Thursday, November 24, 2016

အာဆီယံနိုင်ငံများ ပါဝင်သည့် ပစိဖိတ်ရပ်ဝန်း နိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက် TPP မှ အမေရိကန် နုတ်ထွက်မည်ဟု ဒေါ်နယ်ထရမ့်ပြော

မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်စပ်နေသည့် အာဆီယံနိုင်ငံများ ပါဝင်သည့် ပစိဖိတ်ရပ်ဝန်း နိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက် TPP မှ အမေရိကန် နုတ်ထွက်မည်ဟု ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ၄င်း၏ ရက် ၁၀၀ အစီအစဉ် မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောသွားကြောင်း The Guardian သတင်းဖော်ပြချက်အရ သိရသည်။

 

နိုင်ငံများအကြား ကုန်သွယ်ခွန် လျှော့ချပြီး ကုန်သွယ်ရေး တိုးမြှင့်ဖို့ ရည်ရွယ်ချက်ဖြင့် ကမ္ဘာအ၀ှမ်း ကုန်သွယ်ရေး၏ ၄၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဘရူနိုင်း၊ နယူးဇီလန်၊ ကနေဒါ၊ မက္ကဆီကို၊ ချီလီနှင့် ပီရူး သဘောတူညီမှု ရရှိထားသည့် ပစိဖိတ်ရပ်ဝန်း နိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက် -TPP ထဲမှ ၄င်းသမ္မတ တာဝန် စထမ်းဆောင်သည့်နေ့တွင် နုတ်ထွက်မည်ဖြစ်ကြောင်း ဆိုသွားသည်။

 

၇ နှစ်ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် ရရှိထားသည့် TPP သဘော တူညီချက်ကို အကောင်အထည် ဖော်နိုင်ဖို့ ပါဝင်တဲ့ နိုင်ငံတိုင်းမှာ အတည်ပြုရန် လိုအပ်ပါသည်။ အမေရိကန် လွှတ်တော်တွင် အခုထိ အတည်မပြုနိုင်သေးသည့် အတွက် အဆိုပါ သဘောတူညီချက် ကို ဒေါ်နယ်ထရမ့် သမ္မတတာဝန် ပထမဆုံးယူတဲ့နေ့မှာ ပြန်လည်ရုပ်သိမ်းပြီး အမေရိကန်တွေ အတွက် ပိုအကျိုးရှိအောင် တစ်နိုင်ငံချင်းစီနှင့် အပြန်အလှန် သဘောတူညီချက်တွေ ရအောင် ပြန်လည် ညှိနှိုင်းမယ်လို့ Trump က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဒေါ်နယ်ထရမ့်က “အဲ့ဒီအစား ကျွန်တော်တို့ နှစ်နိုင်ငံ အကျိုးတူ ညှိနှိုင်း ဆောင်ရွက်မှုတွေလုပ်ပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် စက်မှုလုပ်ငန်းတွေဟာ အမေရိကန်နိုင်ငံမှာ ပြန်ရလာမှာဖြစ်တယ်” ဟု ပြောသည်။

 

TPP သဘောတူညီချက်သည် ကုန်သွယ်ရေးကဏ္ဍတွင် အကျိုးရှိစေသည် သာမက အလုပ်သမားများ၏ ဝင်ငွေကို တိုးစေပြီး ဉာဏဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်ကို အကာအကွယ် ပေးနိုင်မည်ဖြစ်သည်။ အလုပ်သမား အခွင့်အရေးနှင့် အလုပ်ခွင် လုံခြုံရေးအတွက် အာမခံချက်ရှိမယ်လို့ ဒီသဘောတူညီချက် အပေါ် ထောက်ခံသူတွေဆိုသည်။

 

ဝေဖန်များအနေဖြင့် ဒီသဘောတူညီချက်က လုပ်ငန်း ကုမ္ပဏီကြီးတွေ အတွက်ပဲ အကျိုးရှိစေပြီး၊ ဉာဏဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်များတွင် ကန့်သတ်ချက်တွေ ပိုများစေလိမ့်မည် ဖြစ်ကြောင်း ဆိုသည်။

 

TPP သဘောတူညီချက်များကို အကောင်အထည် မဖော်နိုင်ပါက အထိအနာဆုံး ဖြစ်မည်က ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့ ဖြစ်ကြောင်း စီးပွားရေးပညာရှင် တချို့ကလည်း သုံးသပ်ကြသည်။ အဆိုပါ အာဆီယံ အဖွဲ့ဝင်တွေ ထိခိုက်ရင် မြန်မာနိုင်ငံ အပေါ်တွင်လည်း သွယ်ဝိုက် သက်ရောက်မှုတွေ ရှိလာနိုင်သည်ဟု အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီက ကိုလှဘုန်းမြင့်က သုံးသပ်ထားကြောင်း ဗွီအိုအေ မြန်မာသတင်း ဖော်ပြချက်အရ သိရသည်။

 

စိုင်းဟန်

The Ladies News

No comments: