ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်မြို့လယ်တွင် နိုင်ငံခြားသား ငါးဦး ပါဝင်သော မူးယစ်ဂိုဏ်းကို ဆာလာအိတ် ၃၇ အိတ်နှင့် ထည့်ထားသော မူးယစ်ဆေးဝါးများ (Ice) နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပုဇွန်တောင် လမ်းပေါ်တွင် အငှား ကုန်တင်ယာဉ် တစ်စီးပေါ်မှ ဆာလာအိတ်များဖြင့် ထုပ်ပိုးထားသည့် မူးယစ်ဆေးဝါး (Ice) များကို ဖမ်းမိခဲ့ရာမှ မူးယစ်ဂိုဏ်း အဖွဲ့ဝင် တရုတ် (ဟောင်ကောင်) နိုင်ငံသား အမျိုးသား တစ်ဦးနှင့် ထိုင်ဝမ် နိုင်ငံသား အမျိုးသား လေးဦးတို့ကို ဖမ်းမိခဲ့ရာ မူးယစ်ဆေးဝါးအပြင် ဂြိုဟ်တု ဆက်သွယ်ရေး ဖုန်းများကိုပါ တွေ့ရှိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
ဖမ်းမိခဲ့သူ နိုင်ငံခြားသား ငါးဦးအနက် ပုဇွန်တောင် အိုးရှင်း အဆောက်အအုံ ၁၁ ထပ်ရှိ အခန်းတွင် တည်းခိုနေသော ထိုင်ဝမ် နိုင်ငံသား Cai Jeng Ze ကို နိုဝင်ဘာလ ၁၅ ရက် နံနက် ၈ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တိုင်ပေနိုင်ငံသို့ လေကြောင်း ခရီးစဉ်ဖြင့် မထွက်ခွာခင် ၎င်းထံမှ အလေးချိန် ၁၆ဝ ဂရမ်ရှိ ကတ်တမင်း မူးယစ်ဆေးများကို ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
ယင်းနောက် စစ်ဆေးခဲ့ရာမှ ၎င်းအပါအဝင် ထိုင်ဝမ်နိုင်ငံသား သုံးဦးနှင့် ဟောင်ကောင် နိုင်ငံသား တစ်ဦးတို့မှာ မူးယစ်ဂိုဏ်း တစ်ခုမှ အဖွဲ့ဝင်များ ဖြစ်ပြီး ၎င်းတို့အဖွဲ့ သိမ်းဆည်းထားသည့် ဆာလာအိတ် ထုပ်များကို စက်လှေ ဆိပ်ကမ်းသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း စစ်ဆေး သိရှိရသဖြင့် မူးယစ် တပ်ဖွဲ့စုမှ အသွင်ယူ စုံစမ်းမှုများ ဆောင်ရွက်ခဲ့သည်။
“သူတို့အဖွဲ့က မူးယစ်ဆေးဝါးတွေကို တစ်နေရာမှာ သိုလှောင်ထားတယ်၊ သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ကားငှားပြီး စက်လှေဆိပ်ကို သယ်မယ် သတင်း ရတာကြောင့် ရဲတပ်ဖွဲ့က အသွင်ယူ စုံစမ်းမှုတွေ နှစ်ရက်ကြာ လုပ်ပြီး သူတို့ အဖွဲ့နောက် တောက်လျှောက် ခြေရာခံ လိုက်ခဲ့ရာက သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာ”ဟု ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အလေးချိန် ၁၁၁ဝ ကီလိုဂရမ်ရှိသည့် Ice မူးယစ်ဆေးဝါးများကို အသက် ၂၂ နှစ်အရွယ် ဟောင်ကောင်နိုင်ငံသား Hung Ching Kin နှင့် အသက် ၂၃ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား Wang Wei Jong တို့က ဆာလာအိတ် ၃၇ အိတ်၊ ပြောက်ကျား ကျောပိုးအိတ် နှစ်လုံးတို့ဖြင့် ထုပ်ပိုးပြီး နိုဝင်ဘာလ ၁၈ ရက် ည ၈ နာရီခွဲက အငှားယာဉ်ဖြင့် သယ်ဆောင်လာစဉ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ပုဇွန်တောင်လမ်းအရောက် ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများ အလုံးအရင်း ဖမ်းဆီးရမိမှုနှင့် ပတ်သက် ဆက်နွှယ်နေသူများ ဖြစ်သည့် အသက် ၂၈ နှစ်အရွယ် ထိုင်ဝမ် နိုင်ငံသား Lein Cheng Chon နှင့် အသက် ၂၂ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား Lin Shin Chang တို့ နှစ်ဦးကို ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းရှိ မဟာဗန္ဓုလ အိမ်ရာတွင် ထပ်မံ ဖမ်းမိခဲ့ပြီး မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းတွင် ၎င်းတို့အဖွဲ့ကို မူးယစ် အမှုများဖြင့် အမှုဖွင့် အရေး ယူထားကြောင်း သိရှိရသည်။
No comments:
Post a Comment