Sunday, September 25, 2016

အဲယားကွန်း တပ်ဆင်ပြေးဆွဲရန် ခွင့်ပြုချက် မရသေးသော ယာဉ်လိုင်းများ ရှိဟုဆို


ရန်ကုန်၊ စက်တင်ဘာ ၂၄

အဲယားကွန်း တပ်ဆင်ပြေးဆွဲရန် လျှောက်ထားချက်ကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီး ခွင့်ပြုချက် မရသေးဘဲ ပြေးဆွဲသည့် ယာဉ်လိုင်းများ ရှိနေကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်​။ 

“ခရီးသည်တွေအတွက် ဝန်ဆောင်မှု ကောင်းအောင် လုပ်တာ ကြိုဆိုပါတယ်။ သို့သော် ခွင့်ပြုချက်နဲ့ လုပ်တာဆို ပိုကောင်းတာပေါ့။ ပြေးဆွဲနေတယ် ဆိုတာကို ပြည်သူ တိုင်ကြားမှုရှိလို့ သိရတယ်။ ကျူးလွန်တဲ့ ယာဉ်လိုင်းကို အရေးယူလိုက်ပါပြီ”ဟု မထသ(ဗဟို)ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။ 

ယာဉ်၏ မျက်နှာစာတွင် အဲယားကွန်း ဘတ်စ်ကားဟူ၍ တပ်ဆင်ထားပြီး တားမြစ်ခြင်း၊ ခွင့်ပြုခြင်းကို မထသ (ဗဟို) ကော်မတီမှ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ တိုင်း အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ပြေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ပြည်သူ တိုင်ကြားတာက ယာဉ် စီးခ ပိုတောင်းတာကို တိုင်တာပါ။ ကျန်တာတော့ တားမြစ်ချက်ကို ဖောက်ဖျက်မှုနဲ့ပဲ အစိုးရအဖွဲ့က အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

စက်တင်ဘာလ ၂၁ ရက်က အဲယားကွန်း ပြောင်းလဲ တပ်ဆင်ပြေးဆွဲရန် တိုင်း အစိုးရအဖွဲ့ထံ တင်ပြထားသည့် ယာဉ်လိုင်းမှာ ၃၄ ယာဉ်ကြီး၊ ၃၁ ယာဉ်ကြီး၊ ၅၇ ယာဉ်ကြီး၊ ၄၅ ယာဉ်ကြီး၊ ၃၆ မီနီဘတ်စ် ယာဉ်တို့ ဖြစ်ပြီး ၃၁ ယာဉ်လိုင်း၊ ၃၄ ယာဉ်လိုင်းတို့သည် ယာဉ်စီးခ ပိုတောင်းမှုဖြင့် တိုင်ကြား ခံထားရကြောင်း မထသ (ဗဟို) ကော်မတီထံမှ သိရသည်။ 

“တင်ပြထားတဲ့ ယာဉ်လိုင်းက ကား အားလုံး အဲယားကွန်း တပ်ဆင် ပြေးဆွဲမှာ မဟုတ်ဘူး။ တချို့ကိုပဲ တပ်ဆင်မယ် ပြောတယ်။ ဒါဆိုရင် ယာဉ်စီးခ ကောက်ခံမှု ရိုးရိုးကားတွေဘက်က ရောထွေး ကောက်ခံမှုတွေ ရှိလာနိုင်တယ်။ စနစ်တကျ ပြေးဆွဲမှသာ အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်”ဟု ဦးလှအောင်က ဆိုသည်။ 

တစ်မှတ်တိုင်လျှင် ကျပ် ၁ဝဝ ကောက်ခံနေရာမှ အဲယားကွန်း တပ်ဆင် ပြေးဆွဲသည်ဟုဆိုကာ ကျပ် ၂ဝဝ တိုးမြှင့် ကောက်ခံပြီး ဂိတ်ဆုံးစီးလျှင် ကျပ် ၃ဝဝ တိုးမြှင့် ပေးဆောင်ရကြောင်း ခွင့်ပြုချက် ရရှိခြင်း မရှိဘဲ အဲယားကွန်း တပ်ဆင် ပြေးဆွဲသည့် ၅၇ ယာဉ်လိုင်းကို စီးနင်းခဲ့သူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

No comments: