Saturday, November 26, 2016

မဟာမိတ် တပ် ထိန်းချုပ်သော မုံးကို ကို လေကြောင်းမှ အပြင်းထန် တိုက်ခိုက်


 

 လေကြောင်းမှ အပြင်းထန် တိုက်ခိုက် ခံရတဲ့ မဟာမိတ် တပ်ပေါင်းစု ထိန်းချုပ်ထားသည်ဟု ယူဆရတဲ့ မုံးကိုမြို့မြန်မာ အစိုးရတပ် လေကြောင်းမှ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) မှ ထိန်းချုပ်ထား သည်ဟု ယူဆရသော မုံးကိုမြို့ ကို ယနေ့ ဂျက်တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များဖြင့် ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ဂျက်တိုက်လေယာဉ် ၂စင်းဖြင့် အနည်းဆုံး ၁၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဉ် ၂စင်း နှစ်လည်း အနည်းဆုံး ၂ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု မုံးကိုဒေသရှိ ကချင် သတင်း ဌာန KNG သတင်း ထောက်က ဆိုပါသည်။

ယမန်နေ့ထိ အစိုးရတပ် လေကြောင်း တိုက်ခိုက်မှုသည် မုံးကို မြို့ပြင်ကို အဓိက ပစ်မှတ် ထားရာမှ ယနေ့ မြို့အတွင်းပါ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်း မဟာမိတ် တပ်ပေါင်းစုမှ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ ထိပ်တန်း အရာရှိ တဦး ပြောပါသည်။

မြန်မာ အစိုးရတပ်၏ ယခု လေကြောင်း တိုက်ခိုက် မှုသည် တိုက်ပွဲ ဖြစ်ပွားနေသည့် ၇ ရက်အတွင်း အကြိမ် အများဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်သည်။

ကချင် (KIA)၊ ပလောင် (တအောင်း) TNLA၊ ကိုးကန့် (MNDAA) နှင့် ရခိုင် (AA) စသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ ၄ ဖွဲ့ ပါဝင်သည့် Northern Alliance (Burma) တပ်ပေါင်းစု နှင့် မြန်မာ အစိုးရတပ်ကြား ရှမ်းပြည်မြောက်ပိုင်းမှာ နိုဝင်ဘာ ၂၀ ရက်နေ့မှ တိုက်ပွဲ ဖြစ်ပွားလာခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် ပန်ဆိုင်း (ကြူကုတ်)မြို့နှင့် မုံးကိုမြို့မှ အစိုးရ ၀န်ထမ်းများအပါဝင် စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော်သည် တရုတ်ဘက်ခြမ်း ခိုလှုံနေပါသည်။ လက်ရှိ ဒုက္ခသည်များကို တရုတ် အစိုးရမှ အကူညီ ပေးနေပါသည်။

နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေချိန် တရုတ် တိုက်ခိုက်ရေး တပ်ဖွဲ့ (PLA) တပ်ဖွဲ့များသည် ယနေ့ မြန်မာ နယ်စပ် ရွှေလီမြို့၊ ဂျေခေါင် (Jiegao) သို့ ရောက်ရှိ လာပါသည်။

Kachinnews

No comments: