တရုတ်နိုင်ငံသို့ ဗန်းမော်လမ်းကြောင်းမှ ဆန်တင်သွင်းမှု ပြောင်းသွားသည့် အတွက် မူဆယ်လမ်း ကြောင်း ပိတ်သွားသော်လည်း ဆန်းဈေး ပုံမှန်ရှိနေကြောင်း မန္တလေးမြို့ ဆန်ကုန်သည် လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးစိုင်းကျော်က နိုဝင်ဘာ ၂၃ ရက် The Ladies News သို့ပြောသည်။
ဦးစိုင်းကျော်က “ပြောရမယ်ဆိုရင် မူဆယ်က ဆန်အဓိက မဟုတ်တော့ဘူး။ မူဆယ်က သကြား အဓိကဖြစ်နေတယ်။ ဆန်ကတော့ ဗန်းမော်ဘက်က သွားနေတယ်။ ဗန်းမော်ကနေ ကချင်ပြည်နယ် နယ်စပ်ကို သွားတယ်။ အဲ့ဒီကို မူဆယ်လို အင်အားအများကြီးတော့ မသွားဖြစ်တော့ဘူး။ ဗန်းမော် လွယ်ဂျယ်နယ်စပ်ကို သွားတယ်။ လွယ်ဂျယ်ကနေ တရုတ်ပြည် သွားတယ်။ ဆန်ကတော့ သွားတော့သွားပါတယ်။ ဆန်က အဲ့လောက် မများဘူး။ ဈေးကတော့ လောလောဆယ် အရောင်းအ၀ယ် နည်းနည်း ကျသွားတာကလွဲရင် ဆန်ဈေးက ပုံမှန်ပါပဲ” ဟု ပြောသည်။
မူဆယ် ၁၀၅ မိုင်ဂိတ်သည် မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုတွင် အဓိကနယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုမှ ၀င်ရောက် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်တန့်ခဲ့ရသည့်အတွက် အဆိုပါ ကုန်သွယ်ရေး လုပ်ငန်းများအပေါ် အမီပြုလုပ်ကိုင်နေသည့် အခြေခံ လူတန်းစားများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။
ဆန်လုပ်ငန်းအနေဖြင့် အဓိကထား မတင်ပို့တော့သော်လည်း ပုံမှန်ပို့ဆောင်နေသည့် ဆန်များသည် လာရာလမ်းမှ ပြန်လှည့်လာရခြင်း ဆက်လက် ပို့ဆောင်ရမည့် ဆန်များ မပို့နိုင်သည့်အတွက် မူဆယ်တွင် တိုက်ပွဲမဖြစ်ခင် သိုလှောင်ထားသည့် ဆန်များဖြင့် အရောင်းအ၀ယ် ပြုလုပ်ခြင်းများရှိကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်း သိရသည်။
ဆန်များအတွက် စိုးရိမ်ဖွယ် မရှိသော်လည်း မူဆယ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တော ထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်းများ ရှိသည်။
ယခုအခါ ကုန်တင်ယာဉ်များ မန္တလေး- မူဆယ် လမ်းတစ်လျှောက်တွင် ပိတ်ဆို့နေမှုများကြောင့် ကုန်တင် ယာဉ်မောင်းများ အခက်အခဲ ကြုံတွေ့နေရသည်။ မန္တလေးသို့ လှည့်ပြန်ရန် အခြေအနေသာ ရှိနေသော်လည်း လမ်းကြောင်း ပြန်ပွင့်မည် အချိန်ကို စောင့်စားနေကြကြောင်း သိရသည်။
ယနေ့တွင် ကုန်သွယ်ရေး လမ်းကြောင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ အနည်းငယ် လျော့သွားပြီး မူဆယ် လမ်းကြောင်းတွင် ပိတ်နေသည့် ကုန်ကားအချို့ ပြန်လည်သွားလာနေပြီး မြို့တွင်း အသွားအလာလည်း အနည်းငယ် ပြန်ရှိလာပြီဟု မူဆယ်ဒေသခံ အချို့ The Ladies News သို့ ပြောသည်။
အမည်မဖော်လိုသူ မူဆယ်မြို့ခံတစ်ဦးက “အကုန်ပုံမှန် ဖြစ်သွားပြီ။ အတက်ကားတွေ ပုံမှန်ပြန်ဖြစ်သွားပြီ။ တချို့ကျတော့ မရဲသေးတော့ မလာရဲသေးတာတော့ ရှိတယ်။ ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်သွားပါပြီ။ ကုန်ဈေးနှုန်း အကျအဆင်း အတက်အဆင်း ဘာမှမရှိဘူး။ ဈေးအရောင်းအ၀ယ် ပုံမှန်ပဲဖြစ်တယ်။ အခု ဒီနေ့မနက် အသီးအနှံ၊ ဆန်ဆီ အကုန် စာရင်းလိုက်ကောက်တာ အကုန်လုံး ပုံမှန်ပါပဲ” ဟု ပြောသည်။
စိုင်းဟန်
The Ladies News
No comments:
Post a Comment