Showing posts with label ရန်ကုန်သတင်း. Show all posts
Showing posts with label ရန်ကုန်သတင်း. Show all posts

Saturday, October 15, 2016

ရန်ကုန်မြို့အတွင်း တရားမ၀င်အဆောင် ငှားရမ်းဖွင့်လှစ်သူများကို စည်ပင်ဥပဒေဖြင့် အရေးယူမည်


 


ရန်ကုန် အောက်တိုဘာ ၁၄

လူမှုရေးပြဿနာနဲ့ အခြားပြသနာများ မဖြစ်ပေါ်စေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားမ၀င် ဖွင့်လှစ်ထားတဲ့ အဆောင်များကို သက်ဆိုင်ရာဌာနများ စုပေါင်းစစ်ဆေးကာ စည်ပင်သာယာဥပဒေဖြင့် အရေးယူသွားမည်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီင်္ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ၁၄ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမ၀င်အဆာင်များ ငှားရမ်းဖွင့်လှစ် ခြင်း အတွက် သက်ဆိုင်ရာမှ စစ်ဆေးအရေးယူဆောင်ရွက်ရန် ရှိ/မရှိ မေးမြန်းခဲ့တဲ့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားခဲ့ခြင်း ဖြစ်တာပါ။

''ရန်ကုန်မြိုကတော်စည်ပင်သာယာနယ်နမိတ်မှာ ရှိတဲ့ မြို့နယ်တွေမှာ နယ်ကလာတဲ့ အလုပ်သမားတွေ၊ကျောင်းသားတွေ ကို နေထိုင်ဖို့အဆောင်ငှားရမ်းတာတွေ ရှိပါတယ်၊ဒီဘော်ဒါ ဆောင်တွေ၊တည်းခိုခန်းတွေ ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းရယ်၊မြို့နယ်ရဲစခန်းရယ်၊ မီးသတ်တပ်ဖွဲ့စတာတွေရဲ့ ထောက်ခံချက်တွေနဲ့ လိုင်စင်တွေ ပြုလုပ်ပေးနေပါတယ်။လိုင်စင်ရှိမရှိ ကိုလည်း ပုံမှန်စစ်ဆေးမှုများ၊ရှောင်တခင်စစ်ဆေးမှုများမကြာခဏပြုလုပ်နေပါတယ်။တကယ်လို့ တရားမ၀င်အဆောင်တွေ ဖွင့်လှစ်တာတွေ့ရှိရင် ၂၀၁၃ ခုနှစ်ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေပုဒ်မ ၆၈၊၆၉အရ အရေးယူမယ်'လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့တွင်း မြို့နယ်များသာမက မြို့သစ်နဲ့ စက်မှုဇုန်ရှိရာ မြို့နယ်များရှိ လူနေတိုက်ခန်းများတွင် လိုင်စင်လျှောက်ထားမှုမရှိဘဲ ဘော်ဒါဆောင်များ ဖွင့်လှစ်မှုများရှိ နေကြောင်းနှင့် ရထားဂိတ်၊ကားဂိတ်နှင့်လူစည်ကားသော နေရာများတွင် အဆောင်ငှားရမ်းရန် ကြေငြာများ ကပ်ထားမှုများပါ တွေ့ရှိနေရပါတယ်။

ဖြိုးဝေအောင်
china.com Myanmar

Friday, September 30, 2016

ရန်ကုန်မြို့သစ် စီမံကိန်း တစ်နှစ်အတွင်း အကောင်အထည် ဖော်မယ်

ရန်ကုန်မြို့သစ်စီမံကိန်းကိုတစ်နှစ်အတွင်း အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောပါတယ်။

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေးမှာသတင်းမီဒီယာတွေနဲ့ တွေဆုံစဉ် အခုလိုပြောကြား လိုက်တာပါ။ယခင်က အဲဒီစီမံကိန်းအတွက် တင်ဒါကို ကုမ္ပဏီသုံးခုကို ခေါ်ယူပြီးစီမံကိန်း လုပ်ဆောင်ဖို့ ရှိပေမယ့် အခုအခါမှာတော့ အခြားကုမ္ပဏီတွေကိုလည်းခေါ်ယူမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြီးကြပ်ကွပ်ကဲသွားမှာဖြစ်ပါတယ်။

အခုအခါမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်မယ့် စီမံကိန်း၂၄ခုကို လွှတ်တော်ကိုတင်ပြထားပြီး အဲဒီအထဲက စီမံကိန်း၁၁ခုကို ဒီနှစ်အတွင်းမှာစတင်ဆောင်ရွက်မှာပါ။

အဲဒီစီမံကိန်းတွေထဲမှာ ရန်ကုန်မြို့သစ်စီမံကိန်းလည်း တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းဟာ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွံတေးနဲ့ ဆိပ်ကြီးခနောက်တိုမြို့နယ်တွေ မှာ ရှိတဲ့ မြေဧကနှစ်သောင်းကျော်မှစတင်မှာဖြစ်ပါတယ်။MCN

Monday, September 26, 2016

လမ်းသစ်အိမ်ရာ အသစ်ပြန်လည် တည်ဆောက်မည်

သက်တမ်းကြာမြင့်နေပြီ ဖြစ်သော လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် မော်တင်လမ်း ထောင့်ရှိလမ်းသစ်အိမ်ရာကို အ သစ်ပြန်လည်တည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အထပ်မြင့် စီမံကိန်းအဖြစ် အသစ်ပြန်လည်တည်ဆောက်ရန် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်ကို တင်ဒါစနစ်ဖြင့် ခေါ်ယူရွေးချယ်မည် ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါ လမ်းသစ်အိမ်ရာကို ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက တည်ဆောက်ရန် မူလနေထိုင်သူများနှင့် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေဘဲ ယခုအစိုးရသစ် လက်ထက်သို့ရောက်မှသာ ညှိနှိုင်း မှုအဆင်ပြေခြင်း ဖြစ်သည်။

လမ်းမတော်မြို့နယ် ဘုန်း ကြီးလမ်းနှင့် မော်တင်လမ်းထောင့် ရှိ လမ်းသစ်အိမ်ရာသည် မြေလေး ဧက ကျော်ကျယ်ဝန်းပြီး တိုက်  ၁၁ လုံးပါရှိကာ မူလနေထိုင်သူများအား ပြန်လည်နေရာချထားပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 တည်ဆောက်နေစဉ် အိမ် ပြောင်းရွှေ့ စရိတ်များကိုလည်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်မှ အိမ်ရာအဟောင်း များတွင်လည်း ယခုကဲ့သို့ အထပ် မြင့်စီမံကိန်းများ တည်ဆောက်ရန် လျာထားပြီး မူလနေထိုင်သူများ နှင့် ညှိနှိုင်းမည်ဟု ဆိုသည်။

၂၀၁၅ တွင် လမ်း ၅၀ အိမ်ရာကိုအဆင့်မြှင့်တင်တည်ဆောက်ပြီး မူလနေထိုင်သူများအား ပြန်လည်နေရာချထားပေးခဲ့သည်။

စက်မှုဇုန်နှင့် နီးသည့်နေရာတွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးရန် တိုင်းအစိုးရထံ တောင်းဆို


စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအတွက် နေထိုင်စရာ အိမ်ရာစီမံကိန်း ဖော်ဆောင်ရာတွင် စက်မှုဇုန်နှင့် နီးသည့်နေရာများ၌ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးရန် တိုင်းအစိုးရအဖွဲ့ထံ တောင်းဆိုထားကြောင်း အလုပ်ရှင်၊ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များထံ သိရသည်။

"မြေက ဒေသအစိုးရက ပေးရမှာဖြစ်တယ်။ ပေးမယ့်မြေက ကိုယ့်စက်ရုံနဲ့ နီးတဲ့နေရာမှာ ပေးဖို့လိုတယ်။ လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်လုပ်နေပြီး တခြားမြို့နယ်မှာရှိတဲ့ ဇုန်တွေမှာ တည်ဆောက်ထားရင် အလုပ်သမားတွေအတွက် အခက်အခဲ ရှိနိုင်တယ်။ ဒါကြောင့် ဒီအချက်ကို ထည့်သွင်း စဉ်းစားပေးဖို့လိုတယ်" ဟု မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးယုလွင်အောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ နေထိုင်နိုင်ရန် အိမ်ရာ စီမံကိန်းများကို တည်ဆောက်ပေးရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းအတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုအပ်ချက်များ၊ လုပ်ဆောင်နိုင်ခြေများကို သုံးသပ်ညှိနှိုင်းကာ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရာတွင် မူလ ကုန်ကျစရိတ်တန်ဖိုးထက် နည်းပါးသည့် ပမာဏဖြင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကို ပြန်လည် ရောင်းချပေးသင့်ပြီး ရေရှည် အနာဂတ်အစီအစဉ်များ ရေးဆွဲထားသင့်ကြောင်း ဦးယုလွင်အောင်က ပြောကြားသည်။

"ဒီစက်ရုံမှာ အလုပ်လုပ်ရင်းထည့် ဝင်ကြေးနဲ့ အိမ်ရာ ဝယ်ယူနေထိုင်နေပြီးမှ စက်ရုံကထွက်ရင် အိမ်ပေါ်က မဆင်းပေးရအောင် ဆောင်ရွက်ပေးဖို့ လိုတယ်" ဟု ၎င်းက ဆိုသည်။

အလုပ်သမားများ၏ လုပ်နိုင်စွမ်းအားကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပြီး အစိုးရအနေနှင့် အလုပ်သမားများအတွက် အိမ်ရာစီမံကိန်း ဆောင်ရွက်ပေးခြင်းကို ကြိုဆိုကြောင်း၊ အလုပ်သမားများက ထည့်ဝင်ရမည့် ပမာဏကို ပေးဆောင်နိုင်ခြေ ရှိ၊မရှိကို စဉ်းစား သုံးသပ်ရန် လိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြော ကြားသည်။

"အလုပ်သမားတိုင်းကို အိမ်ပိုင်နဲ့ နေနိုင်အောင် လက်တွေ့လုပ်ဆောင်ရင် ဖြစ်နိုင်ခြေရှိတယ်။ တကယ်လုပ်ဖို့ပဲ လိုတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။

အလုပ်သမား အများစုအတွက် တိုင်းဝန်ကြီးချုပ်အနေနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး အိမ်ရာ တည်ဆောက် ပြီးစီးပါက မည်သို့ရောင်းမည်၊ မည်သို့ ငွေပေးချေရမည်ကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဖြစ်ကြောင်း တောင်း ဆိုမှု၊ ဆွေးနွေးမှုများကို အသေးစိတ် ပြန်လည် စဉ်းစားပေးမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား လူမျိုးရေးရာနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အလုပ်သမား ရှစ်သိန်းခန့်ရှိပြီး အသက် ၁၅ နှစ်မှ ၅၉ နှစ်ထိ အလုပ်လုပ်နိုင်စွမ်းရှိသူ  ၃၃ သန်းရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ထံမှ သိရသည်။ 

ဆူးလေ အထပ်မြင့် အဆောက်အဦကို မြို့တော်စည်ပင် ငွေဒဏ်ချမှတ်


 

၂၂ ထပ် ဆောက်လုပ်ဖို့ ခွင့်ပြုချက် ယူပြီး ၂၄ ထပ် ဆောက်လုပ် ထား။ရန်ကုန် မြို့လယ်ခေါင် ဆူးလေ စကွဲ Sule Square အထပ်မြင့် အဆောက်အဦ ဟာ ခွင့်ပြုချက် ရယူ ထားတဲ့ ဒီဇိုင်းနဲ့ ကွဲပြား ကာ အထပ်ပို တွေ လည်း ဆောင်လုပ် ထား လို့ ဆိုပြီး ရန်ကုန် စည်ပင် သာယာ ကော်မတီ က ကျပ်ငွေ သိန်းပေါင်း နှစ်သောင်း ကျော် ဒဏ်ရိုက် လိုက်ပါတယ်။

လူနေ တိုက်ခန်းတွေ၊ ဈေးဆိုင် နေရာ တွေ နဲ့ ရုံးခန်းတွေ ပါဝင်မယ့် ဆူးလေ စကွဲ အဆောက်အဦ ကို ၂၂ ထပ် ဆောက်လုပ်ဖို့ ခွင့်ပြုချက် ယူပြီး ၂၄ ထပ် ဆောက်လုပ် ထားတဲ့ အတွက် အခုလို ဒဏ်ရိုက် ခံ ခဲ့ရတာ ပါ။

ပို ဆောက်သမျှ စတုန်းရန်း တစ်ပေ ပတ်လည် ကို ငွေကျပ် တစ်သောင်းခွဲ နဲ့ မြှောက်ပြီး ဒဏ်ရိုက် တာ ဖြစ်တယ်လို့ ရန်ကုန် စည်ပင် ရဲ့ အဆောက်အဦ ဌာန က ဘီဘီစီ ကို ပြောပါတယ်။

အခု ဒဏ်ရိုက် လိုက်တဲ့ ပမာဏ ဟာ စည်ပင်သာယာ က အရေးယူ ဖူးသမျှ တွေ ထဲ အပြင်းထန်ဆုံး ငွေဒဏ် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အခုနှစ်ကုန် ပိုင်း ဆိုရင် ဖွင့်လှစ် တော့မယ့် အဲဒီ့ အထပ်မြင့် အဆောက်အဦ မှာ ပိုနေတဲ့ အထပ်တွေ ကို ပြန် ဖျက်ခိုင်း တာမျိုး လုပ်မှာ မဟုတ်ပေမယ့် တချို့ နေရာ တွေမှာ ဒီဇိုင်းပိုင်း ဆိုင်ရာ ပြန်လည် ပြင်ဆင်ဖို့ ရန်ကုန် မြို့တော် စည်ပင် က အမိန့် ထုတ် ထားပါတယ်။

BBC Burmese

Sunday, September 25, 2016

အဲယားကွန်း တပ်ဆင်ပြေးဆွဲရန် ခွင့်ပြုချက် မရသေးသော ယာဉ်လိုင်းများ ရှိဟုဆို


ရန်ကုန်၊ စက်တင်ဘာ ၂၄

အဲယားကွန်း တပ်ဆင်ပြေးဆွဲရန် လျှောက်ထားချက်ကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီး ခွင့်ပြုချက် မရသေးဘဲ ပြေးဆွဲသည့် ယာဉ်လိုင်းများ ရှိနေကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်​။ 

“ခရီးသည်တွေအတွက် ဝန်ဆောင်မှု ကောင်းအောင် လုပ်တာ ကြိုဆိုပါတယ်။ သို့သော် ခွင့်ပြုချက်နဲ့ လုပ်တာဆို ပိုကောင်းတာပေါ့။ ပြေးဆွဲနေတယ် ဆိုတာကို ပြည်သူ တိုင်ကြားမှုရှိလို့ သိရတယ်။ ကျူးလွန်တဲ့ ယာဉ်လိုင်းကို အရေးယူလိုက်ပါပြီ”ဟု မထသ(ဗဟို)ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။ 

ယာဉ်၏ မျက်နှာစာတွင် အဲယားကွန်း ဘတ်စ်ကားဟူ၍ တပ်ဆင်ထားပြီး တားမြစ်ခြင်း၊ ခွင့်ပြုခြင်းကို မထသ (ဗဟို) ကော်မတီမှ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ တိုင်း အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ပြေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ပြည်သူ တိုင်ကြားတာက ယာဉ် စီးခ ပိုတောင်းတာကို တိုင်တာပါ။ ကျန်တာတော့ တားမြစ်ချက်ကို ဖောက်ဖျက်မှုနဲ့ပဲ အစိုးရအဖွဲ့က အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

စက်တင်ဘာလ ၂၁ ရက်က အဲယားကွန်း ပြောင်းလဲ တပ်ဆင်ပြေးဆွဲရန် တိုင်း အစိုးရအဖွဲ့ထံ တင်ပြထားသည့် ယာဉ်လိုင်းမှာ ၃၄ ယာဉ်ကြီး၊ ၃၁ ယာဉ်ကြီး၊ ၅၇ ယာဉ်ကြီး၊ ၄၅ ယာဉ်ကြီး၊ ၃၆ မီနီဘတ်စ် ယာဉ်တို့ ဖြစ်ပြီး ၃၁ ယာဉ်လိုင်း၊ ၃၄ ယာဉ်လိုင်းတို့သည် ယာဉ်စီးခ ပိုတောင်းမှုဖြင့် တိုင်ကြား ခံထားရကြောင်း မထသ (ဗဟို) ကော်မတီထံမှ သိရသည်။ 

“တင်ပြထားတဲ့ ယာဉ်လိုင်းက ကား အားလုံး အဲယားကွန်း တပ်ဆင် ပြေးဆွဲမှာ မဟုတ်ဘူး။ တချို့ကိုပဲ တပ်ဆင်မယ် ပြောတယ်။ ဒါဆိုရင် ယာဉ်စီးခ ကောက်ခံမှု ရိုးရိုးကားတွေဘက်က ရောထွေး ကောက်ခံမှုတွေ ရှိလာနိုင်တယ်။ စနစ်တကျ ပြေးဆွဲမှသာ အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်”ဟု ဦးလှအောင်က ဆိုသည်။ 

တစ်မှတ်တိုင်လျှင် ကျပ် ၁ဝဝ ကောက်ခံနေရာမှ အဲယားကွန်း တပ်ဆင် ပြေးဆွဲသည်ဟုဆိုကာ ကျပ် ၂ဝဝ တိုးမြှင့် ကောက်ခံပြီး ဂိတ်ဆုံးစီးလျှင် ကျပ် ၃ဝဝ တိုးမြှင့် ပေးဆောင်ရကြောင်း ခွင့်ပြုချက် ရရှိခြင်း မရှိဘဲ အဲယားကွန်း တပ်ဆင် ပြေးဆွဲသည့် ၅၇ ယာဉ်လိုင်းကို စီးနင်းခဲ့သူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

Tuesday, August 30, 2016

ဗဟန်း လူသတ်မှု ကျူးလွန်သူ မော်လမြိုင်မှာ ဖမ်းမိ

ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား မော်လမြိုင်မြို့နယ်၊ ဒိုင်းဝန်ကွင်း 
နယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိရန်ကုန်၊ သြဂုတ် ၃၀

၂၉.၈.၂၀၁၆ ရက်နေ့ ၀၁၃၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၅၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်အား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြည်သူများတွေ့ရှိပါက ကူညီသတင်းပေးနိုင်ရေးအတွက် အသိပေးဖော်ပြခဲ့ပါသည်။


ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၉.၈.၂၀၁၆ ရက်နေ့ ၂၁၃၀ အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်စဉ်ဒိုင်းဝန်ကွင်းမီးပွိုင့်အနီး၌ Yangon Police Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသော ပြစ်မှုကျူးလွန်သူ၏ဓါတ်ပုံနှင့် ပုံသဏ္ဍန်တူညီသူ အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ရာ ၎င်းသည် ၂၉.၈.၂၀၁၆ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်(ခ) ဇင်ဗိုလ်ဖြစ်ကြောင်း၊ အဆိုပါအမှုအား ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

ယင်းသို့ ဖမ်းဆီးရမိသူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်အား ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွား ရောက်ခေါ်ဆောင်လျက်ရှိပြီး အမှုဖြင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူအား အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိရေး ကူညီဆောင်ရွက်ပေးခဲ့သော ပြည်သူများနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။


ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူအား တရားရုံးတွင် စွပ်စွဲခံရသူအဖြစ် တရားစွဲဆိုတင်ပို့ပြီး သက်သေအထောက်အထားခိုင်လုံ၍ တရားရုံးမှ ပြစ်ဒဏ်စီရင်ချက်ချပြီးမှသာ တရားခံဟုသတ်မှတ်၍ စွပ်စွဲခံရသူအဖြစ်ရှိစဉ် ဓါတ်ပုံအား မျက်လုံးအား ဖုံးအုပ်ထားခြင်းဖြစ်ပြီး တရားခံဟုသတ်မှတ်ပြီးပါက မူလဓါတ်ပုံအတိုင်းဖော်ပြခြင်းဖြစ်ပါသည်။

Yangon Police

ရန်ကုန်မြေအောက်ရထားလမ်း စီမံကိန်း အကောင်အထည် ဖော်နိုင်မည် ဆိုပါက ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မည်



Posted: August 30, 2016

ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း စီမံကိန်းကို အကောင်ထည်ဖော်နိုင်မည်ဆိုပါက ယာဉ်ကြောကျပ်တည်း မှုကို ဖြေရှင်းလာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

 

“ကျွန်တော်တို့ ရန်ကုန်က လူနေထူထပ်တယ်၊ တိုက်တွေများလာတယ်၊ ပြီးတော့ ကားကျပ်၊ လမ်းကျပ်တာတွေ လည်းဖြစ်တယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ မြေအောက်စနစ်တွေ လိုတယ်။ ကားပါကင်ကို မြေအောက်မှာထားတာတွေ၊ မြေအောက်ရထားလမ်းကို ဖော်ဆောင်နိုင်ရင် ဖြေရှင်းနိုင်မယ်။ အစိုးရရဲ့ အထောက်အပံ့တွေတော့ လိုအပ်တယ်။ ရန်ကုန်မှာလုပ်လို့ရတဲ့ အနေအထားရှိတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဗဟိုကော်မတီဝင် ဦးလှဘော်ကပြောသည်။

 

ရန်ကုန်တွင် မြေအောက်ရထားလမ်း၊ ကားလမ်းစနစ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ထိုင်း၊ စင်ကာပူမှ ပညာရှင်များဖြင့် ဆွေးနွေးပွဲတစ်ခုကိုလည်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တစ်ယောက်တည်း အမြင်က မြေအောက်ရထားလမ်း စနစ်ပါ။ ပြည်လမ်းကနေ မြို့ထဲအထိ နေရာစုံ မှာ ကားပါကင်စနစ် ပါဝင်ဖို့လုပ်နေတယ်။ ဒါကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေတယ်။ ဒီစီမံကိန်းက အောင်မြင်ရင် လမ်းပိတ်တာလည်း အဆင်ပြေမယ်။ လူတွေလည်း လမ်းပေါ် အချိန်မကုန်တော့ဘူး”ဟု Seafco Myanmar ကုမ္ပဏီလီမီတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဇော်အေးကပြောသည်။

 

ရန်ကုန်တွင် မြေအောက်ရထားလမ်း တည်ဆောက်နိုင်သည့် အနေအထားရှိသော်လည်း လုပ်ဆောင်ရန်အတွက် နည်းပညာပိုင်းနှင့် ငွေကြေးအခက်အခဲ ရှိနေခြင်းဖြစ်ပြီး မြေအောက်ရထားလမ်း လုပ်ဆောင်ရန် တစ်ကီလိုမီတာလျှင် အမေရိကန်ဒေါ်လာ သန်း(၁၀၀)ကုန်ကျနိုင်ကြောင်း သိရသည်။

 

“သူလုပ်မယ့် စီမံကိန်းက ကောင်းတယ်။ ဒါပေမဲ့ ချိတ်ဆက်မယ့် လမ်းကြောင်းတွေပေါ့၊ ရထားတစ်ခုတည်းမဟုတ်ဘူး။ ကားလမ်း၊ ရေကြောင်းလမ်းတွေ ချိတ်ဆက်နိုင်ရင် ပိုကောင်းပါမယ်။ အစိုးရပံ့ပိုးမှုကတော့ လိုအပ်တာပေါ့” ဟု မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အတွင်းရေးမှူး ဦးအေးလွင်ကပြောသည်။

 

လက်ရှိရန်ကုန်တွင် မြေအောက်ရထားလမ်း ဖော်ဆောင်ပါက မြေပြိုမှု၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်မည်ကို စိုးရိမ်သည့် ပြည်သူများရှိနေသဖြင့် အသိပညာပေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းထံမှ သိရသည်။

 

MMK

The Ladies News

Water Taxi ကို ရွှေပြည်သာမှ ပုဇွန်တောင်ထိ ပြေးဆွဲမည်ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၈

ယာဉ်ကြော ကျပ်တည်းမှုများကို လျှော့ချနိုင်ရန် ကြိုးစားသည့်အနေနှင့် Water Taxi ကို ရွှေပြည်သာမှ ပုဇွန်တောင်မြို့နယ်အထိ ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

အဆိုပါ Water Taxi ပြေးဆွဲနိုင်ရန် အများပိုင် ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့် ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

"လှိုင်မြစ်က သွားလို့ရတယ်။ ငမိုးရိပ်ချောင်းက ရေနည်းနည်း တိမ်တဲ့အတွက် အပေါ့စားလှေနဲ့ သွားဖို့ရှိတယ်။ ပြည်တွင်းလုပ်ငန်းနဲ့ ဖက်စပ်လုပ်ငန်းတွေကို စက်တင်ဘာထဲမှာ တင်ဒါခေါ်ဖို့ ရှိပါတယ်။ မကြာခင်မှာ ဆိပ်ကမ်းတွေကို ပြင်ဆင်သွားဖို့ လုပ်မှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

အဆိုပါ Water Taxi ၏ လမ်းကြောင်းမှာ ရွှေပြည်သာ၊ လှိုင်သာယာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး မှတ်တိုင်သုံးခု ထားရှိမည်ဖြစ်ကာ ယင်းနေရာများမှ ဘတ်စ်ကားများနှင့် ချိတ်ဆက်နိုင်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"Water Taxi က ရန်ကုန်မြို့ရဲ့လူထုနဲ့ သိပ်တော့ မရင်းနှီးသေးပါဘူး။တကယ် အောင်မြင်မယ်ဆိုရင်တော့ ယာဉ်ကြောကျပ်တည်းမှုကို အထိုက်အလျောက် ပြေလည်သွားစေနိုင်ပါတယ်"ဟု ယာဉ် ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးတရုတ်လေးက ပြောဆိုသည်။

လက်ရှိရန်ကုန်မြို့တော်၏ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူ 

ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကို ဇူလိုင်လ ၁၈ ရက်က ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာလအတွင်း လက်ရှိ ခရီး သည်တင်ယာဉ်များကို ထိန်းချုပ်ထားသည့် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို)ကော်မတီကို ဖျက်သိမ်း၍ အဆိုပါအဖွဲ့က တာဝန်ယူ လုပ်ဆောင်တော့မည် ဖြစ်သည်။

ရန်ကုန်မြေအောက်ရထားလမ်း စီမံကိန်း အကောင်အထည် ဖော်နိုင်မည် ဆိုပါက ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မည်



Posted: August 30, 2016

ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း စီမံကိန်းကို အကောင်ထည်ဖော်နိုင်မည်ဆိုပါက ယာဉ်ကြောကျပ်တည်း မှုကို ဖြေရှင်းလာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

 

“ကျွန်တော်တို့ ရန်ကုန်က လူနေထူထပ်တယ်၊ တိုက်တွေများလာတယ်၊ ပြီးတော့ ကားကျပ်၊ လမ်းကျပ်တာတွေ လည်းဖြစ်တယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ မြေအောက်စနစ်တွေ လိုတယ်။ ကားပါကင်ကို မြေအောက်မှာထားတာတွေ၊ မြေအောက်ရထားလမ်းကို ဖော်ဆောင်နိုင်ရင် ဖြေရှင်းနိုင်မယ်။ အစိုးရရဲ့ အထောက်အပံ့တွေတော့ လိုအပ်တယ်။ ရန်ကုန်မှာလုပ်လို့ရတဲ့ အနေအထားရှိတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဗဟိုကော်မတီဝင် ဦးလှဘော်ကပြောသည်။

 

ရန်ကုန်တွင် မြေအောက်ရထားလမ်း၊ ကားလမ်းစနစ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ထိုင်း၊ စင်ကာပူမှ ပညာရှင်များဖြင့် ဆွေးနွေးပွဲတစ်ခုကိုလည်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တစ်ယောက်တည်း အမြင်က မြေအောက်ရထားလမ်း စနစ်ပါ။ ပြည်လမ်းကနေ မြို့ထဲအထိ နေရာစုံ မှာ ကားပါကင်စနစ် ပါဝင်ဖို့လုပ်နေတယ်။ ဒါကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေတယ်။ ဒီစီမံကိန်းက အောင်မြင်ရင် လမ်းပိတ်တာလည်း အဆင်ပြေမယ်။ လူတွေလည်း လမ်းပေါ် အချိန်မကုန်တော့ဘူး”ဟု Seafco Myanmar ကုမ္ပဏီလီမီတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဇော်အေးကပြောသည်။

 

ရန်ကုန်တွင် မြေအောက်ရထားလမ်း တည်ဆောက်နိုင်သည့် အနေအထားရှိသော်လည်း လုပ်ဆောင်ရန်အတွက် နည်းပညာပိုင်းနှင့် ငွေကြေးအခက်အခဲ ရှိနေခြင်းဖြစ်ပြီး မြေအောက်ရထားလမ်း လုပ်ဆောင်ရန် တစ်ကီလိုမီတာလျှင် အမေရိကန်ဒေါ်လာ သန်း(၁၀၀)ကုန်ကျနိုင်ကြောင်း သိရသည်။

 

“သူလုပ်မယ့် စီမံကိန်းက ကောင်းတယ်။ ဒါပေမဲ့ ချိတ်ဆက်မယ့် လမ်းကြောင်းတွေပေါ့၊ ရထားတစ်ခုတည်းမဟုတ်ဘူး။ ကားလမ်း၊ ရေကြောင်းလမ်းတွေ ချိတ်ဆက်နိုင်ရင် ပိုကောင်းပါမယ်။ အစိုးရပံ့ပိုးမှုကတော့ လိုအပ်တာပေါ့” ဟု မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အတွင်းရေးမှူး ဦးအေးလွင်ကပြောသည်။

 

လက်ရှိရန်ကုန်တွင် မြေအောက်ရထားလမ်း ဖော်ဆောင်ပါက မြေပြိုမှု၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်မည်ကို စိုးရိမ်သည့် ပြည်သူများရှိနေသဖြင့် အသိပညာပေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းထံမှ သိရသည်။

 

MMK

The Ladies News