Friday, November 25, 2016

တရုတ်နိုင်ငံတွင် အသုံးပြုနိုင်ရန် ဆင်ဆာ tool တစ်ခုကို Facebook ဖန်တီးနေ

Facebook သည် တရုတ်နိုင်ငံနှင့်ကိုက်ညီမည့် ဆင်ဆာ tool တစ်ခုကို ဖန်တီးခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

Facebook အနေဖြင့် အဆိုပါ tool တည်ရှိကြောင်း အတည်ပြုခြင်း မရှိသလို ငြင်းဆန်ခြင်းလည်း မပြုခဲ့ပေ။ သို့သော်လည်း တရုတ်နိုင်ငံနှင့် ပတ်သက်၍ နားလည်မှုယူခြင်းနှင့် သင်ကြားခြင်းတို့ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်သွားခဲ့သည်။ Facebook အနေဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

အွန်လိုင်း တစ်ကိုယ်ရေ အချက်အလက်အတွက် လှုပ်ရှားမှုများ ပြုလုပ်နေသော အီလက်ထရွန်နစ် နယ်ပယ်ဆိုင်ရာ ဖောင်ဒေးရှင်း (EFF) က Facebook ၏ အစီအစဉ်မှာ အလွန်အမင်း စိတ်ရှုပ်ဖွယ်ကောင်းကြောင်း ထုတ်ပြန်ခဲ့သည်။

“နယူးယောက်တိုင်းမ် သတင်းစာကို ဒီလိုအာရုံစိုက်မှု ရအောင်ပြုလုပ်ပေးတဲ့ Facebook ဝန်ထမ်းတွေကို ချီးကျူးပါတယ်”ဟု EFF ၏ တစ်ကမ္ဘာလုံးဆိုင်ရာ အီဗာဂယ်ပါရင်က ပြောကြားခဲ့သည်။

နယူးယောက်တိုင်းမ် သတင်းစာသည် အဆိုပါ သတင်းကို Facebook ၏ လက်ရှိဝန်ထမ်းနှစ်ဦးနှင့် ဝန်ထမ်းဟောင်းတစ်ဦး၏ ပြောကြားချက်များအား ကိုးကား ဖော်ပြခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံတွင် Facebook ကို virtual private network (VPN) မှတစ်ဆင့်သာ အသုံးပြုကြရသည်။

သုံးစွဲသူပေါင်း ၁.၈ ဘီလျံရှိသည့် Facebook သည် လက်ရှိ ဈေးကွက်များအပြင် တစ်ကမ္ဘာလုံးသို့တိုးချဲ့ရန် ကြံဆလျက်ရှိသည်။ မာ့ခ်ဇူကာဘတ်အနေဖြင့် မကြာသေးမီက တရုတ်နိုင်ငံ ခေါင်းဆောင် ရှီကျင်ဖျင့်နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားသလို မန်ဒရင်းဘာသာ စကားကိုလည်း သင်ယူနေသည်။

Ref:BBC

No comments: