Showing posts with label ရခိုင်ပြည်နယ် ကော်မရှင်. Show all posts
Showing posts with label ရခိုင်ပြည်နယ် ကော်မရှင်. Show all posts

Thursday, October 13, 2016

နယ်ခြားစောင့်စခန်း တိုက်ခိုက်သူများမှာ RSO ဖြစ်သည်ဟု အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ပြောဆို

နယ်ခြားစောင့်စခန်း တိုက်ခိုက်သူများမှာ RSO ဖြစ်သည်ဟု အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ပြောဆို


မင်းပြား၊ အောက်တိုဘာ(၁၃)ရက်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း နယ်ခြားစောင့် တပ်စခန်းများ တိုက်ခိုက်ခံရမူများမှာ RSO (Rohinngya Solidarity Organization)အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင်က အောက်တိုဘာ (၁၃) ရက်နေ့က ပြောဆိုလိုက်သည်။

“ဒီတိုက်ခိုက်မူတွေဟာ ဘယ်အဖွဲ့လက်ချက်ကြောင့်လဲဆိုတာ သေချာသိနေပြီးသားပဲ။ ရိုဟင်ဂျာလို့ အမည်ခံတဲ့ သူတွေက တဖက်မှာနိုင်ငံရေးနည်းလမ်းနဲ့နိုင်ငံတကာမှာ ကုလသမဂ္ဂအဖွဲ့ထိတတ်ပြီးတော့ လိမ်လည် လှည့်ဖြားပြီး တောင်းဆိုနေကြတယ်။ ပြီးတော့ RSO အနေနဲ့ တစ်ဖက်နိုင်ငံမှာ အခြေစိုက်စခန်းတွေချပြီး  စစ်သင်တန်းတွေပေးနေကြတယ်။ ဒါတွေက ကျွန်တော်ဆီကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဓာတ်ပုံတွေနှင့်တကွ တင်ပြတဲ့အတွက်ကြောင်း သိနေတယ်။ တစ်ဖက်နိုင်ငံမှာ အခြေစိုက်တဲ့ RSO အဖွဲ့နဲ့ မောင်တောဖက်က  ဘင်္ဂါလီကျေးရွာတွေမှာရှိတဲ့ စစ်သင်တန်းဆင်းပြီးသား RSO အဖွဲ့ဝင်တွေပူးပေါင်းပြီး တိုက်ခိုက်တယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ထင်ရှားပါတယ်။”ဟု ဦးအေးသာအောင်က ပြောသည်။

RSO (ရိုဟင်ဂျာ စည်လုံးညီညွတ်ရေးအဖွဲ့)ကို ၁၉၇၀ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက် နည်းလမ်းမျိုးစုံနဲ့ ၀င်ရောက်လာကြတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ ဘူးသီတောင်နဲ့မောင်တောမြို့နယ်တွေမှာ အဆမတန်များပြားနေတယ်။ သူတို့တွေထဲမှာ တချို့က မြန်မာနိုင်ငံသား လျှောက်ထားဖို့နဲ့ တချို့ကတော့ တခြားနာမည်တစ်ခုနဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် နယ်မြေကို ထိန်ချုပ်ဖို့သိမ်းပိုက်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတယ်။”ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်နယ်စပ်၊ မောင်တောခရိုင်အတွင်း နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေပြီး အောက်တိုဘာလ (၉)ရက်နံနက်ပိုင်းက နယ်ခြားစောင့်စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၉)ဦး သေဆုံးကာ နယ်မြေရှင်းလင်းစဉ်တွင်လည်း တပ်မတော်သား(၅) ဦးထပ်မံသေဆုံးသည့်အတွက် စုစုပေါင်း ၁၄ ဦး သေဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဘင်္ဂါလီကျေးရွာကြီးများ ၀ိုင်းနေသော ရခိုင်တိုင်းရင်းသားကျေးရွာများမှ ပြည်သူများ မောင်တောမြို့ပေါ်သို့ အောက်တိုဘာ(၁၄)ရက်နေ့မှစ၍ ထွက်ပြေးလာကြကြောင်း သိရပြီး ရခိုင်လူမှု အဖွဲ့အစည်းများအနေဖြင့် အကူအညီများ ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေကြကြောင်း သိရသည်

Wednesday, October 12, 2016

မောင်တောတိုက်ခိုက်မှုတွင် ပြည်ပမှ ငွေကြေးထောက်ပံ့မှုရှိ ----------------------------------------------


မောင်တောဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အလစ်ဝင်ရောက်တိုက်ခိုက်မှုတွင် ပြည်ပမှ ငွေကြေးထောက်ပံ့မှုများ ရှိခဲ့ကြောင်း သိရှိရသည် ။

ပြီးခဲ့သည့် ရက်ပိုင်းက မောင်တောဒေသရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများအားတိုက်ခိုက်ရာတွင် အချိန်ယူ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကာ ဒေသတွင်းနေထိုင်သူ ဘင်္ဂါလီများအား RSO အကြမ်းဖက်သမားများက ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည် ။

တိုက်ခိုက်မှုအား ကျီးကန်းပြင် ၊ ငါးခူရ ၊ ကြိမ်ချောင် ၊ ကျောက်လှေကား ၊ ရွက်ညိုတောင် ၊ ကိုးတန်ကောက် နေရာခြောက်နေရာခွဲပြီး တိုက်ခိုက်ရန် ကြိုတင်စီစဉ်ခဲ့ပြီး ကျီးကန်းပြင် ၊ ငါးခူရနှင့် ကိုးတန်ကောက်တို့ အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။

မောင်တောဒေသတွင်း စိမ့်ဝင်လာသော RSOအကြမ်းဖက်သမားများသည် ဒေသခံ ဘင်္ဂါလီ အင်အား ၃၀၀ ခန့်အား နေရာများခွဲကာ တောတွင်း လူအရောက်အပေါက်နည်းသည့် နေရာများတွင် ကြိုတင်လေ့ကျင့်ပေးခဲ့ပြီး တိုက်ခိုက်မှုအား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုပြုလုပ်ရန် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအား ပြည်ပမှ လွှဲပေးခဲ့ပြီး အချိန်ယူကာ  ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း ရခိုင်ဒေသတွင် မြေပြင်သတင်းရယူနေသော The Myanmar Review Journal အယ်ဒီတာမှ သတင်းပေးပို့ သည် ။

ဖိုတို - တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူ ရဲအရာရှိတစ်ဦးအား တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့ သို့  သယ်ဆောင်လာစဉ်

နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ ခန့်က ဝိုင်းဝန်းတိုက်ခိုက်


 


နေပြည်တော် အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ် စဉ်များကြောင့် ဒေသတည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့် တွင် မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့် နေရာသို့ တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းစဉ် တောင်ကုန်းပေါ်၌ အသင့်နေရာယူထားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၃၀ ခန့်က လက်နက်ငယ်များ၊ စက်သေနတ်များ ဖြင့် တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်နေစဉ် တပ်မတော်စစ် ကြောင်း နေရာယူထားသည့် နေရာ၏ မြောက်ဘက်နှင့် အနောက်ဘက်တို့မှ အကြမ်းဖက်စီးနင်းတိုက် ခိုက်သူ အင်အား ၃၀၀ ခန့်က လက်နက်ငယ်များ၊ ဓားနှင့်တုတ်များ ကိုင်ဆောင်၍ ထပ်မံတိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အနောက် ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်း တစ်လောင်း၊ သေနတ် နှစ်လက်နှင့် ကျည်အိမ် နှစ်ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ သေနတ် နှစ်လက် ပျောက်ဆုံးကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး စစ်သည်လေးဦး နိုင်ငံတော်အတွက် အသက်ပေးစွန့်လွှတ် ခဲ့ရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာ အနီးတစ်ဝိုက်နှင့် ပတ်ဝန်းကျင်ကျေးရွာများအား တပ်မတော်စစ်ကြောင်းများက ဆက်လက်နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

အကြမ်းဖက် စီးနင်း တိုက်ခိုက်သူလေးဦး ဖမ်းဆီးရမိ


 

တပ်မတော်စစ်ကြောင်းများက မောင်တောမြို့နယ် ကျေးရွာများအတွင်း ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူလေးဦး ဖမ်းဆီးရမိနေပြည်တော် အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ မောင်တော မြို့နယ် ကျေးရွာများအတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ဝင်ရောက်ခိုအောင်း နေထိုင်လျက် ရှိကြောင်း သတင်းများအရ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိသည်။

ထိုသို့ ရှင်းလင်းစဉ် အောက်တိုဘာ ၉ ရက် ည ၈ နာရီခွဲ ခန့်က ငါးခူရကျေးရွာဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အန်ဒရာမူလာ ကိန်းနှင့် မော်လဝီဖော်ဒီတာလောင်တို့ နှစ်ဦးကို ဖမ်းဆီးရမိ ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီခန့်က တောင်ပိုင်ညာကျေးရွာအား ဝင်ရောက်ရှင်းလင်းစဉ် ရွာသား ရှစ်ဦးခန့်က ဓား၊ တုတ်များဖြင့် ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာမှုကြောင့် ပြန်လည် ပစ်ခတ်ရှင်း လင်းရာ အကြမ်း ဖက် စီးနင်းတိုက်ခိုက်သူ အလောင်း ခုနစ်လောင်းနှင့် ၎င်းတို့ ကိုင်ဆောင်တိုက်ခိုက်ခဲ့သော ဓား၊ တုတ်များအား သိမ်းဆည်းရမိခဲ့သည်။

အလားတူ မောင်နှမအလယ်ကျေးရွာအတွင်း ကျီးကန်းပြင်စခန်းဌာနချုပ် လက်နက်တိုက်များ ဖောက်ထွင်း ရာတွင် အဓိကပါဝင်သူ နှစ်ဦး ပုန်းခိုနေထိုင်လျက်ရှိကြောင်း နှင့် လက်နက်များ သိုဝှက်ထားကြောင်း သတင်းများအရ တပ်မတော်စစ်ကြောင်းများက အောက်တိုဘာ ၁၁ ရက် နံနက်၅ နာရီခန့်တွင် ဝင်ရောက်ရှင်းလင်းရာ ဝဲဘက် ခြေထောက်တွင် ဒဏ်ရာများရရှိထားသည့် အစ္စမာန်နှင့် ကျေးရွာတာဝန်ခံ အဘူကာလာမ်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမေးမြန်း ခဲ့ရာ ၎င်းတို့နှစ်ဦးမှာ ကျီးကန်းပြင်စခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်စဉ် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်ဖြစ်စဉ် များ၌ ပါဝင်ခဲ့သူများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် လက်နက် များ သိုဝှက်ထားသည့်နေရာများကို ရှာဖွေရှင်းလင်းနိုင်ရေးဖမ်းဆီးရမိသူ အကြမ်းဖက်သမား လေးဦးအား စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar

Tuesday, October 11, 2016

မောင်တောခရိုင်အတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင်ဦးစီးပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေ


 

မောင်တောခရိုင်အတွင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင်ဦးစီးပြီးလုံခြုံရေးတိုးမြှင့်ချထားရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါမောင်တောခရိုင်အတွင်းတွင် အောက်တိုဘာလ ၉ ရက်နေ့ကအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် တပ်မတော်အပါအဝင် ကမ်းနီရဲတပ်ရင်းမှ ယာယီဒုရဲမှူးကြီးတင့်ဇော်ဦးဦးစီးပြီးအင်အား ၃၅၀ ပါရဲတပ်ဖွဲ့ဝင်များကိုအောက်တိုဘာလ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောင်ခရိုင်အတွင်းလုံခြုံရေးများကိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပို့ဆောင်ထားပြီ ဖြစ်ကြောင်းရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်ကပြောသည်။


ဦးမင်းအောင်က“မောင်တောခရိုင်အတွင်းမှာလုံခြုံရေးတိုးမြှင့်ချထားဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် ကြီးကြပ်ပြီးတော့ဆောင်ရွက်နေတယ်။ တပ်မတော်အပါအဝင်ရဲတပ်ဖွဲ့အင်အားအမြောက်အများနဲ့ လုံခြုံရေးကိုဆောင်ရွက်ပေးနေပါတယ်”ဟုပြောသည်။

ယင်းမောင်တောခရိုင်အတွင်းအောက်တိုဘာလ ၁၀ ရက်နေ့ နေ့လည်ပိုင်းကတပ်မတော် စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးကိစ္စရပ်များအားဆောင်ရွက်နေစဉ် မြို့သူကြီးကျေးရွာမှ ဘင်္ဂါလီများသည် ဓားကိုယ်စီကိုင်ဆောင်ကာအုပ်စုဖွဲ့ဝင်ရောက်တိုက်ခိုက်လာသည့်အတွက် တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ထိမ်းသိမ်းခဲ့ရာ ဘင်္ဂါလီ ၇ ဦးသေဆုံးသွားပြီး ၄ ဦးထွက်ပြေးသွားခဲ့ကြောင်း၎င်းကဆိုသည်။

“မောင်တောခရိုင်အတွင်းမှာတပ်မတော်စစ်ကြောင်းကနယ်မြေရှင်းလင်းရေးဆောင်ရွက်တဲ့အခါ ဘင်္ဂါလီတွေကအုပ်စုဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။အရင်ဆုံး ၇ ဦးကအုပ်စုဖွဲ့တိုက်ခိုက်တယ်။အဲဒါနဲ့ တပ်မတော်စစ်ကြောင်းကပစ်ခတ်နှိမ်နင်းရတော့ ၅ဦးသေဆုံးသွားပြီးတော့ ၂ ဦးထွက်ပြေးသွားတယ်။ နောက်ထပ် ၄ ဦးအုပ်စုဖွဲ့တိုက်ခိုက်ခဲ့တယ်။ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်နှိမ်နင်းတာ ၂ ဦးသေဆုံးသွားပြီးတော့ ၂ ဦးထွက်ပြေးသွားတယ်”ဟုပြောသည်။

ယင်းသို့ မောင်တောခရိုင်အတွင်းတွင် လတ်တလောဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီးရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဦးဆောင်သောရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အောက်တိုဘာလ ၁၀ ရက်နေ့ကစစ်တွေမြို့ မဏိရတနာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ပြီးသြဝါဒစရိယဆရာတော်ကြီးများနှင့်တွေ့ဆုံကာမောင်တောခရိုင်အတွင်းဖြစ်ပွားခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ဆရာတော်များထံတင်ပြလျှောက်ခဲ့ပြီးလုံခြုံရေးကိစ္စရပ်များကိုလည်းတိုးမြှင့်ချထားပြီးဖြစ်သည့်အတွက် စိုးရိမ်မှုများမဖြစ်ပွားရန် တင်ပြလျှောက်ထားခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Way Saw Way (FB)
By- နေဝင်းစံ

ဘူးသီးတောင်မြို့မှ ၈ မိုင်ခန့်ဝေးသည့် တောင်ခေါင်းကြီးအနီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွား


 


နိရဉ္ဇရာ၊ အောက်တိုဘာ ၁၀ ရက်

 အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်းမှာ တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်မှာ ဘူးသီးတောင်မြို့နှင့် ၈ မိုင်ခန့်ဝေးသည့် တောင်ခေါင်းကြီး အနီး တောင်ကြောများတွင် တွေဆုံပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများမှ နိရဉ္စရာသို့ပြောသည်။

“ကျွန်တော်တို့ကြားတာကတော့ ၄ နာရီဝန်ကျင်ကကြားခဲ့တာ ခင်ဗျ။ ခုတော့ အသံမကြားရတော့ဘူး။ သိရသလောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်သမားတွေဟာ အဲဒီတောင်ကြောကို တက်ပြေးသွားခဲ့တယ်လို့ သိရတယ်။ သေချာတာကတော့ တစ်ဖက်နိုင်ငံကို မကျော်နိုင်ခဲ့ဘဲနဲ့ မေယူတောင်မှာ ပုန်းအောင်းနေကြတယ်လို့ သိရပါတယ် ” ဟု ပစ်ခတ်မှုများကြားခဲ့ ရသည့် ဘူသီတောင် ဒေသခံ တစ်ဦးမှ နိရဉ္ဇရာသို့ပြောသည်။

မောင်တောမြို့နယ် ဦးချဥ့်ကျရွာနှင့် သရက်အုပ်ကြား၊ ရွက်ညိုတောင် စသည့် နယ်မြေများတွင် လည်း တွေ့ထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက အကြမ်းဖက်သမားများမှ အကျအဆုံးနှင့် လက်နက်များ ပြန်လည် သိမ်းဆည်းရမှုများ ရှိခဲ့သည်ဟု ပြောဆိုသည်။

ရွှေရအောင်(တောင်ကုတ်)
Narinjara

မောင်တောမြို့နယ်မှာ တပ်မတော်က ပိုက်စိပ်တိုက် ရှာဖွေ ရှင်းလင်း


ရွာတွေကို ပိတ်ဆို့ ရှာဖွေ ရာမှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ တပ်အင်အား ဖြည့်ပေးခဲ့မြန်မာ ဘင်္ဂလား နယ်စပ်မှာ နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး တနင်္လာနေ့ မှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ တွေ ကနေ ပိုက်စိပ်တိုက် ရှာဖွေ တာတွေ နယ်မြေ ရှင်းလင်း တာတွေ လုပ်ဆောင် ခဲ့ ပါတယ်။

မောင်တော မြို့နယ်က မြို့သူကြီး၊ ပြင်ဖြူ၊ အီတလီယာ စတဲ့ မူဆလင် ရွာ တော်တော် များကို ပိတ်ဆို့ ရှာဖွေ မှုတွေ ပြုလုပ်ခဲ့ တာပါ။ မောင်တောမြို့နယ် မြောက်ပိုင်းက ခြံပြင် အနီးက ဦးရှဉ့်ကျ ရွာမှာတော့ ပစ်ခတ်မှု တွေတောင် ဖြစ်ခဲ့ တယ်လို့ မောင်တော မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးမောင်အုန်း က အတည်ပြု ပြောကြား ပါတယ်။

ခုလို တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ အတွက် မောင်တော မြို့နယ် မြောက်ပိုင်းက လုံခြုံရေး မရှိတဲ့ တိုင်းရင်းသား ကျေးရွာ တွေက အမျိုး သမီး တွေကို လုံခြုံရေး ရှိတဲ့ နေရာ တွေကို ရွှေ့ပြောင်း နေတယ်လို့ ကြိမ်ချောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

လုံခြုံရေး မရှိတဲ့ ကျေးရွာတွေ မှာတော့ အခုလို စိုးရိမ် မှုတွေ ရှိနေကြ ပေမယ့် မောင်တောမြို့ ပေါ်မှာတော့ အခြေ အနေ တည်ငြိမ် နေတယ်လို့ မောင်တောမြို့ ဗဟို ကျောင်း ဆရာတော်ကပြော ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ရွာတွေကို ပိတ်ဆို့ ရှာဖွေ ရာမှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ တပ်အင်အား ဖြည့်ပေးခဲ့သလို လူသေ ဆုံးမှုတွေ၊ လက်နက်တွေလည်း ပြန်လည် ရရှိ မှုတာတွေ ရှိတယ် လို့ သိရပါတယ်။

မောင်တော်မြို့က မွတ်ဆလင် တဉီး ဖြစ်တဲ့ ကိုအီစလန် ကတော့ လုံခြုံရေးတွေ အထူး တင်းကြပ် လာလို့ ဒေသခံတွေ စိုးရိမ် နေကြတယ်လို့ ပြောပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တယ် ဆိုတာကို ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာဘက် ကနေ အကြောင်းကြား လာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှူး ဗိုလ်ချုပ် အာဇိ အာမတ် က ဘီဘီစီ ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကို ဒဏ်ရာနဲ့ လူ ၂ ယောက် ထွက်ပြေး လာတာ ရှိပြီး သူတို့ ၂ ဦးကို ဆေးကုသ ပေးထားကာ မြန်မာ ဘက်က ပြန်လာခေါ်ရင် ခေါ်လို့ ရတယ်လို့ မြန်မာ ဘက်ကို အကြောင်း ကြားထား တယ်လို့ ဗိုလ်ချုပ် အာမတ်က ပြောပါတယ်။

ဒီအတွက် နယ်စပ်မှာ လုံခြုံရေးကို အထူးချထားပြီး မြန်မာ ဘက်က တယောက်မှ ဝင်ရောက် မလာနိုင်အောင် ကင်းလှည့် စောင့်ကြည့် တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

BBC Burmese

ရခိုင်မှာ အစိုးရ တပ်တွေက မွတ်ဆလင် ရွာတွေကို ပိတ်ဆို့ ရှာဖွေ

စစ်ရဟတ်ယာဉ်တွေ သုံးပြီး နယ်မြေ ရှင်းလင်းရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင် မြိုနယ်တွေထဲက နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီး လက်နက်တိုက် အဖောက် ခံခဲရတဲ့ အတွက် အစိုးရ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ တွေ ဟာ နယ်မြေ ရှင်းလင်းရေးတွေ တနင်္လာနေ့က လုပ်ဆောင် ခဲ့တာမှာ မွတ်ဆလင် ရွာတွေ တော်တော်များများကို ပိတ်ဆို့ ရှာဖွေ ခဲ့ ပါတယ်။

မောင်တော မြိုနယ် ထဲက မြို့သူကြီး ဆိုတဲ့ ရွာအနီး မှာတော့ အစိုးရ လုံခြုံရေး အဖွဲ့တွေကို လူ အယောက် ၂ဝ လောက်က လုပ်သေနတ် အပါအဝင် တုတ်၊ ဓား လက်နက် တွေ ကိုင်ပြီး တိုက်ခိုက် လာလို့ ပစ်ခတ် ခဲ့တာမှာ အလောင်း ၄ လောင်း ကျန်ရစ် ခဲ့တယ် ဆိုပြီး အစိုးရပိုင် သတင်းစာမှာ ဖော်ပြ ထားပါတယ်။

တနင်္ဂနွေနေ့ ငါးခူရ စခန်း စီးနင်း ခံခဲ့ ရမှု အတွင်း ပျောက်ဆုံး နေတဲ့ ရဲ အမှုထမ်း တစ်ယောက်ကို ထိခိုက် ဒဏ်ရာ မရှိ ပြန်တွေ့ ခဲ့တယ်လို့ လည်း ဆိုပါတယ်။

မောင်တောနဲ့ ပတ်ဝန်းကျင် နယ်မြေတွေမှာ လုံခြုံရေး အထူး တိုးမြှင့် တင်းကြပ် ထားတယ်လို့ ဒေသခံ လွှတ်တော် အမတ် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း မြန်မာဘက်က ကူးဝင် မလာ နိုင်အောင် သူတို့ နယ်စပ်မှာ လုံခြုံရေး တင်းကြပ် ထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့မှာတော့ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်တဲ့ အစိုးရ အဆင့်မြင့် အရာရှိတွေ ပါဝင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၄ ရက်ကြာ သွားရောက်မယ်လို့ သိရပါတယ်။

အဲဒီ့ အစိုးရ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ဟာ ရခိုင် ပြည်နယ်က ရပ်မိရပ်ဖတွေ၊ အစိုးရ ဝန်ထမ်းနဲ့ မိသားစု တွေကို ဖြစ်ပေါ် နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား သွားမှာ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန် ထားပါတယ်။

တနင်္ဂနွေနေ့ က တိုက်ခိုက်မှုတွေ အတွင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင် ကိုးဦး နဲ့ တိုက်ခိုက်လာသူ အနည်းဆုံး ၁ဝ ဦး သေဆုံးခဲ့ပါတယ်။

BBC Burmese

ပြည်နယ်လုံခြုံရေးကြောင့် ရခိုင်လွှတ်တော်မှာ အရေးတကြီးအဆိုတင်သွင်းဖို့ ပြင်ဆင်

 

ရခိုင်လွှတ်တော် ပုံမှန် အစည်းဝေးပွဲရခိုင်ပြည်နယ် မောင်တောမြို့ လုံခြုံရေးစခန်းသုံးခု အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒေသတွင်းလုံခြုံတည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေးတကြီးအဆိုအဖြစ် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ လက်နက်ကိုင်လုံခြုံရေးတပ်တွေ အသက်ဆုံးရှုံးတဲ့အထိ အကြမ်းဖက်တိုက်ခိုက်ခံရတာကြောင့်၊ ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ထိရောက်တဲ့ လုံခြုံရေးအစီအမံတွေ တိုးမြင့်ဆောင်ရွက်ဖို့ မောင်းတောမြို့ခံနိုင်ငံရေးပါတီတွေနဲ့ ရခိုင်အမျိုးသားအရေးလှုပ်ရှားသူတွေက ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို တောင်းဆိုနေပါတယ်။ စုံစမ်းမေးမြန်းထားတာတွေကို မဆုမွန်က တင်ပြပေးပါမယ် ။

အောက်တိုဘာလ ၉ရက်နေ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းတုန်းက ရခိုင်ပြည်နယ် မောင်တောခရိုင်၊ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှု နယ်မြေအတွင်းက ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရ နယ်မြေစခန်းတွေကို လူအုပ်စုနဲ့ အကြမ်းဖက် စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် ကာကင်း တပ်ဖွဲ့ဝင် အရာရှိ (၁) ဦးအပါအဝင် အခြား အဆင့် (၈) ဦး အပါအဝင် စုစုပေါင်း (၉) ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် အရာရှိ (၁) ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ (၁) ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အခုလို ဒေသတွင်းလုံခြုံရေး တာဝန်ယူထားတဲ့တပ်ဖွဲ့ဝင်တွေကို အင်အားသုံးတိုက်ခိုက်ခဲ့တဲ့အပေါ် ဒေသခံပြည်သူတွေမှာလည်း ထိတ်လန့်နေကြပြီး ဒေသတွင်း လုံခြုံရေးတည်ငြိမ်ရေးအပေါ် စိုးရိမ်မှုတွေရှိနေတဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေဘက်ကမကြာခင်ပြန်စတင်မယ့်ရခိုင်လွှတ်တော်မှာ အရေးတကြီး ဆွေးနွေးတင်ပြသွားဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဘူးသီးတောင်မြို့နယ် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ရခိုင်ပြည်နယ် နယ်စပ်ဒေသတလျှောက်မှာ အရေးကြီးတဲ့ အခြေအနေတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လွှတ်တော်မှာ ဆွေးနွေးသွားမယ်။ လွှတ်တော်မှာ အဆိုတင်ပြီးတော့ လုံခြုံရေးအတွက်ကို ထိထိရောက်ရောက်နဲ့ တရားဥပဒေစိုးမိုးအောင်ဆောင်ရွက်ဖို့အတွက်ကို တင်ပြသွားမယ်ဆိုတာကို ကျနော်စိတ်ကူးထားပါတယ်။”

မောင်တောဒေသခံလည်းဖြစ် မောင်တောမြို့နယ် ANP ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက မောင်တောမြို့တွင်း လက်ရှိလုံခြုံရေးအခြေအနေကို အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ မောင်တောမှာညမထွက်ရအမိန့်ထုတ်ထားတယ်လေ။ ည ၇ နာရီကနေ မနက် ၆ နာရီအထိပါ။ ပြည်သူတွေအနေနဲ့ကတော့ တအား စိုးရိမ်သောကတွေဖြစ်ရပါတယ်။ အခုက မြို့ပေါ်ကိုတော့ မြို့နယ်ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတယ်။ နယ်တွေမှာတော့ ကျနော်တို့ နယ်ခြားစောင့်ရယ် စစ်တပ်နဲ့ လုံခြုံရေးအဆင်သင့်ယူထားတဲ့သဘော ရှိတယ်။ ဒီမောင်တောမြို့မှာက တိုင်းရင်းသာတွေအားလုံးအပါအ၀င် ၅ သောင်းလောက်ရှိတယ်။ ဒီလို ခက်ခဲမှုတွေက နောက်ထပ်လည်းရှိလာနိုင်ပါတယ်။ ဒီထက်ပိုပြီးဆိုးလာမယ့်အနေအထားရှိတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျာ။”

အခုလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသတွင်း လုံခြုံရေးစိုးရိမ်စရာအနေအထားဖြစ်လာလို့ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ပိုပြီးတော့မှ စနစ်တကျ ထိထိရောက်ရောက်အကာအကွယ်ပေးဖို့ကိုလည်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကလည်း ပြောပါတယ်။

“ကျနော်တို့ အစိုးရိမ်ဆုံးအချက်ကတော့ ဘာလဲဆိုတော့ အရပ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်လာမှာကို စိုးရိမ်တယ် ။ အဲဒီအချက်အပေါ်မှာ ကျနော်တို့ အစိုးရအနေနဲ့ တာဝန် ယူမှု တာဝန်ခံမှုရှိအောင်ဖြေရှင်းဆောင်ရွက် ဖို့ လိုတယ်။ နောက်ပြီးတော့ ၂ နိုင်ငံ နယ်စပ် ဖြတ်ကျော်လာတဲ့ ပြဿနာတွေဖြစ်တဲ့အတွက် ဒီကိစ္စကို သံတမန်ရေးအရလည်း ချဉ်းကပ်ပြီးတော့ အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ မြင်တယ်။ နောက်တဘက်မှာလည်း နိုင်ငံတကာကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပြဿနာတွေမကဘူး ဒါဟာ ကျနော်တို့ အရပ်ဘက် ပစ်မှတ်တွေကိုလည်း တိုက်ခိုက်လာနိုင်တဲ့ကိစ္စဖြစ်တယ်။ ကျနော်တို့ ဒေသ တည်ငြိမ်လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ကိစ္စဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို သဘောပေါက်နားလည်အောင် ရှင်းပြထားသင့်တယ်လို့ ကျနော်နားလည်တယ်။”

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သာမက ရခိုင်ဒေသတွင်းက နယ်စပ်လမ်းကြောင်းတွေမှာပါ လုံခြုံရေး တင်းကျပ်ထားပြီး အကြမ်းဖက်တိုက်ခိုက်သူတွေ ယူသွားတဲ့ လက်နက်ခဲယမ်းတွေပြန်လည်ရရှိရေး၊ ပြစ်မှုကျူးလွန်သွားသူတွေကို အမြန်ဆုံး ဖမ်းဆီးရမိ အရေးယူနိုင်ရေး၊ ရခိုင်ပြည်နယ်တွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် တပ်အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်းတွေနဲ့ ရဲလုံခြုံရေးတွေ ပူးပေါင်းပြီးတော့ နယ်မြေ ရှင်းလင်းတာကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ် ရဲချုပ်အပါအဝင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး နဲ့ပြည်သူ့အင်အား၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနဲ့ယဉ်ကျေးမှု အပါအဝင် ဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က သတင်းစာရှင်းလင်းပြီး ပြည်သူကိုပြောဆိုထားပါတယ်။

 မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)