Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့ကို လွှတ်ပေးရန် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က တောင်းဆိုမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏ ဖော်ပြထားမှုကို တွေ့ရစဉ်
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က လာဘ်စားမှုတစ်ရပ်နှင့် ပတ်သက်ကြောင်း အရိပ်အမြွက်ပြဆိုသည့် အယ်ဒီတာ့အာဘော်အတွက် နိုဝင်ဘာ ၁၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်း ခံထားရသော ထင်ရှားသည့် ဂျာနယ်လစ်နှစ်ဦးအား ရာဇ၀တ်မှုမြောက်သော အသရေဖျက်မှုဖြင့် တရားစွဲဆိုထားမှုများအား ရုပ်သိမ်းရန် မြန်မာတရားစီရင်ရေးအဖွဲ့ကို တောင်းဆိုလိုက်သည်။
ယင်းဂျာနယ်လစ်နှစ်ဦးမှာ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ ဖြစ်သည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်သော ၀န်ကြီးချုပ်က နိုဝင်ဘာ ၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ဆက်သွယ်ရေးကွန်ရက် တစ်ခုကို အသုံးပြု၍ အသရေဖျက်ခြင်းကို အပြစ်ပေးသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဂျာနယ်လစ်နှစ်ဦးကို တိုင်ကြားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
နိုဝင်ဘာ ၁၁ ရက်တွင် ဒေါက်တာသန်းထွဋ်အောင်နှင့် ကိုဝေဖြိုးတို့ သက်ဆိုင်ရာ ရဲဌာနသို့ ကိုယ်တိုင်သွားရောက် စစ်ဆေးခံခဲ့ပြီး ယခုအခါ အင်းစိန်ထောင်၌ ဖမ်းဆီး ထိန်းသိမ်းခံထားရကာ နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ တရားရုံးတစ်ခု၌ ကြားနာစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေရသည်။
“ဆက်သွယ်ရေး ဥပဒေက မီဒီယာလုပ်ဆောင်ချက်တွေကို ရာဇ၀တ်မှုလုပ်တယ်။ ပြီးတော့ အသရေဖျက်မှု တစ်ရပ်မှာ အဲဒီလို မတန်တဆ တုံ့ပြန်မှုမျိုး ပါဝင်နေတယ်”ဟု RSF ၏ အာရှ-ပစိဖိတ်ရုံး အကြီးအကဲ ဘင်ဂျမင်အစ္စမေးက ပြောကြားခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အနေနဲ့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကိုယ့် ကိုယ်ကိုယ် ကာကွယ်ခွင့် အပြည့်ရှိပါတယ်။ ဒါပေမဲ့ ဂျာနယ်လစ်တွေကို သူတို့ထုတ်ဝေ ဖြန့်ချိခဲ့တာတွေအတွက် သီတင်းပတ် အတန်ကြာ ဖမ်းဆီးထိန်းသိမ်းတာ လုံးဝလက်မခံနိုင်ပါဘူး။ ထောင်ဒဏ်စီရင်ချက်တွေနဲ့ ခြိမ်းခြောက်ခံရတဲ့ သူတို့အတွက် အလွန်ထိခိုက် နစ်နာစေပါတယ်။ ဒီအမှုဟာ နဂိုကတည်းက အကြီးအကျယ် ရှိနှင့်ပြီးသား ကိုယ့်ဘာသာ ဆင်ဆာဖြတ်နေရမှုကို ထပ်ပြီး ဖိအားပေးလိုက်တာပါပဲ”ဟုလည်း အစ္စမေးက ပြောကြားခဲ့သည်။
ယခုအမှုသည် NLD ပါတီ၏ ထိပ်တန်းအာဏာပိုင် တစ်ဦးက ဆက်သွယ်ရေးဥပဒေဖြင့် ပထမဆုံးအကြိမ် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ ယခင်အမှုများတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သမ္မတ ဦးထင်ကျော်တို့အား အသရေဖျက်သည်ဟု ဆိုသည့် Post များ တင်ခဲ့သူတို့ကို တိုင်ကြားခဲ့သော်လည်း အာဏာရပါတီ၏ ခေါင်းဆောင်တစ်ဦးက တိုက်ရိုက်တိုင်ကြားခဲ့ခြင်းမျိုး မဟုတ်ပေ။ မြန်မာမီဒီယာများကို ညှိနှိုင်းပေးသည့် စာနယ်ဇင်းကောင်စီသို့လည်း တိုင်ကြားခဲ့သေးသည်။ သို့သော် စာနယ်ဇင်းကောင်စီက တရားရုံးများသို့ တိုင်ကြားထားနှင့်ပြီး ဖြစ်သောကြောင့် ယခုအမှုကို ၎င်းတို့အနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ကြောင်း ပြောကြားခဲ့သည်။
ဂျာနယ်လစ်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် မီဒီယာကိစ္စများကို အထူးပြုသော ရှေ့နေများကွန်ရက် တစ်ခုတို့က ယခုအမှု၌ ညှိနှိုင်းပေးသူအဖြစ် ၎င်း၏ အခန်းကဏ္ဍကို ဆောင်ရွက်ရန် စာနယ်ဇင်းကောင်စီသို့ တောင်းဆိုသည့် ပူးတွဲကြေညာချက်တစ်စောင်ကို နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ဂျာနယ်လစ် ကျင့်ဝတ်ဆိုတဲ့ အကြောင်းအရာအပေါ် အစွဲအလမ်းကြီးနေမယ့်အစား အာဏာပိုင်တွေအနေနဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့်ကို အားပေးမယ့် ရာသီဥတုတစ်ရပ် ပထမဆုံး ဖန်တီးသင့်ပါတယ်”ဟုလည်း အစ္စမေးက ပြောကြားခဲ့သည်။ ၎င်းက“အရင်အစိုးရလက်ထက်က အကြွင်းအကျန်တစ်ရပ်ဖြစ်ပြီး ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာ နေရာမရှိတော့တဲ့ ဒီဖိနှိပ်တဲ့ဥပဒေကို ချက်ချင်း ရုပ်သိမ်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဒီလိုအမှုမျိုးမှာ စာနယ်ဇင်းကောင်စီရဲ့ ညှိနှိုင်းပေးမှု အခန်းကဏ္ဍကို တောင့်တင်း ခိုင်မာအောင်လုပ်ဖို့လည်း ကျွန်တော်တို့ တောင်းဆိုပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သိသာသော တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့် အနေအထားသည် စိုးရိမ်ဖွယ်ရာအဖြစ် ဆက်ရှိနေပြီး RSF က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၄၃ ၌ ရှိနေသည်။
Eleven Media Group အနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၆ နှစ် သက်တမ်းအတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အစဉ်တစ်စိုက် တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ပေးအပ်သော ၂၀၁၁ Press Freedom Prize ကို ရရှိကာ ယင်းဆုကို အယ်ဒီတာချုပ် ကိုဝေဖြိုးက တက်ရောက် ရယူခဲ့သည်။
No comments:
Post a Comment