24-Nov-2016 tagged as
ရန်ကုန်၊ နိုဝင်ဘာ ၂၄
စပါးဈေး ကျဆင်းမှုကို ဖြေရှင်းရန် အစိုးရက ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီးတို့ရှိ လယ်သမားများထံမှ စပါး တင်း တစ်ရာလျှင် ကျပ် လေးသိန်းခန့်ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ယင်းဒေသများမှ စပါးများကို ကျပ် ၁၅ ဘီလီယံဖိုး ဝယ်ယူနိုင်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဘတ်ဂျက်ရရှိရန် အခြေအနေ ကောင်းကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
“ဘတ်ဂျက် ရတာနဲ့ ဝယ်မယ်။ မကြာခင်မှာ ဝယ်နိုင်မှာပါ။ ဧည့်မထ အမျိုးအစားကို ဝယ်ပါမယ်”ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။
ထိုသို့ အစိုးရက စပါး ဝယ်ယူမည်ဆိုခြင်းကို ကြိုဆိုပြီး လယ်သမားများ၏ အခက်အခဲကို ဖြေရှင်းနိုင်မည် ဖြစ်သကဲ့သို့ စပါးဈေးလည်း ပြန်လည် မြင့်တက်လာဖွယ်ရှိကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။
“ဒီဈေးက ကျွန်တော့် အမြင်အရတော့ နည်းနေတယ်လို့ ထင်တယ်။ ဒါပေမဲ့ လယ်သမားတွေကိုတော့ အထောက်အကူ ပြုနိုင်မယ် ထင်ပါတယ်”ဟု ဆန်ကုန်သည် ဦးဇော်ခိုင်က ပြောဆိုသည်။
ပင်လယ်ရေကြောင်းဘက်မှ ဆန် တင်ပို့မှု ပြန်လည် ကောင်းမွန်လာခြင်းကြောင့် ဆန်သစ်ဈေးနှင့် စပါးဈေး ပြန်လည် မြင့်တက်လာပြီး အရောင်းအဝယ် ကောင်းမွန်ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
လက်ရှိ စပါးဈေးသည် တင်း တစ်ရာလျှင် ကျပ် ငါးသိန်းခန့်နှင့် ဆန်ကြမ်း(သစ်) တစ်အိတ်လျှင် ကျပ် ၁၆၅ဝဝ ခန့်သို့ မြင့်တက်လာကြောင်း ဆန်ဈေးကွက် အတွင်းမှ သိရသည်။
၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် အတွင်းက စပါးဈေး ကျဆင်းခြင်းကို ရင်ဆိုင်ခဲ့ရခြင်းကြောင့် အစိုးရက အရန်ဆန် ကျပ် ၃ဝ ဘီလီယံဖိုး ဝယ်ယူပြီး ဈေးကွက်ကို ထိန်းသိမ်း ပေးခဲ့ရဖူးသည်။
No comments:
Post a Comment