Wednesday, November 30, 2016

တယ်လီနောမြန်မာ စီအီးအို Mr.Lars Erik Tellmann နှင့် တွေ့ဆုံခြင်း


‘‘ မြန်မာနိုင်ငံထဲက ရရှိတဲ့ ငွေကြေးတစ်ပြားတစ်ချပ်ကိုမှ အပြင်ကို ထုတ်သွားတာ မရှိခဲ့ပါဘူး။ ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာပါ ’’

By

မြင့်ကျော်လှိုင်

လီနောမြန်မာ၏ စီအီး အိုရာထူးသည် မကြာသေးခင်က လူအပြောင်းအလဲဖြစ်ခဲ့သည်။ စီအီးအိုအသစ်လက်ထက်တွင် စိန်ခေါ်မှုအချို့ ကြုံတွေ့နေရသည်။ အဆိုပါစိန်ခေါ်မှုသည် နယ်စွန် နယ်ဖျားကျေးလက်ဒေသများအထိ ကွန်ရက်ဖြန့်ကြက်ရန်ဖြစ်သည်။ ပထ၀ီအနေအထား၊ တိုင်းရင်းသားမျိုးနွယ်စု၊ လက်နက်ကိုင်နယ်မြေစသည်ဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ တယ်လီနောမြန်မာ၏ အခက်အခဲများ၊ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စီအီးအို Mr. Lars ErikTellmannn နှင့် တွေ့ဆုံမေးမြန်းထားသည်များကို 7 Day Newsဂျာနယ်က ပြန်လည်ဖော်ပြလိုက်ပါသည်။

တယ်လီနောမြန်မာမှာ စီအီးအိုအနေနဲ့ တာဝန်ယူတာ အခုဆိုရင် လေးလရှိပြီ။ ဒီကာလအတွင်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသလဲ။

ဒီကလုပ်ငန်းတွေနဲ့က ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေတော့ အခက်အခဲတော့ မရှိခဲ့ပါဘူး။ အခု ဆိုရင် နံပါတ် (၁)အော်ပရေတာ ဖြစ်ဖို့က နီးလာပြီ။ အကောင်းဆုံး ကွန်ရက်ဖြစ်အောင်တော့ ဦးစားပေးလုပ်နေပါတယ်။ ဒါကိုစိန်ခေါ်မှုအနေနဲ့ လုပ်ဆောင်နေပါတယ်။ နယ်စွန်နယ်ဖျားတွေကို ကွန်ရက်လွှမ်းခြုံနိုင်ဖို့ကတော့ စိန်ခေါ်မှုတစ်ခုအနေနဲ့ ရှိနေပါတယ်။

တယ်လီနောရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရှိပြီးတော့ သုံးနှစ်အတွင်းမှာ အရင်းကျေလိမ့်မယ်လို့ ပထမစီအီးအိုက ပြောဖူးတယ်။ အခုသက်တမ်း ၂ နှစ်ကျော်ပြီဆိုတော့ တယ်လီနောရဲ့ အကျိုးအမြတ်အခြေအနေ ဘယ်လိုရှိပါလဲ။

မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံထားတာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိပါတယ်။ ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့တွေရှိတယ်။ မကြာခင်က ထွက်တဲ့ တတိယသုံးလပတ် အစီရင်ခံစာထဲမှာဆိုရင် ငွေကြေးအရ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံထဲက ရရှိတဲ့ ငွေကြေးတစ်ပြားတစ်ချပ်ကိုမှ အပြင်ကို ထုတ်သွားတာ မရှိခဲ့ပါဘူး။ ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာပါ။ ဒါကတော့ ကွန်ရက်တွေရယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ရယ် ဖြစ်ပါတယ်။ အခွန်ပိုင်းမှာဆိုရင်လည်း အခုချိန်ထိ အစိုးရဆီကို ကျပ်ငွေ ၈၀ ဘီလီယံအထိ ပေးဆောင်ထားပါတယ်။

အော်ပရေတာတွေအနေနဲ့ လူနေထူထပ်တဲ့နေရာတွေမှာပဲ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုပြီးတော့ နယ်စွန်နယ်ဖျားဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်လိုပါသလဲ။

ရည်မှန်းချက်က လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ငါးနှစ်အတွင်း ကွန်ရက်လွှမ်းခြုံနိုင်ဖို့ပါ။ အခုဆိုရင် ၈၆ ရာခိုင်နှုန်းဖြစ်နေပြီ။ ထိုင်းလို နိုင်ငံမျိုးမှာတောင် ဒီလိုအခြေအနေမျိုးရောက်ဖို့ နှစ်အများကြီးလုပ်ရတာပါ။ အစိုးရကို ပေးထားတဲ့ ငါးနှစ်အတွင်း ဆောင်ရွက်မယ်ဆိုတဲ့ ကတိတွေကို ပြန်ကြည့်ရင် သုံးနှစ်နဲ့ ပြည့်လုနီးပါး ဖြစ်နေတဲ့ အခြေအနေပါ။ ကျန်တဲ့ ဒေသတွေကို ချဲ့ထွင်ဖို့ဆိုတာလည်း လုံခြုံရေးဆိုင်ရာကိစ္စလေး တွေရှိသေးတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း ကွန်ရက်ကို ဆက်လက်ချဲ့ထွင်နေပါတယ်။ ကွန်ရက်က အလျင်အမြန်ကြီးထွားနေတယ်။ တိုင်းနဲ့ ပြည်နယ်အကုန်လုံးဆီကို ကွန်ရက်ရောက်တယ်။ သုံးစွဲသူအနေနဲ့ ၁၈ သန်းရှိတယ်။ တာဝါကလည်း ၆၈၀၀ ကျော်ရှိနေပြီ။ ကတိက၀တ်ကို ပြည့်အောင် ဆက်လုပ်သွားမှာပါ။

နယ်စွန်နယ်ဖျားတွေအထိ ကွန် ရက်ချဲ့ထွင်ဖို့ဆိုရင် လက်နက်ကိုင်တွေရှိတဲ့ ဒေသတွေကို ထည့်သွင်းစဉ်းစားရတော့မယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရနဲ့ ညှိနှိုင်းထားတာတွေ၊ ကိုယ်တိုင်ဖြေရှင်းဖို့ စဉ်းစားထားတာတွေ ဘာများရှိပါလဲ။

မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ မစခင်ကတည်းက ဒီလိုမျိုးအခက်အခဲတွေရှိမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းရေးမှူးတွေကို ခန့်အပ်ခဲ့တယ်။ သူတို့တွေက လုပ်ကိုင်နေတဲ့ အလုပ်တွေကို နားလည်အောင် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပေးတယ်။ ၀န်ထမ်းတွေရဲ့ လုံခြုံရေးတွေ၊ တယ်လီနောရဲ့ လုပ်ကိုင်ဆောင်ရွက်မယ့် ကိစ္စရပ်တွေ ညှိနှိုင်းပေးပါတယ်။ ပြည်သူတွေကို ဆက်သွယ်ရေးဝန်ဆောင် မှုပေးဖို့ဆိုပေမယ့်လည်း ဒီလိုနေရာတွေမှာ လုပ်ဆောင်ရတာလွယ်တော့ မလွယ်ကူပါဘူး။ ဆက်သွယ်ရေးကွန်ရက်အသုံးပြုဖို့အတွက်က ၃၀ ရာခိုင်နှုန်းသော လူ တွေက အဲဒီဒေသတွေမှာရှိနေ တယ်။ ပြီးတော့ ဒီဒေသတွေမှာ တရုတ်၊ ထိုင်းစတဲ့ နိုင်ငံတွေကလာတဲ့ ဖိုက်ဘာလမ်းကြောင်းတွေ ရှိနေတယ်။ ဒါကြောင့် ဒီဒေသတွေဟာ အော်ပရေတာအတွက် အရေးပါနေတယ်။

တယ်လီနောစတင်ဝင်လာတဲ့ အချိန်တုန်းက ဘာအခက်ခဲဆုံးလဲလို့ မေးရင် မြေနေရာရရှိဖို့က အခက်ခဲဆုံးလို့ ဖြေတယ်။ အခုဒီ မေးခွန်းကို ထပ်မေးမယ်ဆိုရင် ဘယ်လိုဖြေမလဲ။

မြေကိစ္စကို အလွန်ခက်ခဲမယ့် ကိစ္စဖြစ်မယ်လို့ ယူဆခဲ့ပေမယ့် လက်တွေ့မှာတော့ ထင်သလောက်မဟုတ်တော့ပါဘူး။ တိကျသေချာတဲ့ စနစ်နဲ့ ဆောင်ရွက်ဖြေရှင်းနိုင်နေတဲ့အတွက် ဒါတွေက လျော့ပါးလာပါတယ်။

Mobile Money ၀န်ဆောင်မှုကလည်း လုပ်ငန်းစတင်နေပြီ။ ဒီတော့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကလည်း အရေးပါလာပြီ။ တယ်လီနောမှာ ဆင်းမ်ကတ်ကိုမှတ်ပုံတင်အသုံးပြုတဲ့လူအရေအတွက် ဘယ်လောက်များရှိပါလဲ။

အသုံးပြုသူတွေ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ဖို့ နည်းလမ်းမှန်သမျှကို ကြိုးစားပြီးတော့ လုပ်ကိုင်နေတယ်။ အစိုးရက ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ ကြေညာချက်ထုတ်ထားတာကိုလည်း ကြိုဆိုတယ်။ မှတ်ပုံတင်တဲ့နေရာမှာ အရင်က မှားယွင်းပြီးတော့ မှတ်ပုံတင်ထားတာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို ပြန်ပြီးတော့ နာမည်ပြောင်းလို့ရတယ်။ ဒီလိုမျိုးမှတ်ပုံတင်ဖို့အတွက် အချိန်နှစ်မိနစ်လောက်ပဲကြာတာပါ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းက မိုဘိုင်းပေါ်က ငွေကြေးလုပ်ငန်းတွေ၊ ရာဇ၀တ်မှုတွေအတွက် အသုံးဝင်တယ်လို့ သိရတယ်။ ထပ်ပြီးတော့ ဘာများအသုံးဝင်နိုင်ပါသေးလဲ။

ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားရင် ကိုယ့်ကိုကိုယ်စားပြု စေပါတယ်။ E-Government လုပ်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ၊ သက်သေခံမှုတွေအတွက် အသုံးဝင်လာမှာပါ။ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ ရယူတဲ့ အခါမှာလည်း ပိုပြီးတော့အကျိုရှိလာစေမှာပါ။

အသုံးပြုသူရဲ့ အချက်အလက်တွေကို အစိုးရက တောင်းခံလို့ ထုတ်ပေးခဲ့ဖူးတာတွေရှိတယ်နော်။ အခုကော အသုံးပြုသူအချက်အလက်ထုတ်ပေးမှုအပိုင်းမှာ ဘယ်လိုရှိပါသလဲ။

ဥပဒေကလည်း တိတိကျကျ မရှိသေးတဲ့အခါမှာ လုပ်ငန်းစဉ်တစ်ခုကို တိတိကျကျချမှတ်ထားရပါတယ်။ ဘယ်လိုအချက်အလက်ကို အစိုးရဆီထုတ်ပေးမလဲဆိုတာကိုပေါ့နော်။ ၂ နှစ်အတွင်းမှာ အစိုးရက ၈၄ ခုတောင်းခံခဲ့ပါတယ်။ အဲဒီထဲက ၁၃ ခုရဲ့အချက် အလက်ကိုတော့ ထုတ်ပေးခဲ့ပါတယ်။ ဘယ်လိုကိစ္စတွေမှာ လုပ်ပေးခဲ့တာလဲဆိုတော့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အကြမ်းဖက်မှုတို့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ထုတ်ပေးခဲ့တာပါ။ တချို့နိုင်ငံတွေ မှာလို ကွန်ရက်ကို ပိတ်လိုက်ပါဆိုတဲ့ တောင်းဆိုမှုမျိုးတော့ မရှိဘူး။ ကြားဖြတ်နားထောင်တာတွေလည်း မရှိပါဘူး။ ဥရောပကောင်စီအကူအညီနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနကလည်း ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာ ဥပဒေရေးဆွဲ ရေးအတွက် ဆောင်ရွက်နေတာတွေရှိပါတယ်။ ဥပဒေထွက်လာရင်တော့ ဆောင်ရွက်ရတာ ပိုအဆင်ပြေလာမှာပါ။

လက်ရှိတယ်လီနောပိုင်တဲ့ Band-width ပမာဏက ဘယ်လောက်ရှိပါလဲ။

တရုတ်၊ ထိုင်းကနေပြီးတော့ ဖိုက်ဘာချိတ်ထားတယ်။ အိန္ဒိယဘက်ကနေပြီးတော့ ချိတ်ဖို့လည်း ရှိနေတယ်။ ထိုင်းဘက်ကနေပြီးတော့ ထပ်ပြီးချိတ်ဖို့လည်းရှိနေတယ်။ ပွိုင့်တွေအများကြီးဖြစ်အောင် လုပ်ရတာက ပြတ်တောက်သွားရင် အစားထိုးလို့ရအောင်ပါ။ ဒီအတွက် ပမာဏကို သတ်မှတ်မထားဘူး။ လိုသလောက်ကို သုံးလို့ရတယ်။ ဝေးလံတဲ့နေရာတွေမှာတော့ ဂြိုဟ်တုသုံးထားတာရှိတယ်။ အဲဒီနေရာတွေမှာလည်း ဖိုက်ဘာရအောင် ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။

အင်တာဗျူးကတစ်ဆင့် အသုံးပြု သူတွေကို ဘာများပြောချင်ပါလဲ။

တယ်လီနောအနေနဲ့ ပေးထားတဲ့ ကတိက၀တ်တွေကို ပြည့်မီကျော်လွန်နိုင်အောင် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံရဲ့ အကောင်းဆုံးကွန်ရက်ဖြစ်အောင်လည်း ဦးစားပေးလုပ်ဆောင်နေပါတယ်။ သုံးစွဲသူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကိုလည်း ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

No comments: