Friday, November 25, 2016

"ထိုင်း၊ မလေးနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ မြန်မာသံရုံးများကို မွတ်စလင်အဖွဲ့အစည်းများက ဆန္ဒပြ"


ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ မြန်မာသံရုံးများကို ယင်းနိုင်ငံများရှိ အဖွဲ့အစည်းများက ယနေ့ (နိုဝင်ဘာ ၂၅ ရက်)တွင် တစ်ပြိုင်နက် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ယနေ့ မလေးရှားနိုင်ငံစံတော်ချိန် ၂ နာရီခွဲအချိန်တွင် မလေးရှားနိုင်ငံရှိ မွတ်စလင်အဖွဲ့အစည်းများမှ အင်အား ၂၀၀၀ ကျော်သည် မြန်မာသံရုံးရှေ့သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်ဆန္ဒပြကန့်ကွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ မလေးရှားနိုင်ငံမှ မွတ်စလင်အဖွဲ့အစည်း ခြောက်ဖွဲ့သည် မြန်မာသံရုံးရှေ့သို့ လာရောက်ကာ ဆန္ဒပြကန့်ကွက်ခဲ့ပြီး ၎င်းတို့ ရေးသားတောင်းဆိုထားသည့် စာချွန်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွတ်စလင်အဖွဲ့အစည်းမှ အင်အား ၅၀ ခန့်သည် ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့သို့ လာရောက်ဆန္ဒပြကန့်ကွက်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများ လာရောက်မှုကြောင့် ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ပေးထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကိုလည်း ယင်းနိုင်ငံရှိ မွတ်စလင်အဖွဲ့အစည်းများက လာရောက်ဆန္ဒပြကန့်ကွက်ခဲ့ကြောင်း သိရသည်။
သတင်း-ငြိမ်းချမ်း

7day

No comments: