Showing posts with label တက္ကသိုလ်. Show all posts
Showing posts with label တက္ကသိုလ်. Show all posts

Sunday, October 2, 2016

အခြားဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ခံရသည့် တက္ကသိုလ် ပါမောက္ခများကို မိခင်ဌာနတွင် ပြန်လည်ခန့်ထားမည်

မန္တလေး၊ အောက်တိုဘာ ၁

ပညာရေး ဝန်ကြီးဌာနမှနေ၍ အခြားဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ခံခဲ့ ရသည့် တက္ကသိုလ်ပါမောက္ခ ၁၁ ဦးကို အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ပြန်လည်လက်ခံ ခန့်ထားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (မန္တလေး) ထံမှ သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၌ လက်ရှိအချိန်တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်းများ အနေနှင့် ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များ၌ အပြောင်းအရွှေ့များ ဆောင်ရွက်ချိန်တွင် ဆရာ၊ ဆရာမ လိုအပ်သော တက္ကသိုလ် ဒီဂရီကောလိပ်များတွင် လစာနှုန်းတူ ရာထူးဖြင့် ခန့်ထားမည်ဖြစ်ကြောင်း အထက်မြန်မာပြည်ရှိ တက္ကသိုလ်တစ်ခုမှ ဒုတိယပါမောက္ခတစ်ဦးက ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာနမှနေ၍ အခြားဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခံခဲ့ရသော်လည်း မိခင်ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် လက်ခံစဉ်းစားပေးမည်ဟု ကြားသိရ၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပညာရေး ဝန်ကြီးဌာန ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တို့ကို ကျေးဇူးတင်ကြောင်း ပညာရေး ဝန်ကြီးဌာနတွင် ပြန်လည်လျှောက်ထားရန် ပြင်ဆင်နေသည့် ပါမောက္ခတစ်ဦးက ဖြည့်စွက်ပြောဆိုသည်။

တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၏ စီမံအုပ်ချုပ်မှု အမှားများ၊ အဂတိလိုက်စားမှုများကို ဝေဖန်ထောက်ပြခဲ့သူများကို အငြိုးအတေးထား၍ ပြောင်းရွှေ့စေခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြောင်း အခြားဝန်ကြီးဌာနသို့ ၂ဝ၁၃ ခုနှစ်က ပြောင်းရွှေ့ခံခဲ့ရသူ ၎င်းက ပြောကြားသည်။

၂ဝ၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့မှ စ၍ တောင်ငူတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့မှ တက္ကသိုလ်ပါမောက္ခ ၁၁ ဦးကို အခြားဝန်ကြီးဌာနများတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့သည်။