Saturday, November 26, 2016

ဖားကန့်တွင် ကျောက်တူးဖော်ရေး လုပ်ငန်းများကြောင့် ကျေးရွာထိခိုက်နစ်နာမှုအား လမ်းပိတ်ဆို့ ဆန္ဒထုတ်ဖော်ခဲ့ရာ ကုမ္ပဏီများက စာချုပ်တွင် သတ်မှတ်ထားသည့် ငွေကြေး၏ သုံးပုံတစ်ပုံသာ ပေးလျော်မည်ဟု အကြောင်းပြန်

ဖားကန့်ဒေသတွင် ကျောက်တူးဖော်ရေး လုပ်ငန်းများကြောင့် ကျေးရွာထိခိုက် နစ်နာမှုအား စာချုပ်ပါအတိုင်း ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ကျေးရွာနေပြည်သူများက မြေသယ်ယာဉ်သွားရာ လမ်းများတွင် လမ်းပိတ်ဆို့ ဆန္ဒထုတ်ဖော်ခဲ့ရာ ကျောက်တူးဖော်ရေး လုပ်ငန်းများ ရပ်နားခဲ့ရပြီးသည့်နောက် ကုမ္ပဏီများဘက်မှ ကျေးရွာနစ်နာမှုအတွက် မူလက သဘောတူညီထားသည့် စာချုပ်တွင် သတ်မှတ်ထားသည့် ငွေကြေး၏ သုံးပုံတစ်ပုံအား ပေးလျော်မည်ဟု အကြောင်းပြန်လာကြောင်း သိရသည်။

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု ဆိုင်းဂျာဘွမ် ကျေးရွာအနီးတွင် ယမန်နှစ်က ကျောက်တူးဖော်ရေး လုပ်ငန်းများကြောင့် ကျေးရွာမြေများ အက်ကွဲပြီး တောင်အောက်သို့ ပြိုကျပျက်စီးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ၍ ပြည်သူများ၏ နစ်နာမှုအား ကုမ္ပဏီများမှ ပြေလည်အောင် ဖြေရှင်းခြင်း မရှိသေးသည့် အချိန်အထိ ကျောက်တူးဖော်ရေး လုပ်ငန်းများက မြေသယ်ကားများ သွားလာခြင်းမပြုရန် နိုဝင်ဘာ ၂၂ ရက်က စတင်၍ ဒေသခံပြည်သူများက လမ်းပိတ်ဆို့ ဆန္ဒထုတ်ဖော်ခဲ့ကြရာ ယခုအချိန်တွင် လေးရက် ကြာမြင့်ပြီဖြစ်သည်။

“သူတို့ဘက်က အသိပေး အကြောင်းကြားစာဆိုပြီး ရောက်လာတယ်။ အရင်က ဥပမာ ဘုရားကျောင်းအတွက် သိန်းငါးရာ လျော်မယ်လို့ပြောတယ်။ ဒီတစ်ခါကတော့ သိန်းတစ်ရာ့ငါးဆယ် လျော်မယ်ဆိုပြီး သူတို့ သဘောနဲ့ သူတို့ပြောလာတယ်။ အခုပမာဏက အရင်ကရဲ့ သုံးပုံတစ်ပုံလောက်ပဲရှိတယ်” ဟု ဆိုင်းဂျာဘွမ်ကျေးရွာမှ တာဝန်ခံဓမ္မ ဆရာမ ဒေါ်ကိုင်ရာက ပြောကြားသည်။

ဆိုင်းဂျာဘွမ်ကျေးရွာမှ လမ်းပိတ်ဆို့ ဆန္ဒထုတ်ဖော်နေသူများသို့ အသိပေး အကြောင်းကြားစာတွင် အန္တရာယ်ရှိ နေအိမ် ၇၂ လုံးအတွက် သက်ဆိုင်ရာ ကုမ္ပဏီများ တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ချက်အရ နေအိမ်များကို (ABC) အဆင့်သတ်မှတ်၍ (A) အဆင့်အား သိန်း ၆၀၊ (B) အဆင့်အား ၅၅ သိန်း၊ (C) အဆင့်အား ၄၅ သိန်းနှုန်းဖြင့် နေအိမ်တစ်လုံးလျှင် ပျမ်းမျှ ၅၅ သိန်းနှုန်း၊ ဘာသာရေး အဆောက်အအုံနှစ်လုံး၊ စာသင်ကျောင်းတစ်ဆောင်၊ ဓမ္မာရုံတစ်ခု စုစုပေါင်း လေးလုံးအတွက် တစ်လုံးလျှင် ကျပ်သိန်း ၁၅၀ နှုန်းဖြင့် နိုဝင်ဘာ ၂၅ ရက်တွင် အပြီးပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နစ်နာကြေးငွေမှာ မူလက သဘောတူညီထားသည့် ပမာဏ၏ သုံးပုံတစ်ပုံသာရှိကြောင်း ဒေသခံများက ဆိုသည်။

ယခင်က ကုမ္ပဏီ ၁၄ ခုနှင့် ကျေးရွာအကြား ချုပ်ဆိုခဲ့သည့်  ၂၀၁၆ ခုနှစ် မေ ၂၀ ရက် သဘောတူညီချက် စာချုပ်အရ ကုမ္ပဏီ ၁၄ ခု စုပေါင်းကာ အိမ်ခြေ ၇၂ လုံးအတွက် နစ်နာကြေး ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ရာ (၁၀၈၀၀)၊ ဘုရားကျောင်း နှစ်ကျောင်းအတွက် ကျပ်သိန်းတစ်ထောင်၊ ဆိုင်းဂျာဘွမ် ကျေးရွာ NLD ပါတီရုံး ပြန်လည်ဆောက်လုပ်ရန်အတွက် ကျပ်သိန်း၂၀၀ အား ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လကုန်တွင် ပေးချေရမည့် အဆိုပါ နစ်နာကြေးအား ကုမ္ပဏီများမှ ယနေ့အချိန်အထိ ပေးလျော်ရန် ပျက်ကွက်နေခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဆိုင်းဂျာဘွမ်ကျေးရွာ အနီးတွင် ယမန်နှစ် ကျောက်တူးဖော်သည့် ရာသီချိန်က ကုမ္ပဏီ ၁၄ ခုက လုပ်ကိုင်ခဲ့ကြကြောင်း၊ ထိုသို့တူးဖော် လုပ်ကိုင်ရာတွင် အချို့ကုမ္ပဏီများမှာ ကျေးရွာနှင့် မီတာ ၂၀၀ အတွင်း ကျူးကျော်လုပ်ကိုင် လာသည့်အပြင် ယမ်းသိပ်သည်းဆ အများအပြားဖြင့် မိုင်းခွဲတူးဖော်မှုများ ပြုလုပ်ခဲ့ကြသည့်အတွက် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များမှ ပေ ၁၀၀၀ ကျော် အမြင့်တွင်ရှိနေသည့် ဆိုင်းဂျာဘွမ်ကျေးရွာ အစပ်ရှိ ကမ်းပါးများမှာ အက်ကွဲလာပြီး အချိန်မရွေး ပြိုကျပျက်စီးနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ရွာသူရွာသားများမှာ အန္တရာယ်ရှိနေသည့် မိမိတို့နေရာမှ ရွှေ့ပြောင်းနိုင်ရန်အတွက် ကုမ္ပဏီများမှ နစ်နာကြေး ပေးလျော်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

Writer: 

အောင်ဟိန်းမင်း

No comments: