ကဇူး ကျေးရွာ အရှေ့မြောက်ဘက်တွင် ဆွဲမိုင်း နှစ်လုံး ဖောက်ခွဲ၍ လမ်း ဘယ်/ညာမှ ပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်က ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း တပ်မတော်ဘက်မှ ထိခိုက် ကျဆုံးမှု ရှိခဲ့ကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်သည်။