Showing posts with label တိုင်းနှင့်ပြည်နယ်သတင်းများ. Show all posts
Showing posts with label တိုင်းနှင့်ပြည်နယ်သတင်းများ. Show all posts

Thursday, October 13, 2016

မန္တလေး-ပြင်ဦးလွင်လမ်းသစ်စီမံကိန်း ဆိုင်းငံ့ရန် တိုင်းအစိုးရ ဆုံးဖြတ်

 

ပြင်ဦးလွင်မြို့အ၀င်ဆိုင်းဘုတ် (ဓာတ်ပုံ – မြတ်ပြည့်ဖြိုး)

မန္တလေး- ပြင်ဦးလွင် ကားလမ်းသစ်ဖောက်လုပ်ခြင်း စီမံကိန်းကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ကန့်ကွက် ထားသဖြင့် ဆိုင်းငံ့ထားကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

“လမ်းသစ်စီမံကိန်းမှာ သစ်တောမြေတွေနဲ့ အဖိုးတန်သစ်တွေ ပါနေတာရှိတယ်၊ ဝန်ကြီး ဌာန ၂ ခုကလည်း ခေတ္တဆိုင်းငံ့ဖို့ သဘောထား မှတ်ချက်ပြုထားတဲ့အတွက် လမ်းဖောက်မယ့် ကုမ္ပဏီကို တိုင်းအစိုးရအဖွဲ့က ဆိုင်းငံ့ခိုင်းထားပါတယ်” ဟု ၀န်ကြီးဦးဇာနည်အောင်က ပြောသည်။

စီမံကိန်းတွင် ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းဧရိယာ အတွင်း လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စခန်းကြီး သစ်တောကြိုးဝိုင်းနှင့် တောင်ကျွန်း သစ်တောကြိုးဝိုင်း အတွင်းက တမလန်းနှင့် အခြားသစ်မာပင် စုစုပေါင်း ၇၀၀၀၀ ကျော်ကို ခုတ်လှဲ ပစ်ရမည်ဖြစ်သောကြောင့် ယင်းစီမံကိန်းနှင့် ပတ်သက်၍ သုံးသပ်ချက်များကို လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မေလလယ်ပိုင်းက တင်ပြခဲ့ရာ ဝန်ကြီးဌာန ၂ ခုက ခေတ္တဆိုင်းငံ့ရန် သဘောထားမှတ်ချက်ကို စက်တင်ဘာ လကုန်ပိုင်းတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လမ်းသစ်ဖောက်လုပ်ရာတွင်လည်း ဆောက်လုပ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ လမ်းဦးစီးဌာန၏ ခွင့်ပြုချက် တစုံတရာမရဘဲ ဖောက်လုပ်ခွင့်မရှိသဖြင့် ဌာနက ဆိုင်းငံ့ထားကြောင်း သိရသည်။

မန္တလေး-ပြင်ဦးလွင်လမ်းသစ် စီမံကိန်း မစတင်မီ ၂၀၁၆ နှစ်ဆန်းပိုင်းက စီမံကိန်းတွင် ပါဝင်သည့် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ လယ်မြေဧကများကို အပြိုင်အဆိုင်ဝယ်ယူမှုများ ရှိခဲ့ရာ တဧကလျှင် ကျပ်သိန်း ထောင်ဂဏန်းအထိ ဈေးရှိခဲ့သော်လည်း စီမံကိန်း ရပ်ထားရမည့် အခြေအနေကြောင့် လတ်တလောတွင် ၀ယ်လက် မရှိသလောက် ဖြစ်သွားကြောင်း ရွှေမန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းအောင်က ပြောသည်။

အဆိုပါ လမ်းစီမံကိန်းကို၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက တိုင်းအစိုးရအဖွဲ့ဟောင်းက AXION ကုမ္ပဏီအား BOT စနစ်ချထားပေးခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီက လမ်းဖောက်လုပ်ခြင်းလုပ်ငန်းအတွက် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှုပြုလုပ်မည်ဖြစ်ကြောင်း BOT စာချုပ်အရ သိရသည်။

BOT စာချုပ်အရ ကုမ္ပဏီက လမ်းအသုံးပြုခများ ကောက်ခံသွားမည်ဖြစ်ပြီး လုပ်ငန်းစတင်သည့်ပထမနှစ်မှ ၅ နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ရာ လုပ်ပိုင်ခွင့်သက်တမ်းမှာ နှစ် ၆၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။

“တိုင်းအတွက် ဘာတွေအကျိုးရနိုင်မလဲ၊ နစ်နာမှုရှိမလဲဆိုတာတွေ ပြန်သုံးသပ်ပါမယ်။ ဒီလမ်းဖောက် လိုက်ရင် Traffic အတွက်ကတော့ ပြေလည်မှုရသွားမှာ မှန်ပေမယ့် ဒေသစီးပွားရေး ဖွံ့ဖြိုးဖို့ဆိုတာ အဲဒီ လမ်းအနီးအနားမှာ လူနေအိမ်ခြေတောင် သိပ်မရှိပါဘူး၊ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က နောင်မှာ ဒီလမ်းကို အမှီပြုပြီး မြို့တည်မယ့်သဘောမျိုးရှိတယ်” ဟု ၀န်ကြီး ဦးဇာနည်အောင်က ပြောသည်။

စီမံကိန်းကို ဆိုင်းငံ့ထားစေသည့် ၀န်ကြီး ဌာန၂ ခု၏ သဘာထား မှတ်ချက်များ အပေါ် လုပ်ပိုင်ခွင့်ရကုမ္ပဏီနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

“ဒီနှစ်ဆန်းပိုင်းလောက်က မေမြို့လမ်းသစ်ဖောက်မယ့် နေရာက လယ်မြေတွေက ဈေးမရှိတဲ့ အခြေအနေကနေ တကွက်ကို သိန်းထောင်ချီဖြစ်သွားတယ်။ စီမံကိန်းရှိတဲ့ နေရာမှာ ကြိုပြီးလာဝယ် ကြတာလေ။ တကွက်ချင်း ၀ယ်တဲ့သူတွေရှိသလို ဧက ရာချီဝယ်ထားတာတွေလည်းရှိတယ်” ဟု ဦးနေလင်းအောင်က ပြောသည်။

မန္တလေး-ပြင်ဦးလွင်ကားလမ်းသည် တရုတ်ပြည် နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့ အထိ ဆက်စပ်နေသည့် ကုန်စည်ပို့ဆောင်ရေး လမ်းပိုင်း၏ တစိတ်တဒေသဖြစ်ရာ ခရီးသွားရာသီနှင့် အသွားအလာများသည့် ကာလများတွင် အပန်းဖြေ လာသည့်ယာဉ်များ၊ ကုန်စည်ပို့သည့် တွဲကားများနှင့် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိသည့် လမ်းကြောလည်း ဖြစ်သည်။

Friday, October 7, 2016

  မြိတ်မြို့၌ တရုတ်နိုင်ငံသား အလုပ်ရှင်မှ အလုပ်သမား အမျိုးသမီးငယ်များအား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်သည့် အတွက် ဖမ်းဆီးအရေးယူ



မြိတ်မြို့၌ ကြိမ်သီး ပုတီးစေ့ လုပ်ငန်း လုပ်ကိုင်သည့် အလုပ်ရုံပိုင်ရှင် တရုတ်နိုင်ငံသား မှ အလုပ်သမား အမျိုးသမီးငယ်များအား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်ခြင်း၊ ညစ်ညမ်းပုံများ ပြသခြင်းတို့ ပြုလုပ်ခဲ့သဖြင့် တရုတ်နိုင်ငံသားအား အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ (၉)နာရီကျော်ခန့် အချိန်တွင် ကလွင်ရေပုန်းရပ် တက္ကသိုလ် ရိပ်သာ(၄)လမ်းရှိ ကြိမ်သီးပုတီးစေ့ အလုပ်ရုံမှ အလုပ်ရှင် တရုတ်နိုင်ငံသား zhawg Quan (ခ) တာကွန်း အသက်(၃၄)နှစ်မှ အလုပ်သမား ဖြစ်သူ မထက်ထက် အသက်(၁၈)နှစ် (ဘ) ဦးကျော်ကျော်အား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုမူခဲ့ကြောင်း ကလွင် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောကိတိုင်တန်းသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး ၀င်းဇော်ဦးတို့မှ စစ်ဆေးခဲ့သည်။

စစ်ဆေးချက်များအရ အလုပ်ရှင် တရုတ် နိုင်ငံသား zhawg Quan (ခ) တာကွန်းသည် မထက်ထက်မှ ကြိမ်သီး ရေဆေးနေစဉ် နောက်ဖက်မှ နေပြီး ရင်သားအားကိုင်ခြင်း၊ တင်ပါးအား ကိုင်ခြင်းတို့ပြုလုပ်သည့် အပြင် အခြား အလုပ်သမား အမျိုးသမီး ၄ ဦးကိုလည်း ၄င်း၏ ဖုန်းထဲမှ အမျိုးသား အမျိုးသမီးများ၏ ညစ်ညမ်းပုံများ ပြသခဲ့မှုအပေါ် မထက်ထက်က တိုင်ကြားခဲ့မှုကြောင့် မြိတ်မြို့မ ရဲစခန်းမှ (ပ) ၁၇၈၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၅၄/၂၉၂-က ဖြင့် အမှုဖွင့်ကာ ရဲအုပ်ဝင်းမြင့်ထွန်းမှ အမှုစစ် အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် အဆိုပါ တရုတ်နိုင်ငံသား zhawg Quan (ခ) တာကွန်းသည် လုပ်ငန်းဗီဇာဖြင့် လာသော်လည်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် မရှိဘဲ လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာ ဌာနသို့ သတင်းပို့ရန် ပျက်ကွက်ခြင်းကြောင့် လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁) အရပါ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

မြိတ်ပုလဲမြေ

Wednesday, September 28, 2016

တောင်ကြီးတန်ဆောင်တိုင်တွင် ပြိုင်ပွဲဝင်မည့် မီးပုံးပျံစာရင်း စတင်ကောက်ခံမည်


၂၀၁၅ တောင်ကြီးမြို့မီးပုံးပျံပွဲတွင် လွှတ်တင်ရန်ပြင်ဆင်နေသော မီးပုံးပျံတစ်လုံးကို တွေ့ရစဉ်(ဓာတ်ပုံ−ဂျွန်ချစ်ငြိမ်း)

 တောင်ကြီးတန် ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲ ဝင်မီးပုံးပျံအဖွဲ့ဝင်စာရင်း စတင် ကောက်ခံမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ် ရိုးရာမီးပုံးပျံပညာရှင် များအသင်းမှ သတင်းရရှိသည်။

 ပြိုင်ပွဲဝင်မည့်သူများသည် အောက်တိုဘာ ၄ ရက်မှ ၂၀ ရက် အထိ ကန်ရှေ့ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးသို့ လာရောက်စာရင်း ပေးသွင်းနိုင်ကြောင်း ရှမ်းပြည် နယ် မီးပုံးပျံပညာရှင်များအသင်း က သတင်းထုတ်ပြန်ထားသည်။

ပြိုင်ပွဲဝင် မီးပုံးပျံအမျိုးအ စားများဖြစ်သည့် ညမီးကြီး၊ စိန် နားပန်၊ အရုပ်ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အရုပ်အုပ်စုအဖွဲ့များအား အောက်တိုဘာ ၂၃ ရက်တွင် ယှဉ်ပြိုင်ရမည့်နေ့ရက်ကို ကန်ရှေ့အုပ်ချုပ်ရေးမှူးရုံး၌ မဲနှိုက်ပေးမည်ဟု ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အခုက မီးပုံးပျံကိုယ်ထည် ပိုင်းတွေ စလုပ်နေပါတယ်။ ဒီဇိုင်း ရေးတာတွေ၊ ဆေးပန်းချီဆွဲတာ တွေ လုပ်နေတယ်။ ယမ်းပိုင်းက တော့ နောက်လထဲလောက် စတင်လုပ်ဆောင်တော့မယ်’’ဟု ညမီး ကြီး မီးပုံးပျံပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် ရွှေတောင်ရိုး မီးပုံးပျံအဖွဲ့မှ ဦးခင်မောင်ဝင်းက ပြောသည်။

တောင်ကြီးမြို့ တန်ဆောင် တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင် ဘာ ၆ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေး ကော် မတီက သတင်းထုတ်ပြန်ထား သည်။ ယခုနှစ်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ် အစိုးရသစ်လက် ထက်တွင် ပထမဆုံးအကြိမ် တာဝန်ယူကျင်းပမည့် ပွဲတော် လည်း ဖြစ်သည်။

Friday, September 23, 2016

မန္တလေးတွင် လေလွင့်ကလေးပပျောက်ရေး အောက်တိုဘာလမှ စတင်လုပ်ဆောင်မည်


 


မန္တလေးတွင် လမ်းပေါ်နေကလေးများက လမ်းဆုံများတွင် တောင်းရမ်းမှုများ လုပ်ဆောင်နေသဖြင့် ယင်းကလေးငယ်များအား ထိန်းသိမ်းပြီးနောက်ကွယ်မှ ကြိုးကိုင်နေသူများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့တော်စည်ပင်သန့်ရှင်းရေးဌာနမှ ဦးစိုးတင့်အောင်က ပြောသည်။

''ရပ်ကွက်တွေက အပိုင်းလိုက် ပူးပေါင်းပါဝင်ပြီး သတင်းပေးဖို့ လိုပါတယ်။ မြို့တော်စည်ပင်အနေနဲ့ ကလေးငယ်များကိုထိန်းသိမ်းပြီး လူမှုဝန်ထမ်းဦးစီးဌာနကို ပို့ပေးမယ်။ နောက်ကွယ်ကကြိုးကိုင်သူတွေကို ဖော်ထုတ်ရာမှာ မြို့နေလူထုနဲ့ ရဲတပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင်ကြရမှာ ပါ''ဟု ၎င်းက ပြောသည်။

''ကလေးတွေကို စေတနာနဲ့ အလှူငွေပေးလိုက်တော့ ဒီငွေနဲ့ကော်ရှူကြတယ်။ အလုပ်လုပ်ချင်စိတ်ပျောက် သွားရင်သူတို့ကိုချစ်ရာမရောက်ဘဲ နှစ်ရာရောက်တယ်။ ပေးကမ်းစွန့်ကြဲတာတွေ မလုပ်ဘဲကလေးတွေ
နဲ့ရင်းနှီးအောင်လုပ်ပြီး ခိုင်းစေတဲ့သူတွေကို အမိအရ ဖမ်းဆီး အရေးယူဖို့လိုပါတယ်''ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ပြောသည်။

ယင်းကဲ့သို့ဆောင်ရွက်ရန် မန္တလေး ၆ မြို့နယ်တွင် အများဆုံးတောင်းရမ်း စုဝေးတတ်သည့်နေရာများတွင် ကလေးငယ်များအား ခိုင်းစေသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များနှင့် ပညာပေးစာသားများရေးသား
ဖော်ပြထားသည့် ဗီနိုင်းများချိတ်ဆွဲခြင်း၊ MobileTeam အဖွဲ့များဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အကူအညီဖြင့် ကလေးမိဘများနှင့် တွေ့ဆုံအသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

''အဲဒီကလေးတွေကို စည်ပင်သန့်ရှင်းရေးဌာနက ထိန်းသိမ်းခေါ်ဆောင်လာပြီး လူမှုဝန်ထမ်းကျောင်း အသီးသီးကို ပို့ပေးမယ်။ ကလေးတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံပြီး အမျိုးသမီးရေးရာ၊ မိခင်နဲ့ ကလေးစောင့်ရှောက် ရေးအဖွဲ့များက ပညာပေးဆွေးနွေးမှုတွေလုပ်မှာပါ''ဟု ယင်းဌာနတိုင်းဒေသကြီးဦးစီးမှူးဦးကျော်ဝင်းက ပြောသည်။

မန္တလေးမြို့တွင် ဘူတာကြီး၊ ၂၆ လမ်းနှင့် လမ်း ၈၀ ထောင့်၊ ၂၆-လမ်း ထ ၆၆ ထောင့်၊ ၃၅-လမ်း × လမ်း ၈၀၊ ၂၆-လမ်း × လမ်း ၈၀ တို့တွင် လမ်းပေါ်နေ ကလေးများကို အများအားဖြင့် တွေ့ရှိရကြောင်း၊ World Vision က ၂၀၁၃ မှ ၂၀၁၆ ထိကောက်ယူခဲ့သည့် စာရင်းများအရ သုံးနှစ်အတွင်း လမ်းပေါ် နေကလေး ၅၇ ယောက်ကို ထိန်းသိမ်းခဲ့ပြီး ၂၂ ယောက်အား ကျောင်းပညာသင်ကြားပေးခဲ့ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဒလ-ရန်ကုန် တံတား ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ် အပြီးတည်ဆောက်မယ်လို့ ၀န်ကြီးဌာန သတင်းထုတ်ပြန်

ဒလ-ရန်ကုန်တံတား တည်ဆောက်ရေးစီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ထဲမှာ အပြီး တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာက တဆင့် သတင်းထုတ် ပြန်လိုက်တာပါ။ ၁၉၀၀ မီတာနီးပါး အရှည်ရှိတဲ့ အဲ့ဒီတံတားစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF ချေးငွေနဲ့ မြန်မာအစိုးရ ထည့်ဝင်ငွေတို့နဲ့ တည်ဆောက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီ တံကားကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ် တည်ဆောက်ဖို့ ရှိနေတာဖြစ်ပါတယ်ရှင်။MCM

Tuesday, August 30, 2016

တိုင်းဧရာအတွင်း စက်တင်ဘာ(၁)ရက်နေ့မှ စတင်၍ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးမည်



Posted: August 30, 2016

ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုံးပြုနေကြသော လိုင်စင်မဲ့ မော်တော်ကားနှင့် ဆိုင်ကယ် အားလုံးကို စက်တင်ဘာ(၁) ရက်နေ့မှ စတင်ကာ စီမံချက်ချမှတ်၍ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

 

မည်သည့်အဖွဲ့အစည်း၊ မည်သူပိုင်သည့် လိုင်စင်ကားကိုမဆို ဖမ်းဆီးသွားမည်ဖြစ်ပြီး တပ်မတော်နှင့် ဌာနဆိုင်ရာအားလုံးမှ ကားများသည် အထက်အဆင့်ဆင့်သို့ အကြောင်းကြား စာရင်းပြုစုခိုင်းထားကြောင်း သိရသည်။

 

လူနာတင်ကားများအား လာရောက် အကြောင်းကြားစေကာ သံဃာတော်များ စီးနင်းနေသော ကားများကို သာသနာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

“ဖမ်းဆီးတဲ့အခါမှာ ဘယ်သူကိုမဆို မေတ္တာရပ်ခံ ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးမှာပါ။ ရာထူးသြဇာကြီးတဲ့ သူတွေ စီးလာတဲ့ ကားဆိုရင်လည်း ဒီတိုင်းပါပဲ။ စစ်ဆေးတာ မနာခံတာ ရှိကောင်းရှိနိုင်ပါတယ်။ မောင်းသွားမယ် ဆိုရင်တော့ သူ့ဌာန အကြီးအကဲကို သတင်းပို့ပါမယ်။ တိုင်းဒေသကြီး အကြီးအကဲဖြစ်တဲ့ ၀န်ကြီးချုပ်ဆီလဲ သတင်းပို့မယ်။ ကျွန်တော်တို့ တာဝန်ဝတ္တရား ဆောင်ရွက်တာကိုတော့ အနှောင့်အယှက် အဟန့်အတား မခံပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောသည်။

 

ဖမ်းဆီးသည့်အဖွဲ့တွင် ဌာနဆိုင်ရာအဖွဲ့ပေါင်း ၁၄ ခု အနည်းဆုံး ပါဝင်မည်ဖြစ်ပြီး စီမံချက်ကို စက်တင်ဘာလနှင့် အောက်တိုဘာလဟု သတ်မှတ်ထားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာမောင်းနှင်သည့် အနေအထား ရောက်သည့်အခါတွင် စစ်ဆေးတော့မည်မဟုတ်ကြောင်း သိရသည်။

 

စက်တင်ဘာလအတွင်း ဖမ်းဆီးမိသည့် လိုင်စင်မဲ့ကားများကို အပ်နှံစေပြီး ပိုင်ရှင်အား ပညာပေးကာ ပြန်လွှတ်မည်ဖြစ်ကြောင်း သိရသည်။

 

သို့သော် အောက်တိုဘာလအတွင်း ဖမ်းမိသည့် လိုင်စင်မဲ့ကားများကို အပ်နှံစေသည့်အပြင် ပိုင်ရှင်ကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်သည်။

 

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ဖမ်းမိပါက သက်ဆိုင်ရာ တရားရုံးတွင် ဒါဏ်ကြေးပေး ဆောင်စေကာ ကုန်းလမ်းညွန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထားသော နှုန်းအတိုင်းဖြင့် လိုင်စင်ဝင်စေပြီး အဆိုပါနှုန်းထားအား မတတ်နိုင်ပါက ဆိုင်ကယ်ကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

“အရေးပေါ် လူနာတင်ယာဉ်တွေအဖြစ် ပုသိမ်က လူမှုအဖွဲ့အတော်တော်များများမှာ လိုင်စင်မဲ့ကားတွေ ရှိကြတယ်။ ဒေသခံတွေ ကျန်းမာရေးအတွက် စိတ်အေးအေးလေးထားပြီး အကောင်းဆုံးဖြစ်အောင် အောက်ခြေအထိ ဘာအခက်အခဲတွေ ဖြစ်ပေါ်လာနိုင်မလဲဆိုတာ ဆင်းစစ်ပြီး ဆုံးဖြတ်စေချင်ပါတယ်” ဟု ပုသိမ်မြို့ စေတနာမွန်လူမှုကူညီရေးအဖွဲ့ ခေါင်းဆောင် ကိုဝင်းနိုင်က ပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း လိုင်စင်ရှိ ဆိုင်ကယ်စီးရေ ၁၃၃၀၀၀ ကျော်နှင့် လိုင်စင်ရှိ ကားအစီးရေ ၁၃၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

 

၂၀၁၆ ခုနှစ်အတွင်း သြဂုတ်လ အထိ စာရင်းများအရ လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးမှု ၉၂ မှုတွင် ကား ၁၉ စီးအထိ သိမ်းထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

 

MMK

The Ladies News