Showing posts with label အိုဘားမားကိုမျော် ပျော်ကြသူများ. Show all posts
Showing posts with label အိုဘားမားကိုမျော် ပျော်ကြသူများ. Show all posts

Saturday, October 8, 2016

မြန်မာ စစ်အုပ်စုအကုန်လုံးအား အမေရိကန်က ဆန်ရှင် ဖွင့်ပေးလိုက်ပြီ

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ဒဏ်ခတ်ပိတ်ဆို့ထားသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင်  လူပုဂ္ဂိုလ်၊ ကုမ္ပဏီများ အားလုံးအား ဒဏ်ခတ်မှုမှ ဖြေလျှော့ပေးသည့် အမိန့်အား အောက်တိုဘာ ၇ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြမှုအရ ဆန်ရှင်ပြန်ဖွင့်ပေးသည့် သမ္မတအိုဘားမား၏ အမိန့်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိဒုတိယသမ္မတဖြစ်သူ ဦးမြင့်ဆွေ၊ သီဟသူရ တင်အောင်မြင့်ဦးတို့လည်း အပါအဝင်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Htoo Trading Company Limited မှ ဦးတေဇ၊ ဦးပြည့်ဖြိုးတေဇ၊ ယုဇနဦးဌေးမြင့်၊ ဇေကမ္ဘာဦးခင်ရွှေနှင့် Asia World Co.LTD မှ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင် တို့လည်း ပါဝင်သည်။

ထိုပြင် စစ်ဗိုလ်ချုပ်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ ဒဏ်ခတ်ပိတ်ဆို့စာရင်းဝင် ၎င်းတို့၏ ဇနီးသားသမီးများလည်း ကင်းလွတ်ခွင့် ရသည်။ ကုမ္ပဏီအုပ်စုများကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်အား အိုဘားမား၏ လက်မှတ်ရေးထိုးမှုတွင် အပါအဝင်ပင်ဖြစ်သည်။

အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နောက်ပိုင်း ၁၉ နှစ်ကြာ ဒဏ်ခတ်ပိတ်ဆို့မှုအား ယခုကဲ့သို့ ဖြေလျှော့လာခြင်းဖြစ်သည်။

“မြန်မာနိုင်ငံက ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရေး ကျွန်တော်အနေနဲ့ သံန္ဒိဌာန်ချထားပါတယ်။”ဟု လွှတ်တော်ဥက္ကဌများထံ ပေးပို့သည့် စာတွင် အိုဘားမားက ရေးသားထားသည်။

“မြန်မာနိုင်ငံက ဒီမိုကရေစီ ခိုင်မာစေရေး အပါအဝင် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေကို ဒီလိုစိန်ခေါ်မှုတွေမှာ ဖြေရှင်းနိုင်ရေး အထောက်အကူပေးသွားရမှာဖြစ်တယ်။”ဟုလည်း အိုဘားမားက ရေးသားထားသည်။

သမ္မတအိုဘားမား၏ လက်မှတ်ထိုးသည့် အမိန့်အရ နိုင်ငံခြားပိုင်ဆိုင်မှုအာမခံများ ထိန်းချုပ်ရေးမူဝါဒအားဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုသည်   ရေရှည်အသက်ဝင်တော့မည် မဟုတ်ကြောင်း  အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာသည်။

ပြီးခဲ့သည့်လအတွင်း အိမ်ဖြူတော်ရှိ သမ္မတဘားရတ်အိုဘားမား၏ ဘဲဥပုံရုံးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ပြီးနောက် သမ္မတအိုဘားမားက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုအလည်အပတ်ရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ စီးပွားရေးကို အထိနာစေသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် တောင်းဆိုပြီး အမေရိကန်အနေဖြင့်   မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်ပြီး အကျိုးအမြတ်များ ဖော်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Tags: 

မြန်မာပြည်အပေါ် ပိတ်ဆို့မှုအားလုံး အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းလိုက်ပြီ


 



မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတ အိုဘားမားက ရုပ်သိမ်းလိုက်ပါပြီ။

အမေရိကန်လွှတ်တော်ကို သောကြာနေ့- မနေ့ကပို့လိုက်တဲ့ အကြောင်းကြားစာမှာ သမ္မတအိုဘားမားက... မြန်မာပြည်မှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှုတွေကြောင့် ပိတ်ဆို့မှုတွေကိုရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားပါတယ်။

သမ္မတအိုဘားမားရဲ့ အမိန့်အရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် နောက်ဆက်တွဲအဖြစ် အမေရိကန်ဘဏ္ဏာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပစ်မှတ်ထားပိတ်ဆို့ထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဦးတေဇ၊ ယုဇနဦးဌေးမြင့်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဦးအောင်သက်မန်း၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် အပါအဝင် ပိတ်ဆို့ခံထားရသူတွေနဲ့ သူတို့ရဲ့ကုမ္ပဏီတွေ အားလုံးကို SDN စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

သမ္မတအိုဘားမားက အိမ်ဖြူတော်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့လ လာရောက်စဉ်က မြန်မာပြည်အပေါ်ပိတ်ဆို့မှုတွေကို အမြန်ဆုံးရုပ်သိမ်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အခုကြေညာချက် ထွက်လာတာဖြစ်ပါတယ်။

ပိတ်ဆို့မှုတွေကို အခုလိုရုပ်သိမ်းလိုက်ခြင်းဟာ မြန်မာပြည်သူတွေ စီးပွားရေးပိုမိုတိုးတက်အောင် ကြံဆောင်နိုင်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းသစ်တရပ်နဲ့ အသိအမှတ်ပြု ဆုချီးမြှင့်တာ ဖြစ်ပါတယ်လို့လည်း သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။

RFA Burmese

Friday, November 14, 2014

အိုဘားမားကိုမျော် ပျော်ကြသူများ

အမေရိကန်သမ္မတ အိုဘားမာ မြန်မာပြည်လာမည်ဆိုသည့် အသံကြားရုံနှင့် အကုန်လုံး
ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။အစိုးရအဖွဲ့တွင်း လွတ်တော်တွင်းနှင့် အတိုက်အခံနိုင်ငံရေး သမားများ မီဒီယာသမားများ ပါမကျန် အကုန်လုံး ပျော်သူပျော် ပြင်သူပြင်သူပြင်နှင့် အလှုပ်တွေ ရှုပ်ကုန်ကြသည်။

လွတ်တော်တွင်းမှာလည်း မလာခင်က ကြိုရောက်နှင့်သည့် ဘလက်လစ်စာရင်း ကိစ္စနှင့် ပါတ်သတ်ပြီး အဆိုတွေတင်သွင်းကြ ဝိုင်းဝန်းကန့်ကွက်ကြနှင့် အလှုပ်ရှုပ်ကြသည်။လွတ်တော်မှာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဆိုရပေမည်။အာဏာရပါတီရော အတိုက်အခံတွေကပါ ညီညွှတ်ညွှတ် ကန့်ကွက်ကြသည်။

အမြဲရန်ဖြစ်တက်သည့် မောင်ရာဇာတို့လင်မယား ကြီးတော်ကြီး လက်ဆောင်တွေနှင့်အလည်လာမှာမို့ ခဏအပစ်အခတ်ရပ်စဲကာ တည့်ချင်ယောင်ဆောင်သည့် သဘောဖြစ်လိမ့်မည်ထင်သည်။
ကြီးတော်ကြီး ပြန်သွားမှ လက်ဆောင်ပစ္စည်းခွဲရင်း ရန်ပြန်ဖြစ်တက်ကြသည်။အဲလိုများ ဖြစ်လေမည်
လားတော့ မပြောတက်။ဘာပဲပြောပြော လောလောဆယ် ညီညွှတ်နေကြတာတော့ အပြောင်းအလဲ အသစ်တစ်ခုပင် ဖြစ်သည်။လွတ်တော်မှာတင် မဟုတ် စည်ပင်တွေလည်း ပလက်ဖောင်းတို့ကို ဆေးအသစ်သုတ်ကာ ပြောင်းလဲကြသည်။

အစိုးရအဖွဲကတော့ ပျော်ကြမည်ထင်သည်။ဒီတစ်ခေါက် စီးပွားရေးပိတ်ဆို့မှု့ တွေလျော့သွားအုံးမှာလား ပိုက်ဆံတွေချေးသွား အုံးမည်လား စသည့်မျော်လင်ချက်များနှင့် အစိုးရအဖွဲ့တင်မဟုတ် လုပ်ငန်းရှင် သူဋ္ဌေး ကြီးများပါ မျော်ကြပျော်ကြ ကုန်ရော့မည်။

ထို့အတူ ဟိုအရေး ဒီအရေးသမားများလည်း ဆိုင်းပုဒ်တွေ တီရှပ်တွေ ပြင်ကုန်ကြသည်။အိုဘာမား ခရီးမှာ နိုင်ငံတစ်ကာ မီဒီယာများစွာပါလာမည် ဆိုတော့ သူတို့လည်း ဟိုအရေးဒီအရေးတို့
နိုင်ငံတစ်ကာသိအောင် တောင်းဆိုကြမည်ထင်သည်။

မီဒီယာသမား များကတော့ ကင်မယာတစ်ပြင်ပြင်နှင့် ခေါင်းကြီးသတင်းရနိုင်ရန် သူထက်ငါ တိုးဝှေ့နေရာယူကြသည်။သူတို့လဲ ဒီရက်ပိုင်း ဆန္ဒပြပွဲ ပေါပေါများများ မရှိတော့ သတင်းရှားပါးကြ၍ ဖြစ်မည်။သေချာတာကတော့ အိုးဘားမားပုံနှင့် သတင်းဆောင်းပါးတို့ပါသော ဂျာနယ် သတင်းစာတို့ ရောင်းကောင်းကြသည်။အိုဘားမား ဘာတွေယူလာမလဲ ဘာတွေသယ်လာမလဲ ဆိုပြီး နိုင်ငံရေးသမားများကလည်း စိတ်ဝင်တစ်စားရှိကြသည်။

အိုဘားမား ဘာတွေယူဆောင်လာမလဲ ဆိုတာတော့မသိ သူစီးမည့်ကားကိုတော့ အသေအချာ
လေယာဉ်နှင့် သယ်လာသည်။လုံခြုံရေးအတွက်လည်း လူ၃၀၀၀ ခေါ်လာသည်။တိုက်လေယာဉ်တွေ စစ်သဘောင်္တွေလည်း ခေါ်လာသည်။သူအမြင် မြန်မာပြည်က အတော်မလုံမခြုံ ဖြစ်နေသည်ထင်သည်။
ပိုက်ဆံတွေ အတော်ကုန်လိမ့်မည်။ဒါကြောင့် သူပြည်ပခရီးတစ်ခါထွက်ရင် နိုင်ငံအခွန်ငွေတွေ အတော်ကုန်မည်။ဒီလောက်လူတွေနှင့် ဒီလိုလက်နက်ပစ္စည်းတွေ ကို မိုင်းပေါင်း
သောင်းကျော် ခရီးတွင် သယ်လာသည်။တကယ့်နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေလဲ လာကြမည်ဆိုတော့ တမင်ကြွားတာလဲ ဖြစ်နိုင်သည်။

ဒါမျိုးကြတော့ ကျုပ်တို့ မြန်မာသမ္မတကြီးက ကြွားခြင်းဝါခြင်း မရှိ။ဘယ်နိုင်ငံသွားသွား နောက်က ဝန်ကြီးလေးငါးခြောက်ယောက်နှင့် တွေ့တဲ့လေယာဉ် တိုးစီးသွားသည်။ရောက်တဲ့နိုင်ငံမှာလည်း
ရောက်မှန်းပင် မသိခပ်အေးအေး ခပ်ကုတ်ကုတ်ပင်။ဒါကြောင့် ကျုပ်တို့သမ္မတကြီး နိုင်ငံခြားခရီးသွားရင် သူများသမ္မတတွေလို လုံခြုံရေး စရိတ်တွေ ဘာတွေ သိပ်မကုန်လှ။ဒီအတွက် နိုင်ငံအခွန်ငွေတွေ သိပ်မကုန် ရောက်သည့်နိုင်ငံတွေမှာ ရသလောက် ပိုက်ဆံချေးလာလို့ အမြတ်ပင်ထွက်သေးသည်။

အတိုက်အခံ ပါတီတွေနှင့် နိုင်ငံရေးလှုပ်ရှားသူတွေကလည်း စာအိတ်တစ်ပြင်ပြင် ဖြစ်ကြသည်။
အိုဘားမားလာရင် အိတ်ဖွင့်တွေ အိတ်ပိတ်တွေ ပေးကြမည်ဖြစ်သည်။ကြီးတော်ကြီးလာရင် မုန့်ဘိုး ဆီးတောင်းတက်သော မောင်ရာဇာရဲ့ သားလိုပင် ဖြစ်လိမ့်မည်။အိမ်ကအဖေနဲ့ အမေတောင်းရင် အရိုက်ခံရမှာ စိုးသောကြောင့်ပင်။

မျိုးချစ် အဖွဲ့များလည်း ဆိုင်းပုဒ်တွေ အလံတွေ ကြိုပြင်ထားကြသည်။အိုဘားမား ရောက်ရင် လူ့အခွင့်အရေးအရ လူလူချင်း အမျိုးတော်ရမည်ဆိုကာ အမျိုးမတော်သူတွေနှင့် အတင်းအမျိုးစပ်ပေးရင် ကန့်ကွက်ဖို့ ဖြစ်သည်။

ရဲတွေလည်း အိုဘားမားလာမည်ဆိုတော့ အနားမရ။လုံခြုံရေးတွေ ကြိုတင်ပြင်ဆင်ကြရသည်။အိုဘာမား မခေါ်ခဲ့သည့် ဧည့်သည်တွေ ပါလာမှာစိုးသောကြောင့် ဧည့်စာရင်းတွေ စစ်ကြရာ ပြည်သူအများလည်း ကိုရီးယားကား ဖြောင့်ဖြောင့် မကြည့်ရ၍ ပူညံပူညံ ဖြစ်ကြသည်။ ရဲတွေကတော့ အရင်လို ခေါင်းပြားအောင် မအိပ်ရတော့။

ဒီလိုနှင့် အိုဘားမား မလာခင်တည်းက မြန်မာ တစ်ပြည်လုံး တစ်ရုံးရုံး တစ်ဝုန်းဝုန်းဖြစ်နေကြတော့သည်။

နိုဝင်ဘာ ၁၂ ရက်နေ့တွင်တော့ အားလုံးမျော်လင့် နေသော အမေရိကန်သမ္မတ အိုဘားမား အဲယားဖိုစ့်ဝမ်း စီးတော်ယာဉ်ကြီးနှင့် မြန်မာပြည်သို့ ရောက်လို့ လာခဲ့ချေပြီ။

မျော်နေ ပျော်နေ ပြင်နေကြသူ များတော့ မသိ မောင်ရာဇာကတော့ ရေးစရာ ကုန်ကြမ်း
ပြတ်နေခိုက် ရောက်လာသော အိုဘားမားအား အကြောင်းပြုကာ စာတစ်ပုဒ် ရေးရလို့ပျော်သည်။
သတင်းစာထဲမှာ ပါလို့ စာမူခလေး ရခဲ့ရင်ဖြင့် ပို့လို့ပင် ပျော်ဦး မည်ဖြစ်တော့သည်။

မောင်ရာဇာ