Thursday, September 29, 2016

စစ်ဆေးဖမ်းဆီးထားသည့် စည်းကမ်းပျက်ယာဉ်များကို ပြစ်ဒဏ်နှစ်ဆဖြင့် အရေးယူ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ယာဉ်ကြောရှင်းလင်း ဖမ်းဆီးရေး စီမံချက်ဖြင့် စည်းကမ်းဖောက်သည့် ယာဉ်များကို စစ်ဆေး ဖမ်းဆီးရာတွင် ထိရောက် သည့် ပြစ်ဒဏ် သတ်မှတ်သည့်အနေနှင့် ယခင်ထက် ပြစ်ဒဏ်နှစ်ဆတိုး အရေးယူကြောင်း ရန်ကုန်တိုင်းဒေသကြီး အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

"စစ်ဆေး တွေ့ရှိထားတဲ့ အစီးရေကို စာရင်းမချုပ်ရသေးဘူး၊ ဒီစည်းကမ်းပျက်တဲ့ ယာဉ်တွေကို အရင်ဒဏ်ကြေး သုံးသောင်းဆိုရင် ပြစ်ဒဏ်နှစ်ဆ သတ်မှတ်ပြီး ခြောက်သောင်း အရေးယူမှာ ဖြစ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ယာဉ်ကြောရှင်းလင်း ဖမ်းဆီးမည့် နေရာမှာ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဝေဇယန္တာလမ်း၊ ရွှေဂုံတိုင်လမ်း၊ အင်းစိန်လမ်း၊ အထက်ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ ပါရမီလမ်း၊ အလုံလမ်း၊ လှည်းတန်းလမ်း၊ ပြည်တောင်စုရိပ်သာလမ်း တို့ဖြစ်ပြီး လက်ရှိတွင် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းကို စစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

"နေရာက မပြောင်းသေးဘူး။ နောက်ထပ် နေရာပြောင်းဖို့အတွက် ဒီနေ့မှ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်မယ်" ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၁ ရက်မှ စတင်ကာ စီမံချက်ရက် သတ်မှတ်ခဲ့ပြီး ဌာနခုနစ်ဖွဲ့ဖြင့် ပူးပေါင်းကာ ယာဉ်ကြောရှင်းလင်း ဖမ်းဆီးရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူ လိုက်နာမှုရှိမှသာ နေရာပြောင်းရွေ့မည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

"ရှိတဲ့ လူအင်အားနဲ့ နှစ်လမ်း၊ သုံးလမ်းလောက်ကိုပဲ စစ်ဆေးတာ ဖြစ်တယ်။အဲ့ဒီနေရာက ပြည်သူတွေ လိုက်နာမှု မရှိသေးဘူးဆိုရင် စစ်ဆေးရေးအဖွဲ့ကို ဆက်ထားမယ်။ လိုက်နာမှု ရှိပြီဆိုရင် ယာဉ်ကြောပိတ်ဆို့တဲ့ နေရာကို ကြည့်ပြီး နေရာပြောင်းမယ်" ဟု ၎င်းက ဆိုသည်။

လမ်းကြောင်းပြောင်းပြန် မောင်းနှင်ခြင်း၊ အရှိန်ပြင်း မောင်းနှင်ခြင်း၊ ယာဉ်မရပ်ရ နေရာတွင် ရပ်ခြင်း၊ ယာဉ်နှစ်ထပ် ရပ်ခြင်းများကို စစ်ဆေးပြီး  စည်းကမ်းပျက် ယာဉ်များကို ကရိန်းဖြင့်ဆွဲကြောင်း  ၎င်းက ပြောကြားသည်။

စီမံချက် စတင်သည့် စက်တင်ဘာလ ၁ ရက်မှ စတင်ပြီး ပထမအပတ်တွင် စည်းကမ်းပျက်ယာဉ် တစ်ထောင်ကျော်၊ ဒုတိယအပတ်တွင် စည်းကမ်းပျက်ယာဉ် ၉၀၀ကျော်နှင့် တတိယအပတ်တွင် ၈၀၀ ကျော် ဖမ်းဆီးရမိကြောင်း၊ လက်ရှိတွင် စစ်ဆေးဖမ်းမိသည့် ယာဉ် သုံးထောင်ကျော် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

No comments: